spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လူငယ်တွေ ဖန်တီးထားတဲ့ ကရင်နီအကြောင်းပြောပြတဲ့ Lose and hope ရုပ်ရှင်

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က စစ်မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ lose and hope ရုပ်ရှင်ကို နိုင်ငံတချို့တွေမှာ ပြသနေတာ အခုဆိုရင် ၁၆ ကြိမ်မြောက်ရှိလာပြီဖြစ်ပါတယ်။

ဆုံးရှုံးခြင်းနှင့် မျှော်လင့်ခြင်း ( lose and hope ) ရုပ်ရှင်ဖန်တီးရာမှာ ဒါရိုက်တာအဖြစ်ပါဝင်ခဲ့တဲ့ ဂျွန်မီယာကတော့ ရုပ်ရှင်ရိုက်ကူးဖြစ်တဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပြပါတယ်။

“ဒီရုပ်ရှင်ကို ကြည့်လို့ရှိရင်ဆိုရင် ကျနော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ တိုက်ပွဲ အတွေ့အကြုံတွေ ကရင်ပြည်မှာရှိတဲ့ဟာတွေ ကရင်နီ ယဥ်ကျေးမှုတွေကိုလည်း သိရှိပေါ့နော် အများသိရှိရလိမ့်မယ်။ ဒါပေမယ့် ဒီမြေပြင်မှာ ကျနော်တို့ ရုပ်ရှင်မှာဖော်ပြထားတာထက် အများကြီး ခက်ခဲပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ ကျနော်တို့ ပထမဆုံး ခြေလမ်းတစ်ခုအနေနဲ့ ကျနော်တို့ ကြိုးစားခဲ့တဲ့ အရာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ကြည့်ရှုခံစားအားပေး စေချင်တာပေါ့နော်။ ဒါကတော့ ဒီရုပ်ရှင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုတော့ ရသွားမှာပေါ့နော်။ ကျနော်တို့ တစ်ခုလိုချင်ရင် တစ်ခု ပြန်ပေးစေချင်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြည်ပမှာရှိနေတဲ့ အလှူရှင်တွေကိုလည်း တော်တော်လေး ပင်ပန်းနေကြပြီ။ ကျနော်တို့ Entertainment တစ်ခုအနေနဲ့ ကျနော်တို့ကပြန်ပေးချင်တယ်။ ပြည်သူအားလုံးကို ဒီလို စိတ်ဓာတ်မြှင့်တင်ရေးပိုင်း ပြန်ပေးချင်တဲ့အနေနဲ့ပေါ့နော်။ ရှပ်ရှင်ကိုကြည့်မယ်ဆိုတေ့ ရသ ပေါင်းစုံ ခံစားရမယ့် ရုပ်ရှင်ဇာတ်ကားပါပဲ။” လို့ ဒါရိုက်တာ ဂျွန်မီယာက ပြောပါတယ်။

အဲဒီရုပ်ရှင်ကို ပြီးတဲ့ခဲ့ မေလကတည်းက မလေးရှားနိုင်ငံမှာ ပထမဦးဆုံးစတင်ပြသခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီရုပ်ရှင်ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အမေရိကန်နိုင်ငံ စတဲ့နိုင်ငံတွေမှာ ပြသနေဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့မှာ ပြသချိန်လာရောက်ကြည့်ရှုခဲ့သူ KKP က လာကြည့်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပြပါတယ်။

“အခု အဓိက လာကြည့်ရတဲ့ ရည်ရွယ်ချက်တော့ ကရင်နီပြည်မှာ ပထမဆုံးရိုက်တဲ့ video လို့လည်း ပြောလို့ရတယ်ပေါ့နော။ ဆိုတော့ တကယ့်ဖြစ်ပျက်တဲ့ဟာတွေလည်းဖြစ်တော့ ကိုယ်က အထဲမှာလည်း ကိုယ်ကောင်းကောင်းလည်း မသိသေးဘူးပေါ့နော။ ဆိုတော့ ဒီ video ထဲမှာလည်း ကျနော်တို့ ကြည့်ချင်တဲ့ footage တွေလည်း ရှိချင်ရှိမယ်။ နောက်ပြီးတော့မှ ခွန်အားရနိုင်တဲ့ဟာ ရှိရင်လည်း ရှိမယ်ဆိုပြီးတော့ ကျနော်လာကြည့်တာပါ။” လို့ KKP က ပြောပါတယ်။

ရုပ်ရှင်ထဲမှာ မြေပြင်အခြေအနေကို ပြန်လည်မြင်တွေ့နေရတဲ့အတွက် စိတ်ဓာတ်ခွန်အားတွေ ရရှိပြီး အမျိုးသားရေးအတွက် ဒီထက်မကဆောင်ရွက်ဖို့ တွန်းအားဖြစ်စေတယ်လို့ ဆိုလာသူကတော့ မဖော ပဲဖြစ်ပါတယ်။

“တကယ့်တကယ်ကြည့်တဲ့အချိန်မှာ စိတ်ကိုလည်း တကယ်ပဲ မထိန်းနိုင်ခဲ့ဘူးပေါ့။ တကယ်ရဲ့ field ထဲက ခံစားချက်တွေကို ရိုက်ကူးထားတယ်။ ရိုက်တဲ့လူကော ဒါရိုက်တာတွေကော၊ သရုပ်ဆောင်တဲ့လူတွေကော တကယ့်ကို တော်တဲ့လူတွေဆိုတာတွေ့ရတယ်ပေါ့နော။ တကယ်လည်းချီးကျူးပြီးလေးစားပါတယ်။ တစ်ဖက်မှာလည်း feeling က ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ်ကိုတိုင်လည်း မြေပြင်မှာမရှိနေဘူး။ မြေပြင်မှာနေတဲ့လူတွေရဲ့ လက်တွေ့အခြေအနေကို တွေ့တဲ့အချိန်မှာ ရင်တွေလည်း နာရတယ်။ ပြီးတော့ ကိုယ့်အတွက် ကိုယ်ဆက်လုပ်ဖို့ ကိုယ့်လူမျိုးအတွက် အများကြီး လုပ်ပေးဖို့ တာဝန်ရှိတယ် ဆိုတဲ့ဟာလည်း မြင်လာရတယ်ပေါ့နော။ နောက်တစ်ခုက ဘာပြောချင်လဲဆိုလို့ရှိရင် ဒီတော်လှန်ရေးကာလမှာက ကြည့်လိုက်တဲ့အခါမှာ တခြားလူမျိုးစုတွေလည်း အများကြီးပါတယ်ပေါ့နော။ ပါတဲ့အခါမှာ တခြားလူမျိုးစုတွေရဲ့ အားလုံးရဲ့ ပါဝင်မှုတွေ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် အားလုံး inclusive သဘောမျိုးနဲ့ပေါ့။ အဲဒီလိုအားလုံးပါနိုင်တဲ့ဟာ ထည့်ပေးနိုင်ရင်လည်း ပိုကောင်းမယ်ပေါ့နော။ အရမ်းလည်းကောင်းပါတယ်။” လို့ မဖောက ပြောပါတယ်။

လူငယ်တွေဖန်းတီးထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အပြင် အခုလိုဖန်တီးတာ ပထဆုံးဖြစ်တဲ့အတွက် အချိန်ပေးပြီး လာကြည့်ဖြစ်တယ်လို့ ဆိုသူကတော့ လက်ရှိမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူနေတဲ့ ခူပလုရယ်ပဲဖြစ်ပါတယ်။

လူငယ်တွေရဲ့ ကြိုးစားမှုရလဒ်ကို အားရကျေနပ်တဲ့အပြင် နောင်အတွက်လည်း တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးသွားဖို့ အဆင်သင့်ရှိတယ်လို့ ခူပလုရယ်က ဆိုပါတယ်။

“ကျနော်တို့လည်း အဖွဲ့အစည်းတွေအနေနဲ့ရော တစ်ဦးချင်းအနေနဲ့ရော ကျနော်တို့ကို မေးမြန်းလာမယ်။ တိုင်ပင်လာမယ်ဆိုရင် ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကျနော်တို့ ကူညီဖို့ ရှိပါတယ်။ တချို့ ဇာတ်ကြောင်းလေးတွေပဲ ဖြစ်ဖြစ်ပေါ့နော။ တချို့အကြောင်းအရာတွေပဲ ဖြစ်ဖြစ်ပေါ့နော။ ကျနော်တို့ ကူညီလို့ရပါတယ်။ တချို့ဟာတွေလည်း အဖွဲ့အစည်းကနေ ဘာတွေ ကူညီပေးလို့ ရမလဲပေါ့။ အဲဒီလိုမျိုးဟာတွေလည်းညှိ့လို့ တချို့အရာတွေလည်း ကျနော်တို့ အတတ်နိုင်ဆုံးကူညီပေး နိုင်ပါတယ်။” လို့ ခူပလုရယ်ကပြောပါတယ်။

တကယ့်မြေပြင်မှာ တာဝန်အသီးသီးထမ်းဆောင်နေခဲ့တဲ့သူတွေက ပါဝင်သရုပ်ဆောင်သွားခဲ့ကြတာဖြစ်ပြီး အချိန် ၇ လကျော်အထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ရုပ်ရှင်ပြသရာမှာ ရရှိတဲ့ ငွေကြေးတွေကို ပြန်လည်ချပြပြီး ကရင်နီပြည်က စစ်ရှောင်တွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

spot_img
spot_img