spot_imgspot_imgspot_imgspot_img
Sunday, November 24, 2024
spot_imgspot_imgspot_imgspot_img

လူထုကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ခဲ့ဖူးတဲ့ ဒေါ်အယ်ဗလင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒေါ်အယ်ဗလင်း

ရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)ကနေ ဖရူဆိုမြို့နယ် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)နေရာမှာဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်အယ်ဗလင်းအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် ပြည်နယ် ငြိမ်းချမ်းရေးမှာ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက်ကနေ မေးမြန်းထားတာတင်ပြထားပါတယ်။

ဒေါ်အယ်ဗလင်းဟာဆိုရင် အရင်က လူထုတွေကျန်းမာရေး စောင့်ရှောက်မှုတွေကို လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့မှာ ယခင်က ဒုညွန်ကြားရေးမှူး (စီမံခန့်ခွဲရေး) တာဝန်အဖြစ်ထောင်းဆောင်ခဲ့သူဖြစ်ပါတယ်။

CHDN အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ယက်အဖွဲ့တခုဖြစ်ပြီး ပြည်သူ့ ကျန်းမာရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်လာခဲ့တဲ့ ဒေါ်အယ်ဗလင်းက တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တိုင်းရင်းသားကျန်းမာရေးမူဝါဒတွေကို ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာတွေ မေးမြန်းထားတာဖြစ်ပါတယ်။

မေး- ဆရာမအနေနဲ့ ဒီ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘာတွေပြင်ဆင်ထားလဲ။

ဖြေ- အကယ်၍သာလွှတ်တော်ထဲမှာ ကိုယ်တရားဝင်ပြောခွင့်ရမယ်ဆိုရင်တော့ အစ်မအနေနဲ့ ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ၂၀၁၂ခုနှစ်မှာ ပြည်နယ်အတွက် အပစ်ခတ်ရပ်စဲထားတဲ့ Bilateral Agreement(ပြည်နယ်အပစ်ခတ်ရပ်စဲရေးစာချုပ်) ကိုပိုပြီးတော့မှ ထောက်ပြချင်တယ်။ အဲ့ဒီအပေါ်မှာကိုပဲ နှစ်ဦးနှစ်ဖက်က လိုက်နာဖို့အတွက်ကို ပိုပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက် အသိပြုနိုင်မယ့် ကိစ္စတွေကိုှ တိုက်တွန်းသွားမယ်။ တစ်ဖက်နဲ့ တစ်ဖက်မှာလည်း ဒါတွေကို ကျင့်သုံးဖို့ ကိုတိုက်တွန်းသွားမယ်ပေါ့နော။ ပြည်နယ်အဆင့်မှာတော့ နှစ်ခုရှိလိမ့်မယ်ပေါ့နော။ဥပမာအားဖြင့် အစိုးရနဲ့ လက်နက်ကိုင်အင်အားစုအကြားမှာ တိုက်တွန်းရမယ့် အချက်တွေရှိသလို လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း တိုက်တွန်းရမယ့် အချက်တွေရှိတယ်။ အဲ့ဒါကိုလွှတ်တော်ထဲမှာ တရားဝင် ပါခွင့်ရမယ်ဆိုရင် အဲ့ဒီနှစ်ချက်ကိုသွားမယ်။ တစ်အချက် ၂၀၁၂က ပြည်နယ်အဆင့် ချုပ်ဆိုထားတဲ့ဟာကို အသိအမှတ်ပြုလိုက်နာကျင့်သုံးဖို့အတွက်ကို အစိုးရတပ်မတော်ကိုရော KNPPအဖွဲ့ကိုရော ပိုပြီးတော့ တိုက်တွန်းသွားမယ်။ နောက် နှစ်အချက်အနေနဲ့ ပြည်နယ်အတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ အတွက်ကိုလည်း တိုက်တွန်းသွားမယ်ပေါ့။

မေး- ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုအခန်းကဏ္ဍကို အဓိကဖော်ဆောင်သွားမှာလဲ။

ဖြေ- ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစ်မတို့နှစ်ချက်လောက် စဉ်းစားလို့ရတယ်ပေါ့နော။ တစ်ချက်ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်နယ်အတွင်းလုံခြုံရေးကိစ္စကို စဉ်းစားရမှာပေါ့နော။ ပြည်နယ်အတွင်းလုံခြုံရေးကိစ္စလို့ ပြောလိုက်လို့ရှိရင်တော့ အစ်မတို့ ကတော့ တစ်ဦးချင်းစီအတွက်ကို ခြိမ်းခြောက်မှုတွေကင်းစေမယ့် အရာတွေ အဲ့ဒီအပိုင်းကိုလည်း ကျမတို့ စဉ်းစားရမယ်။ နောက်တစ်ချက်ကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကနေ ပြီးတော့မှလည်း လူထုတွေကြားမှာကို ငြိမ်းချမ်းရေးကို မထိခိုက်စေအောင် ဆိုတဲ့ကိစ္စကိုတော့ အစ်မတို့ စဉ်းစားဖို့ လိုမယ်လို့ထင်တယ်။ ဒီနှစ်ချက်ပေါ့။

မေး- လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကကော ဆရာမအနေနဲ့ ဘာတွေထောက်ပြပြောဆိုချင်ပါလဲ။

ဖြေ- အဲ့ဒါနဲ့ ပတ်သက်ရင်တော့ ၂၀၁၂ခုနှစ်မှာ သဘောတူညီထားတဲ့အချက်တွေကို အလေးအနက်သိပ်မထားတာကိုတွေ့ရတယ် နှစ်ဦးနှစ်ဖက်ပေါ့။ ပြီးလို့ရှိရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်လို့ပြောလိုက်လို့ရှိရင် တကယ့်ဒေသခံတွေကြားမှာ တာဝန်ယူမှုတာဝန်ခံမှု နဲ့ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အခွင့်အရေးတွေမရှိဘးူလို့ စဉ်းစားသုံးသပ်လို့ရတယ်ပေါ့နော။ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဗဟိုကနေချုပ်ကိုင်ထားပြီးတော့မှ မြေပြင်ပေါ်မှာ အကျိုးသက်ရောက်မှုသိပ်မရှိဘူးလို့ သုံးသပ်လို့ရတယ်ပေါ့နော။ အဲ့ကြောင့်မလို့ ၂၀၁၂မှာ ချုပ်ဆိုတဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုတွေကို ကျေကျေညက်ညက် ဖြစ်အောင် ပြီးလို့ရှိရင် ပြည်နယ်အဆင့်မှာ ဒီငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက်ထိန်းသိမ်းသွားမှာလဲ ဆိုတာကို ပြည်နယ်ဆင့်မှာကို ပိုပြီးတော့ လုပ်ပိုင်ခွင့်ရှိအောင် ဆိုတဲ့အရာတွေက ထောက်ပြချင်တယ်ပေါ့။ ဒါတွေက ပိုပြီးတော့ လုပ်ဆောင်ရမယ်လို့ မြင်တယ်ပေါ့။

မေး- လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ဆောင်မှုမှာ အားနည်းတယ်လို့ ဆရာမပြောချင်တာပေါ့နော။

ဖြေ- ဟုတ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ပြည်နယ်အဆင့်မှာ အကောင်အထည်ဖော်မှုတွေ အရမ်းအားနည်းတယ်ပေါ့နော။ ပြည်နယ်အဆင့်မှာအကောင်အထည်ဖော်မှုအားနည်းတယ် ပြည်နယ်အဆင့်မှာ ကို ဆုံးဖြတ်ချက်ချတာမရှိဘူး။ အထူးသဖြင့် ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကိုသာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့က ဆုံးဖြတ်ချက်တွေချသွားတယ်။ ပြည်နယ်အစိုးရမှာလည်း စိတ်ဝင်စားမှုနည်း လုပ်ပိုင်ခွင့်မရှိ ဘူးလို့မြင်တယ်။

မေး- ဒါဆိုရင် ဆရာမတို့ အနိုင်ရရှိခဲ့ရင် ဒီထက်ကောင်းအောင် ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ- အဓိကကတော့ ခုဏကပြောသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုမယ်။ အနည်းဆုံး ချုပ်ဆိုပြီးခဲ့တဲ့စာချုပ်တွေကို အသက်ဝင်အောင်ပြန်ပြီးတော့မှ လုပ်ရလိမ့်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရနှစ်ခုတည်းပဲ ဒါကို ဦးဆောင်လို့ မရဘူး။ ပြည်နယ်အတွင်းမှာရှိတဲ့ ကျန်တဲ့ CSOအဖွဲ့တွေရဲ့ပါဝင်မှုတွေကိုလည်း အသိအမှတ်ပြုရမယ်။ ၁၉၉၄ခုနှစ်နောက်ပိုင်းကတည်းက အစိုးရနဲ့ကို အပစ်ခတ်ရပ်စဲလုပ်ထားတယ် အခြားသောလက်နက်ကိုင် အဖွဲ့အစည်းကိုလည်း အသိအမှတ်ပြုပြီးတော့မှ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အားလုံးပါဝင်တဲ့ Inclusive လို့ပြောတဲ့အရာနဲ့ကို သွားဖို့ လိုအပ်မယ် ဒါမှပိုကောင်းမွန်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ရောက်မယ်လို့ မျှော်လင့်တယ်ပေါ့နော။ ဒီထက် ကောင်းအောင်ဆိုရင် အားလုံးကို အသိအမှတ်ပြုရေးသည် အနည်းဆုံးချုပ်ဆိုပြီးသွားတဲ့အပေါ်မှာကို တစ်ဖက်နဲ့တစ်ဖက် အသိမှတ်ပြုအကောင်ထည်ဖော်မယ့် ကိစ္စတွေ လုပ်သွားရမယ်လို့ ယုံကြည်တယ်ပေါ့။

မေး- ကျန်းမာရေးမူဝါဒတွေကကော ငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ ဘယ်လို အကျိုးသက်ရောက်မှုရှိစေလဲ။

ဖြေ- ကျန်ဒမာရေးမူဝါဒက ပညာရေးနဲ့ အတူတူပဲပေါ့။ ကျမတို့ နယ်ဆီးမခြားဘဲ ပြည်သူလူထု တစ်ရပ်လုံးအတွက်ကို ကောင်းတဲ့ မူဝါဒ တွေကို သွားမယ့် လမ်းကြောင်းတွေထဲမှာ အစိုးရပဲဖြစ်ပါစေ လက်နက်ကိုင်အင်အားစုပဲဖြစ်ပါစေ ပိုမိုကောင်းမွန်တဲ့ မူဝါဒအောက်မှာ လူထုကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်က နယ်ဆီးမခြားဘူးပေါ့နော။ ဒီဟာကို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ်ပြုခြင်းအားဖြင့် ငြိမ်းချမ်းရေးအခန်းကဏ္ဍတွေမှာ အများကြီးအထောက်အကူပြုတယ်လို့ ယုံကြည်တယ်။ ဥပမာအားဖြင့် ပထမဦးဆုံးလက်နက်ကိုင် အင်အားစုတွေကြားမှာ ကို ကျန်းမာရေးမူဝါဒက ဒီပဋိပက္ခတွေ နှစ်ပေါင်းများစွာတည်ရှိနေခဲ့တဲ့လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ ဒီကျန်းမာရေးမူဝါဒဦးဆောင်မှုနဲ့ မတူကွဲပြားတဲ့ လက်နက်ကိုင်ဖွဲ့အစည်းအောက်မှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုစည်းလာကြတယ်။ လုပ်ငန်းတွေ အတူတူလုပ်ကိုင်လာကြတယ်။ ကျန်းမာရေးအတွက်နဲ့ကို စုစည်းပြီးတော့ ပြည်သူလူထုကိုယ်စားပြု ပြီးတော့ အလုပ်အတူတကွလုပ်နိုင်တဲ့ သက်သေအထောက်အထားတွေကလည်း ကျန်းမာရေးမူဝါဒနဲ့ ကျန်းမာရေးလုပ်ဆောင်ချက် တွေက ငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ တစ်ထောင့်တစ်နေရာ မှာ အရေးကြီးတဲ့အရာတွေလို့ ကျမတို့ သုံးသပ်လို့ရတယ်။ ဥပမာအားဖြင့် CHDNလိုမျိုးပဲ လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ယက် ရဲ့ ကျန်းမာရေးမူဝါဒ ကိုမှီငြမ်းပြီးတော့ အကောင်ထည်ဖော် နေတဲ့ မတူကွဲပြားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုစည်းမှုက ဒါငြိမ်းချမ်းရေးအခန်းကဏ္ဍမှာ တကယ့်တကယ်သက်သေအထောက်အထားတွေနဲ့ ပြနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒီလိုပဲ လက်နက်ကိုင်အချင်းချင်းကြားသာမက အစိုးရ ကျန်းမာရေးမူဝါဒနဲ့ ဒီ လက်နက်ကိုင် အင်အားစုကနေပြီးတော့မှ ကမာကထပြုလုပ်လိုက်တဲ့ကျန်းမာရေးမူဝါဒတွေကြားမှာ ပြည်သူလုထုအတွက်အကျိုးကို အားလုံးက မျှော်ကိုးပြီးတော့မှ မူဝါဒတွေဆွဲကြတယ်။ မူဝါဒအောက်မှာ အကောင်အထည်ဖော်ကြတယ်။ ကျန်းမာရေးဌာနနဲ့ တိုင်းရင်သား ဌာနပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာရင် ငြိမးချမ်းရေးမှာ ပိုပြီးတော့ အဆင့်မြင့်တဲ့ အစိုးရကျန်းမာရေး လက်နက်ကိုင်အင်အားစုရဲ့ ကျန်းမာရေးဝန်ထမ်း တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ငြိမ်းချမ်းရေးမှာ အများကြီးအထောက်အကူပြုစေတယ်လို့ မြင်ပါတယ်။

မေး- ဖယ်ဒရယ်ကျန်းမာရေးအခြေအနေနဲ့ ငြိမ်းချမ်းရေးမှာ ဘယ်လိုတွေချိတ်ဆက်ပြီး အားကောင်းအောင်လုပ်နိုင်မလဲ။

ဖြေ- ဖယ်ဒရယ်ကျန်းမာရေး အခြေအနေလို့ပြောလိုက်လို့ရှိရင်တော့ ပြည်နယ်အသီးသီးက ကျန်းမာရေးမူဝါဒတွေကောင်းမွန်ပြီးတော့ ဖယ်ဒရယ်ကျန်းမာရေးမူဝါဒတွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ ဆိုတော့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဆယ်စုနှစ်ချီ ဖယ်ဒရယ်ကျန်းမာရေး မူဝါဒတွေကို ရေးဆွဲထားပြီးဖြစ်တယ်ပေါ့။ ဒီဟာကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်ကတော့ လက်နက်ကိုင်အင်အားစု အသီးသီး ပြည်နယ်အသီးသီး တွေမှာ အကောင်အထည်ဖော်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်းလိုအပ်သလို ဖယ်ဒရယ်ကျန်းမာရေးမူဝါဒတွေကို အစိုးရကနေ အသိအမှတ်ပြုပြီးတော့မှ လက်သင့်ခံပေးဖို့လည်း လိုအပ်တယ်ပေါ့။ မူဝါဒတွေအားလုံးကကောင်းပြီးသားပဲ အဓိက နှစ်ဦးနှစ်ဖက် အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်ပေ့ါ။ရေးဆွဲထားပြီးသားမူဝါဒတွေကို ပြန်လည်သုံးသပ်ပြီးးတော့ အစိုးရကနေပြီးတော့ အသိအမှတ်ပြုပေးနိုင်မယ်ဆိုရင် ဒါကပိုပြီးတော့ အားကောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး- ငြိမ်းချမ်းရေးနဲ့ အမျိုးသမီး အခန်းကဏ္ဍမှာ ဘာတွေလုပ်ဆောင်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ- ငြိမ်းချမ်းရေးနဲ့ အမျိုးသမီး အခန်းကဏ္ဍက အရမ်းနဲ့ ကြီးမားတယ် ကျယ်ပြန့်တယ်။ ထည်ထည်ဝါဝါနဲ့ ပုံဖော်ဖို့ လိုအပ်တယ်။ အဲ့အထဲမှာမှ ကျမတစ်ယောက်အနေနဲ့ကတော့ အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးုဖြစ်စဉ်တွေမှာ ဘယ်လိုအပိုင်းကနေပြီးတော့မှ ပါဝင်ပြီးတော့ လှုပ်ရှားနေသလဲဆိုတဲ့အချက် အပေါ်မှာ ပိုပြီးတော့ အားကောင်းအောင် လုပ်ပေးရဖို့ရှိတယ်။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ ကျေးလက်ဒေသအဆင့် မြို့နယ်အဆင့် ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်မှာ ပိုပြီး မှပါဝင်လာနိုင်အောင် သူတို့တွေ ရဲ့ပါဝင်မှုတွေကိုလည်း အသိအမှတ်ပြုနိုင်အောင် ဆိုတဲ့ဟာကို ဆက်လုပ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးလို့ပြောလိုက်လို့ရှိရင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်တဲ့အတွက် အမျိုးသမီးကနေပြီးတော့ ပါဝင်နေတဲ့အရာတွေအများကြီးရှိတယ်။ ကျေးရွာအတွင်းမှာ ပဋိပက္ခလျော့ချဖို့အတွက် အိမ်ထောင်စုအတွင်းမှာ ပြဿနာဖြေရှင်းနေရတဲ့ကိစ္စတွေ လူမှုအသင်းအဖွဲ့တွေမှာ အမျိုးသမီးတွေ ဖွံ့ဖြိုးရေးကိုဦးဆောင်နေရတဲ့ကိစ္စတွေ ဒါတွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့။ ဒီထဲမှာမှအမျိုးသမီးတွေရဲ့ပါဝင်မှုတွေကို ပိုပြီးတော့ အသိအမှတ်ပြုပေးရမယ် ပြီးတော့မှ သူတို့တွေပါင်ခွင့်ရလာအောင် နေရာကျယ်ကျယ်နဲ့ မူဝါဒတွေမှာ ထည့်သွင်းရေးသားပေးရမှာပေါ့။ ဒါမှပဲ အမျိုးသမီး ငြိမ်းချမ်းရေးအခန်းကဏ္ဍကို ချိတ်ဆက်ပြီးတော့ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိုပိုပြီးတော့ လုပ်ဆောင်ဖို့အတွက် အက္ခရာကျတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။

မေး- အနိုင်ရခဲ့ရင် ဆရာမပြောသွားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ့်အရာကို ဘယ်နှရာခိုင်နှုန်းအထိဖော်ဆောင်နိုင်မယ်လို့ ယုံကြည်လဲ။

ဖြေ- ဘယ်နှရာခိုင်နှုန်းထက်စာလို့ရှိရင်တော့ ဒီသဘောတူညီချက်ကိုလေး အစ်မတို့က ရာခိုင်နှုန်းနဲ့ တွက်လို့မရဘူး။ သို့ပေမယ့် အုပ်ချုပ်ရေး ယန္တရားတွေမှာ အကျိုးသက်ရောက်နိုင်တဲ့ လွှတ်တော်ရေးရာတွေမှာ အကျိုးသက်ရောက်ပြီးတော့ အတည်ပြုနိုင်မယ့်ကိစ္စတွေကို ဦးစားပေး တစ်၊ နှစ်၊ သုံးအနေနဲ့ သွားရမှာဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော် မှာ ဒေသခံတိုင်းရင်းသားတွေ နိုင်မှ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ၂၀၁၂မှာ ချုပ်ဆိုခဲ့တဲ့စာချုပ်ကို ပြန်သုံးသပ်ရမယ်။ ဦးစားပေး တစ်၊ နှစ်၊ သုံးဆိုတာကို ပြန်ပြီးတော့မှ ဆွဲထုတ်ရလိမ့်မယ်။ နှစ်ဦး နှစ်ဖက်ကနေပြီးတော့မှ အဲ့ဒီဟာကို အထောင်အထည်ဖော်ဆောင်ရွက်မှု ရှိ၊ မရှိဆိုတဲ့ဟာကို စောင့်ကြည့်လေ့လာတဲ့နေရာမျာလည်း အခုတက်လာမယ့် အစိုးရကနေ အဓိက တာဝန်ယူပြီးတော့မှ စောင့်ကြည့်ရမယ့်နေအထားဖြစ်တယ်။ ကျမအနေနဲ့ ဘယ်နှရာခိုင်နှုန်းအကောင်အထည်ဖော်မယ်ဆိုတာထက် အားလုံးကို လိုက်နာအောင် ပိုပြီးတော့ ဖိအားပေးရလိမ့်မယ်ပေါ့။

မေး- ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာတွေ ဖြည့်စွက်ပြောကြားချင်လဲ။

ဖြေ- ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာလို့ရှိရင် ကျမတို့အနေနဲ့ သုံးသပ်ထားတာကတော့ ငြိမ်းချမ်းရေးဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းမဟုတ်ဘူး။ လက်နက်ကိုင်ပဋိပက္ခထဲမှာကို စဉ်းစားမယ်ဆိုလို့ရှိရင် အစိုးရနဲ့ တပ်မတော်နဲ့ အဆင်ပြေနေယုံနဲ့ မရဘူးပေါ့နော။ တိုင်းရင်းသားတွေရဲ့ အရေးတွေကိုပါ သုံးသပ်ပြီးတော့မှပဲ အစိုးရကနေပြီးတော့မှ လက်နက်ကိုင်ပဋိပက္ခကို အစိုးရကနေပြီးတော့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားတွေရဲ့ အခြေအနေကို ပိုပြီးတော့ သုံးသပ်ရမယ်။ အဓိကဖြစ်တဲ့ ဗမာ့ တပ်မတော်နဲ့ ဒီကြားထဲကို အဆင်ပြေစေရေးအတွက်ကို အစိုးရကနေပြီးတော့ ဦးဆောင်သွားရလိမ့်မယ်။ ဒါကြောင့်မလို့ တိုင်းရင်းသားတွေရဲ့အရေးကို ဦးစားပေး မစဉ်းစားပေးသ၍ သုံးသပ်ပေးမှုမရှိသေးသ၍ ပြည်နယ် အဆင့်သော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်သော်လည်းကောင်း ငြိမ်းချမ်းရေးသွားတဲ့အလားအလာကို မြင်ရမှာ မဟုတ်ဘူးပေါ့။ ၂၀၂၀ရဲ့ အလွန်မှာကိုလည်း တိုင်းနဲ့ပြည်နယ် အသီးသီမှာရှိတဲ့ တိုင်းရင်းသားတွေလိုလားနေတဲ့ ပြောင်းလဲချင်တဲ့အရာတွေကို အစိုးရအနေနဲ့ အရေးတယူ စဉ်းစားပြီးတော့မှ တပ်မတော်နဲ့ လက်နက်ကိုင်ကြားမှာဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဦးစားပေးလုပ်ဆောင်သွားရမယ်လို့မြင်တယ်။

မေး- ဒီပြည်နယ်မှာကောငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိလဲလို့ ဆရာမသုံးသပ်လဲ။

ဖြေ- ငြိမ်းချမ်းးရေးဖြစ်စဉ်နဲ့ပတ်သက်ရင်တော့ လက်နက်ကိုင်တွေ အထူးသဖြင့် လက်နက်ကိုင်အုပ်စုတွေကြားမှာ ဆိုလို့ရှိရင်တော့ တော်တော်လေးကို ပြည်သူလူထုရဲ့ အသံကိုနားထောင်တယ်။ ပြည်သူလူထုရဲ့ တိုက်တွန်းမှုတွေကို အလေးအနက်ပြုလာတာရှိတယ်။ သို့ပေမယ့် ငြိမ်းချမ်းပြီလာ ပြောလို့မရသေးဘူး။ စိန်ခေါ်မှုက ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဒီအပေါ်မှာလည်း စောင့်ကြည့်လေ့လာရေးကို ပိုမိုအားကောင်းအောင် လုပ်ပေးရတဲ့အနေအထားဖြစ်တယ်။ စောင့်ကြည့်လေ့လာရေးကို အသိအမှတ်ပြုပေးရမယ်။ အစိုးရဘက်ကစောင့်ကြည့်လေ့လာရေး တပ်မတော်ဘက်ကစောင့်ကြည့်လေ့လာရေးကော လက်နက်ကိုင်အင်အားစုက စောင့်ကြည့်လေ့လာရေးတွေကိုပါ အသိအမှတ်ပြုပြီး တကယ့်ကြားမှာ ဖြေရှင်းပေးနိုင်မယ့်အုပ်စု အားကောင်းလာရေးပိုဆောင်ရွက်ပေးရမယ်။ မျှော်လင့်ချက်အများကြီးရှိပါတယ်။ အကောင်းဘက်ကို သွားနေကြတယ်ပေါ့။ ကတိပြုထားတဲ့ ကိစ္စကိုဆောင်ရွက်နိုင်အောင် တိုက်တွန်းရမယ်။ ပြီးတော့ ကြားထဲမှာပြဿနာတွေကို စောင့်ကြည့်လေ့လာပေးမယ့် နှစ်ဖက်သော စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ပိုမိုအားကောင်းအောင် အသိအမှတ်ပြုပေးရမယ်လို့ မြင်တယ်ပေါ့နော။

spot_img
spot_img

Recent posts