spot_imgspot_imgspot_imgspot_img
Thursday, February 6, 2025
spot_imgspot_imgspot_imgspot_img

လောပိတဘက်ကို စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၊ စာသင်ကျောင်းတွေ ပိတ်ထား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် လောပိတကျေးရွာ မှာ ဒီကနေ့ (နိုဝင်ဘာ ၁၃ ရက်နေ့) နေ့လယ်ပိုင်းအချိန်မှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ တောင်ယာခြံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံတွေကို နေအိမ်ပြန်ခိုင်းတာတွေရှိတယ်လို့ လောပိတ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခြံထဲသွားတဲ့ လူတွေ ပြန်လာကြတယ်ကော။ ပြန်လာခိုင်းတယ်လေ။ လေးအိမ်စု ဘက်မှာ ၁၀၀ လောက်ရောက်နေတယ်။ လွိုင်ကော်ဘက်ကနေလား ဘယ်ဘက်ကနေလည်းတော့ မသိဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပုံမှန် ဖွင့်လှစ်နေတဲ့ လောပိတ စာသင်ကျောင်းတွေကလည်း  ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ပိတ်ထားလိုက်ပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

“ဘယ်ကပိတ်ခိုင်းတာလည်း မသိဘူး။ တချို့ကျောင်းတွေကျတော့ မနက်ကတည်းက ပိတ်ပြီး တချို့ကျတော့ နေ့လည်ပိုင်းမှ ပိတ်တယ်။” လို့ ဆရာမတစ်ဦးက ပြောပါတယ်။

လောပိတကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေမှာလည်း စာသင်ကျောင်းတွေ ပိတ်ထားတာတွေရှိနေပြီး စစ်ကောင်စီတပ်သားတချို့ စာသင်ကျောင်းထဲ ဝင်ရောက်နေရာယူထားတာကိုလည်း တွေ့ရှိရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“လောကထုက မနက်ကတည်းက ပိတ်တယ်။ ဆိုလဆယ်၊ မိုက်ကန်း(ကျေးရွာ) တွေကတော့ သွားတယ်။ ရှမ်းရွာတွေ။ နောက်မှ နေ့လယ်ပိုင်းမှ ပြန်ပိတ်တယ်။” လို့ ဆရာမတစ်ဦးက ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လွိုင်ကော် – လောပိတ လမ်းမကြီး ကို ပိတ်ထားပြီး တချို့ပြည်သူတွေက ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်ပြီး ဝယ်ယူစုဆောင်းကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img