spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လူတွေကို အန္တရာယ်ပြုစေတဲ့ မူးယစ်ဆေးဝါး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုတွေ ကြောင့် ကမ္ဘာမှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ် ပြန်ထားပါတယ်။

ကရင်နီပြည်မှာလည်း အာဏာသိမ်းနောက်ဆက်တွဲ ပဋိပက္ခများစွာထဲမှာမှ မူးယစ်ဆေးဝါး ပြဿနာဟာ လူငယ်တွေကြား စိန်ခေါ်မှုတခုလို ရှိနေပါတယ်။

အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု အားနည်းနေသေးတဲ့ ကြားကာလအခြေအနေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေဟာ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြား ရေပန်းစားလာတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့တွေအပြင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုပေါင်း ၃၂ မှုကို အမှုဖွင့် အရေးယူနိုင်ခဲ့ပြီး ရာဘ (ရာမ) လို့ခေါ်တဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုတွေ များတယ်လို့ ကရင်နီပြည်ရဲဌာန ( KSP ) ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားခဲ့ဖူးပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် လူတဦးတယောက်ရဲ့ ဘဝကို အညွှန့်သုဉ်းစေသလို မိသားစု အပါအဝင် လူ့ပတ်ဝန်းကျင်ကိုလည်းများစွာ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို မျှဝေပေးချင်ပါတယ်။

မူးယစ်ဆေးဝါးအမျိုးအစားများ

မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်ပြောင်းလဲစေပြီး ခန္ဓာကိုယ်ကို တနည်းနည်းဖြင့် ဘေးဖြစ်စေသလို စိတ်ရောကိုယ်ပါ စွဲလန်းမှုကို ဖြစ်စေတဲ့ ဆေးဝါးတွေကို ဆိုလိုပါတယ်။

အကြမ်းအားဖြင့် မူးယစ်ဆေးဝါးကို အုပ်စုကြီး (၃) စုနဲ့ ခွဲခြားထားပြီး အဲဒါတွေကတော့ သဘာဝ အတိုင်းဖြစ်လာတဲ့ မူးယစ်ဆေးဝါး၊ တစိတ်တပိုင်းဓာတ်ပြုခြင်းကြောင့် ထွက်လာတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတ်ပြုပစ္စည်းတွေနဲ့ ဓာတ်ပြုခြင်းကနေ ထွက်ပေါ်လာတဲ့ မူးယစ်ဆေးဝါးတွေပဲဖြစ်ကြပါတယ်။

သဘာဝ အတိုင်းဖြစ်လာတဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းစိမ်း၊ ဆေးခြောက် စတဲ့ မပြုပြင်ဘဲ သုံးစွဲလို့ရတာမျိုးဖြစ်ပြီး၊ တစိတ်တပိုင်းဓာတ်ပြုခြင်းကြောင့် ထွက်လာတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတ်ပြုပစ္စည်းတွေနဲ့ ဓာတ်ပြုခြင်းကနေ ထွက်ပေါ်လာတဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးပြား စတာတွေဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ မူးယစ်ဆေးဝါးကို အုပ်စု (၈) စုဖြင့် သတ်မှတ်ထားပါတယ်။ အဲ့ဒါတွေကတော့ အရက်အမျိုးမျိုးနဲ့ ဒိုင်ယာဇီပင် လို အိပ်ဆေး စိတ်ငြိမ်ဆေး၊ ဆေးခြောက် (အရွက် ၊အဆီ)၊ ဘိန်းအုပ်စုဖြစ်တဲ့ (ဘိန်းမဲ၊ ကော်မီးသာဇင်၊ ဖင်စီဒိုင်း၊ ဘိန်းဖြူ၊ မော်ဖင်း၊ ပက်သဒင်း)၊ စိတ်ကြွစေတဲ့ အက်ဖက်တမင်း/ မက်သဒရင်း၊ ကိုကင်းလို့ လူသိများတဲ့ ကိုကာအရွက်/အမှုန့်/အခဲ၊ စိတ်ကိုခြောက်ခြားစေတဲ့ ဆေးတွေဖြစ်တဲ့ (L-S-D၊ မက်စကလင်း) ၊ ခပ် လို့ခေါ်တဲ့ တောင်အမေရိက/အရှေ့အလယ်ပိုင်းအသုံးများတဲ့ ဆေးတမျိုးနဲ့ အငွေ့ပျံလွယ်တဲ့အရည်တွေဖြစ်ကြတဲ့ အီသာ၊ ကလိုရိုဖောင်း၊ အရက်ပျံ၊ ရေနံဆီ၊ ဓါတ်ဆီ၊ တင်ဒါ၊ ကော်အမျိုးမျိုးတို့ ဖြစ်ကြပါတယ်။

အရက်၊ ဘီယာ၊ ဆေးခြောက်၊ ကော်အမျိုးမျိုး၊ ဓါတ်ဆီ၊ ရေနံဆီ၊ အရက်ပျံ၊ တင်နာ၊ ကော်၊ ဆေးလိပ်၊ကွမ်းယာ၊ ကွမ်းပေါင်း စတာတွေကို အပျော့စား မူးယစ်ဆေးဝါးလို့ သတ်မှတ်ထားပါတယ်။

ဘိန်းမည်း၊ ဘိန်းဖြူ၊ ဘိန်းဆီ၊ မော်ဖင်း၊ ပက်သဒင်း၊ ကိုကင်း၊ ချောင်းဆိုးပျောက်ဆေး၊ ကိုမီသာဇင်၊ ဖင်ဆီဒိုင်း၊ ဒိုင်ယာဇီပင်၊ စိတ်ကြွဆေး၊ ရာဘ၊ ICE၊ အက်စတာဆီ၊ အိပ်ဆေး၊ မက်သာကွာဒုံး၊ အက်ဖက်တမင်း စတာတွေကိုတော့ အပြင်းစား မူးယစ်ဆေးဝါးလို့ သတ်မှတ်ထားတာပါ။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာများ

ကမ္ဘာ့နိုင်ငံတိုင်းမှာ မူးယစ်ဆေးဝါးတွေကို ဆေးပညာရပ်နဲ့ ကျန်းမာရေးအခြေအနေတွေအရ အသုံးပြုတာကလွဲပြီး တားမြစ်ထားတဲ့ အရာတခုဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတွေဟာ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေကိုဖြစ်စေတတ်ပြီး စွဲလမ်းသုံးစွဲစေတာ၊ စိတ်အာရုံထွေပြားတာ၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေတာ စတာတွေကို ဖြစ်စေပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေဟာ ဆေးအာနိသင်ပြချိန်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေ‌အနေတွေက သာမန်မသုံးစွဲထားသောသူတွေထက် သာလွန်နေတယ်လို့ ခံစားရပါတယ်။

သို့ပေမဲ့ ဆေးအရှိန်ပြယ်ချိန်မှာ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ စိုးရိမ်တာ၊ ထိတ်လန့်နေတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာအနေနဲ့လည်း အားအင်ကုန်ခမ်းတာ၊ အစာမစားနိုင်တာတွေကို အချိန်ကြာမြင့်စွာ ခံစားရမှာဖြစ်ပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားကို ပမာဏအနည်းငယ်သုံးစွဲမိမယ်ဆိုရင် ကိုယ်ခန္တာ တက်ကြွမှုကို ဖြစ်စေတာ၊ စိတ်ဓာတ်တက်ကြွတာ၊ အစာစားချင်စိတ် ကျဆင်းတာ၊ အသက်ရှု မြန်တာနဲ့ သေဆုံးနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

မူးယစ်ဆေးဝါးကို သွေးကြောထဲ ထိုးသွင်းသုံးစွဲခြင်းဖြင့် သွေးမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်တဲ့ HIV ၊ အသည်းရောင်အသားဝါ စီ ပိုး၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ ဆစ်ဖလစ် နဲ့ ငှက်ဖျား ရောဂါ စတာတွေအပြင် သွေးအဆိပ်တက်တာ၊ နှလုံးပိုးဝင်တာ၊ အသည်း၊ ဦးနှောက်၊ ဘေလုံးတွေမှာ ပြည်တည်နာ ဖြစ်တာ၊ ကျောက်ကပ်ရောင်ပြီး အသားဓာတ်ဆုံးရှုံးတာ၊ အသက်ရှုရခက်ခြင်း (ဒါမှမဟုတ်) အသက်ရှုရပ်တာနဲ့ အဆုတ်ထဲရေဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ စိတ်ကျန်းမာရေးအနေနဲ့ စိုးရိမ်ပူပန်မှုများတာ၊ ဆေးမသုံး ရပါက အလိုလိုနေရင်း စိတ်တိုလာတာ၊ စိတ်ဓာတ်ကျတာ၊ ညဘက် အိပ်မပျော်ဖြစ်တာ၊ အိပ်ချိန် မမှန်လာတာ စတာတွေကိုလည်း ခံစားလာရနိုင်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူမှုပတ်ဝန်းကျင်မှာလည်း မိဘ၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ရန်ဖြစ် စကားများရတာ၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာ၊ အလုပ်မှာ အာရုံစူးစိုက်မှု အားနည်းလာပြီး အလုပ်ပျက်လာတာ၊ ပြစ်မှုကျူးလွန်ဖို့ ရဲတင်းလာတာ၊ မိသားစု နဲ့ လူ့ပတ်ဝန်းကျင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလာတာနဲ့ လူ့ပတ်ဝန်းကျင်မှာ ဝင်မဆံ့တော့တာ စတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
မူးယစ်ဆေးဝါးဆိုတာ စမ်းသုံးလို့တောင် မသင့်တော်တဲ့အရာဖြစ်သလို မိမိတဘဝလုံးကို အန္တရာယ်နဲ့ အဆိုးဆုံးဖြစ်အောင် လုပ်နိုင်တာကြောင့် မူးယစ်ဆေးဝါးနဲ့ ကင်းဝေးအောင် နေထိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား- Wikipedia , NUG MOH website

spot_img
spot_img

Recent posts