spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်ခံရမှုတွေ များလာတာကြောင့် ဗုံးခိုကျင်း မဖြစ်မနေတူးကြဖို့ အုပ်ချုပ်ရေးမှူးတွေ ညွှန်ကြား

Author

Date

Category

ကန္တာရ၀တီတိုင်း ( မ် )

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအလို စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲခံရမှုတွေ ခပ်စိပ်စိပ်ရှိလာတာကြောင့် နေအိမ်တိုင်း ဗုံးခိုကျင်းတူးထားကြဖို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလစပြီး နေအိမ်တိုင်း ဗုံးခိုကျင်းတူးထားဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တိုက်တွန်းထားတာပါ။ ဗုံးခိုကျင်းတူးထားခြင်း ရှိ ၊ မရှိကို တပ်ပိုင်းဆိုင်ရာ နဲ့ အုပ်ချုပ်ရေးအဖွဲ့က လိုက်လံစစ်ဆေးကြည့်ရှုပြီး အခက်အခဲကြောင့် မတူးရသေးတဲ့နေအိမ်တွေလည်း ရှိသေးတယ်လို့ အုပ်ချုပ်ရေးမှူးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၂၀၂၄ ရဲ့ ၁၂ လပိုင်းကုန်အထိ အပြီး တူးခိုင်းထားတာရှိတယ်။ ဒီ ၂၀၂၅ ရဲ့ ၁ လပိုင်း ၁ ရက်နေ့မှာတော့ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တွေ KSP ၊ KNDF ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ လိုက်ပြီး စစ်ဆေးကြည့်တော့ ပြီးသလောက်တော့ ရှိပြီ။ တချို့တလေ အသစ်လာတဲ့ စစ်ရှောင်တွေက ခက်ခဲနေသေးတော့ သူတို့ပြေးလွှားရတာက တစ်ဖက် နဲ့ သစ်တွေ ၀ါးတွေနဲ့ တဲအိမ်လေးတွေ ဆောက်ဖို့က တစ်ဖက်နဲ့ အမျိုးမျိုး ဒုက္ခရောက်နေကြသေးတာကြောင့် မတူးရသေးတဲ့ အိမ်တွေ တချို့တလေတော့ ရှိသေးတယ်။”လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေကြောင့် နေအိမ်အများစုက ဗုံးခိုကျင်းတွေတူးထားကြပေမယ့် အိမ်တိုင်းစေ့ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်မှာ ဗုံးခိုကျင်း မရှိတဲ့ နေရာတွေ ၊ ဗုံးခိုကျင်းထဲကို ၀င်ဖို့ အချိန်မမှီလိုက်တာတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်ပေါ့နော် ကျနော်တို့ရွာမှာပဲဖြစ်တယ်။ ဗုံးခိုကျင်းထဲကို မပြေးပုန်းတဲ့ အခါကျတော့ ပွဲချင်းပြီး သေဆုံးတာတွေ ဒဏ်ရာရတာတွေနဲ့ ခဏခန ကြုံလာရတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၂၅ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း စစ်ကောင်စီက ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေသလို ဇန်ဝါရီလ ၁၅ ရက်နေ့က စစ်ရှောင်စခန်းတစ်နေရာကို လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သုံးဦး သေဆုံးခဲ့သလို ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၅ခုနှစ် နှစ်သစ်ကစလို့ စစ်ကောင်စီဟာ ကရင်နီပြည် လွိုင်ကော် ၊ ဒီးမော့ဆိုမြို့နယ် နဲ့ ရှမ်း- ကရင်နီနယ်စပ်က ဖယ်ခုံအနောက်ခြမ်းကို ၁၁ ကြိမ်ထက်မနည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts