spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

လူ့အခွင့်အရေးချိုးဖောက်နေတဲ့စစ်ကောင်စီတပ်မှ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိမီးရှို့ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဖက်ခြမ်း နောင်လုံနဲ့ ကွန်နားကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်က ရွာလုံးကျွတ် စိတ်ကြိုက်မွှေနှောက်ရှာဖွေခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးသွားခဲ့ပါတာဟာ ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဒေသခံလူထုတွေ နေလို့မရအောင် နေအိမ်ဖျက်ဆီးတာ၊ စားနပ်ရိက္ခာပြတ်တောက်အောင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတဲ့အတွက် လူမျိုးစုအပေါ် ကျူးလွန်တာလို့ဆိုပါတယ်။

“လူ့အခွင့်အရေးရှုထောင့်ကကြည့်မယ်ဆိုရင် ပြည်သူပိုင်ပစ္စည်းကို စစ်တပ်က ဘာမှာကို အကျိုးအကြောင်းမရှိဘဲ အသလွတ်မီးရှို့ခြင်းဟာ အဲ့ဒါက လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို့ပြောလို့ရတယ်။ တိုက်ပွဲဖြစ်တာတောင်မှ လူနေအိမ်တွေ ဘုရားကျောင်းတွေ ကျောင်းတွေ ဆေးရုံတွေကို အတတ်နိုင်ဆုံးရှောင်ရမယ့်နေရာပေါ့နော အခုက သူတို့က လူဘယ်သူမှမရှိဘူး တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ဒီဟာကိုကျူးလွန်တယ်ပေါ့။ ဒါကလည်း လူသားမျိုးနွယ်စုအပေါ်မှာ ရာဇဝတ်မှုတစ်ခုလို့ပြောလို့ရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ရှို့တဲ့အိမ်က လူတွေနေလို့မရအောင် ရည်ရွယ်ချက်ရှိတယ် နောက်ပြီးတော့မှ လူတွေရဲ့စားနပ်ရိက္ခာဖြစ်တဲ့ ပြည်သူတွေရဲ့ဆန်၊ စပါး တွေ စပါးကျီကိုရှို့တယ် လူတွေရဲ့လုပ်ကိုင်စားသောက်ဖို့အတွက် လယ်ထွန်စက်ကိုင်းရှည်တွေပေါ့နော အဲ့ဒါတွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတော့ ဒီဟာက လူထုကိုပြန်ပြီး နလန်ထလို့မရအောင် လူထုတွေနေလို့မရအောင် စားနပ်ရိက္ခာပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိ ရှို့တယ်။ အဲ့ဒါကြောင့်မလို့ ဒါက လူသားမျိုးနွယ်စုအပေါ်မှာ ရာဇဝတ်မှုချိုးဖောက်တယ်လို့ပြောသလို နောက်တစ်ပိုင်းကတော့ ဒါက ရည်ရွယ်ချက်ရှိရှိ ဖြစ်တဲ့အတွက်ကြောင့်မလို့ တိုင်းရင်းသားလူမျိုးများအပေါ်မှာ လူမျိုးစုအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုလို့ပြောလို့ရပါတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့ကစ ၂၀ရက်နေ့အထိ ဒေသခံနေအိမ် ၂၄လုံး မီးရှို့ဖျက်ဆီးခံရသလို လက်နက်ကြီးထိမှန်ပျက်စီးတဲ့နေအိမ်တွေလည်းရှိပြီး စစ်ကောင်စီတပ်က မွှေနှောက်ရှာဖွေဖျက်ဆီးခဲ့တဲ့ အိမ်အများစုဟာ ဆန်၊ စပါး၊ သိုလှောင်ထားတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်နေရတဲ့ စစ်ရှောင်တွေဟာဆိုရင် နေအိမ်မှာရှိတဲ့ ဆန်၊စပါးတွေကို မသယ်သွားနိုင်သေးတာတွေလည်း ရှိတယ်လို့ ကွန်နားကျေးရွာက ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒီမနက် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သူတို့ တပ်ပြန်ဆုတ်တဲ့အချိန်မှာ သူတို့ ဖောက်ထွင်းတဲ့ နေအိမ်တော်တော်များများကိုပဲ မီးရှို့ခဲ့တာပေါ့နော။ နေအိမ် ၅လုံးမီးရှို့ပြီးတဲ့အချိန်မှာ ပစ်ခတ်မှုက အနည်းငယ်ရှိတယ်ပေါ့။”

မေလ အတွင်းက တိုက်ပွဲပထမအကြိမ်ဖြစ်ပွားခဲ့ချိန်ကလည်း စစ်ရှောင်ခဲ့ကြရပြီး ဒီကြားထဲ စပါးရိတ်သိမ်းပြီး သိုလှောင်ထားတဲ့ စပါးတွေကိုပါ ယခု စစ်ရှောင်ချိန်အချိန်မှီမသယ်လိုက်နိုင်လို့ မီးထဲပါသွားကြရတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

“ အခုက တောင်သူတွေရိတ်သိမ်းကာလ ဆိုတော့ အခက်အခဲအများကြီးကြုံရတာပေါ့။ စပါးရိတ်သိမ်းရတာနဲ့ သီးနှံ၊ပြောင်းဖူးတွေ ရိတ်သိမ်းရတဲ့အချိန်မှာ အခြေအနေတော့ နည်းနည်းငြိမ်တာပေါ့။ ဒါပေမယ့် တိုက်ပွဲဖြစ်တော့ အကုန်လုံးရှောင်ကုန်ပြီ။ အရင်က ပထမတစ်ခါရှောင်ခဲ့တဲ့နေရာ ပြန်သွားနေကြတာပေါ့။ တချို့ကတော့ ကိုယ့်ခြံထဲသွားနေတယ်။တချို့ကတော့ သီးနှံတွေ ပြင်ဆင်မှုတွေမရှိတဲ့ မိသားစုတွေလည်း အများကြီးတွေ့ရတာပေါ့။ တချို့ဆိုရင် ကိုယ်စားရမယ့် ဆန်၊စပါးတွေလည်း မသယ်သွားသေးဘူး အဲ့လိုမျိုးတွေပေါ့။ ”

ဒ့ါအပြင် မီးရှို့ဖျက်ဆီးခံရတဲ့ထဲ လယ်ယာစိုက်ပျိုးရေးမှာအသုံးပြုတဲ့ ကိုင်းရှည်လယ်ထွန်စက်၊ ဆိုင်ကယ်လည်းပါဝင်ပါတယ်။ ဒေသခံနေအိမ်အပြင် ကျေးရွာရှိ ဘုရားကျောင်းမှာလည်း စစ်ကောင်စီတပ်က တပ်စွဲထားပြီး ဘုရားအလှူငွေယူဆောင်တာ အသင်းတော်နေအိမ်ဖျက်ဆီးတာလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်တွေက ဝင်ရောက်ရှာဖွေထားတဲ့ နေအိမ်တော်တော်များများကို မီးရှို့ခဲ့တာဖြစ်တယ်လို့ KNDFသတင်းနဲ့ပြန်ကြားရေး တာဝန်ခံတစ်ဦး ကပြောပါတယ်။

“ နေအိမ် ၅လုံးမီးရှို့ပြီးတဲ့အချိန်မှာ ပစ်ခတ်မှုက အနည်းငယ်ရှိတယ်ပေါ့။ ပစ်ခတ်မှုအနည်းငယ်ရှိပြီးတော့မှ ညနေ ၁၈ရက်နေ့ နေ့လယ် ၁၂နာရီကနေစပြီးတော့မှ ညနေ၆နာရီအထိ ကြားထဲမှာတော့ ကြိုကြားကြိုကြားပြောရမလား ပစ်ခတ်မှုတွေက ရှိတယ်လေ။ ပြီးတော့မှ နောက်တစ်ရက်ခါကျတော့ သူတို့က ကွန်နားကလိုးခူ ကျေးရွာကို ကူးလာတယ်။ ကူးလာပြီးတော့ အဲ့ဒီအချိန်မှာက အဲ့ဒီ ၁၉ရက်နေ့မှာက သူတို့ တစ်ရက်လုံးက လူထုတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းတာတို့ ဘာတို့ လုပ်တာပေါ့နော။ အထူးသဖြင့် ပိုပြီးတော့ဆိုးတာက ဘုရာကျောင်းမှာသူတို့ ဝင်ပြီးတော့ နေရာယူတဲ့ကိစ္စပေါ့။ ဒါတွေက ကျနော်တို့အတွက် တော်တော်လေး အခက်အခဲဖြစ်တယ်။ ဒီမနက် ဒီ ၂၀ရက်နေ့မှာ သူတို့ တပ်ပြန်ဆုတ်တဲ့အချိန်မှာ သူတို့ ဖောက်ထွင်းတဲ့ နေအိမ်တော်တော်များများကိုပဲ မီးရှို့ခဲ့တာပေါ့နော။”

စစ်ကောင်စီတပ်က ဒေသခံတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေသလို အကြောက်တရားဖြစ်အောင်လုပ်ဆောင်နေပြီး လူထုရဲ့အခြေခံလိုအပ်ချက်ကို ကြီးကြီးမားမားချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ဝေဖန်ပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာ အကြိမ်ပေါင်း (၁၈)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပြီး နေအိမ် (၂၇၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မေလ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ ပြည်သူနေအိမ်စုစုပေါင်း (၆၅၁)လုံး၊ ဘာသာရေးအဆောက်အဦး(၆)လုံးနဲ့ ကျေးလက်ဆေးပေးခန်း(၁)လုံး ကို ပစ်ခတ်ဖျက်ဆီးတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts