ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ မတ်လ၂၁ ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းက စစ်ရှောင်နေအိမ် အလုံး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးမှူ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရသလောက် ပြန်လည်ပြုပြင်နေကြတာဖြစ်ပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေရှိတဲ့ မိသားစုတွေမှာ အနီးအနားက ဒေသခံတွေရဲ့ မပျက်စီးသေးတဲ့ နေအိမ်တွေမှာ ခဏတဖြုတ်နေထိုင်ဖို့ကို သွားရောက်အကူအညီတောင်းထားတယ်လို့ စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နေရာထိုင်ခင်းက မိုးဆက်မရွာဘူးဆိုရင်တော့ နေလို့ရတယ်ပေါ့နော်။ ကျမတို့ မိုးကာတွေ အောက်မှာနေလာတာဆိုတော့ အသားကျနေပြီ။ဒါပေမယ့် ကလေးငယ်တွေ လူကြီးတွေ ရှိတဲ့ အိမ်တွေဆိုရင် အနီးအနားက ဒေသခံတွေ မပျက်စီးသေးတဲ့အိမ်တွေ ကို ခဏတဖြုတ်နေခွင့်ပေးဖို့ အကူအညီတောင်းရမှာပေါ့နော်” လို့ ပြောပါတယ်။
ထိခိုက်ပျက်စီးမှုထဲမှာ စစ်ရှောင်စခန်းက စစ်ရှောင်တဲတွေအပြင် ဒေသခံနေအိမ်တချို့လည်း ပါဝင်နေပါတယ်။
နေအိမ်အတွင်းက အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးကုန်ပြီး တချို့စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စပါးတွေပါ ပျက်စီးမှု ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ထိခိုက်ပျက်စီးမှုတွေ များပြားနေတာကြောင့် အရေးပေါ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးကြဖို့ကို စစ်ရှောင်ကော်မတီတစ်ဦးက အခုလို ဆက်ပြောပါတယ်။
“ဒီဘက်မှာက အတော်လေးပျက်စီးနေတယ်။တချို့ဒေသခံတွေလည်းရှိတယ်။ ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ အရေးပေါ်အမြန်တုံ့ပြန်စေချင်တယ်။ အလှူရှင်တွေ ရှိရင်လည်း လာကြည့်ပေးပါ။ ကျမတို့ စစ်ရှောင်မှာက မိုးကာတဲနဲပဲ နေနေခါကျတော့ နေကောညကော အဲဒီမှာပဲ အိပ်နေရတာလေ။အမြန်ပြန်ဆောက်နိုင်ဖို့ ဝိုင်းပြီးတော့ ကူညီကြပါလို့ ပြောချင်တယ်” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာကို စစ်ကောင်စီ က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။