မူဖိလစ်စတာ / ကန္တာရဝတီတိုင်း(မ်)
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်း အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုတွေအပြီး ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး နောက်ဆက်တွဲရလဒ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ (လွတ်မြောက်နယ်မြေ) အမြောက်အများ ပေါ်ပေါက်လာခဲ့ပါတယ်။
နယ်မြေတွေမှာ ပြည်နယ်တခုမှာရှိသင့်တဲ့ အစိုးရယန္တရားတွေ ပြန်လည် လည်ပတ်နိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
ကရင်နီမှာလည်း လွတ်မြောက်နယ်မြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေဟာ ပြည်နယ်ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းမှာ ရှိပါတယ်။ အကြောင်းက စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်တာ လွိုင်ကော်မြို့ပေါ်က လွဲလို့ တခြားမှာ မရှိတော့ပါဘူး။
ပညာသင်ကြားခွင့် အခွင့်အလမ်းဆုံးရှုံးနေတဲ့ ကျောင်းသားတွေက အဲ့ဒီလွတ်မြောက်နယ်မြေတွေမှာ အခြေခံပညာရေးကို လူထုကနေတဆင့် ကိုယ်ထူကိုယ်ထကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နေကြပါတယ်။ ဒါ့အပြင် အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွေကို ဖွင့်လှစ်လာခဲ့ကြတာ အခုဆိုရင် ကျောင်း ၅ ကျောင်းထက်မနည်း ရှိလာပါတယ်။
အဲ့ဒီထဲမှာမှ ခေတ်အဆက်ဆက် အစိုးရလက်ထက်မှာတောင် နယ်စုံအောင်မဖွင့်နိုင်တဲ့ ဆေးပညာရပ်ကျောင်းလည်း ပါဝင်ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါတယ်။
လက်ရှိကရင်နီပြည်ရဲ့ လွတ်မြောက်နယ်မြေမှာတော့ ကရင်နီဆေးကောလိပ် လို့ အမည်ပေးထားတဲ့ ဆေးကျောင်းပေါ်ထွက်လာပါပြီ။ ကရင်နီဆေးကောလိပ်ကျောင်းကို ကရင်နီပြည် လွတ်မြောက်နယ်မြေထဲက တောတောင်ထဲ တနေရာမှာ ဖွင့်လှစ်ထားပါတယ်။
အခုလို စစ်မီးကြားထဲ လူတိုင်းကြိုးစားရှင်သန်နေကြချိန်မှာ ဆေးကျောင်းယန္တရားကြီးတခုကို ထမ်းဆောင်လည်ပတ်နိုင်ဖို့ ဆိုတာမလွယ်လှပါဘူး။ ဒါပေမဲ့ လွတ်မြောက်နယ်မြေမှာ စာသင်နေကြတဲ့ ကရင်နီ ကျောင်းသားလူငယ်တွေရဲ့ စိတ်အားထက်သန်မှု ၊ ပညာသင်ကြားလို စိတ်ပြင်းပြမှုတွေက ဆေးကောလိပ် ဖြစ်လာဖို့အတွက် ခိုင်မာတဲ့ တွန်းအားတခုဖြစ်လာစေခဲ့တယ်လို့ ဆေးကောလိပ်ကျောင်းအုပ် ဒေါက်တာမျိုးခန့်ကိုကို ကပြောပါတယ်။
“ကျောင်းဆင်းပွဲတွေ တွေ့တဲ့ အခါမှာ ကလေးတွေရဲ့ အရည်အချင်းပေါ့နော။ သူတို့ရဲ့ တွေးပုံခေါ်ပုံတွေကအစပေါ့နော အရမ်းကိုတော်ကြပါလား။ ထက်မြက်ကြပါလားပေါ့နော။ မျက်ရည်ကျလောက်အောင် ဒီပြည်နယ်မှာ ဒီလောက်တောင် တော်တဲ့ကလေးတွေ ရှိကြပါလား ပေါ့။ အဲဒီမှာကျနော် ဘာဆက်တွေးမိသွားလဲဆိုတော့ ဒီဟာပြီးသွားရင်သူတို့တွေ ဘာဆက်လုပ်စရာရှိလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲအချိန်မှာ ကရင်နီမှာ အဆင့်မြင့် ပညာရေးကျောင်း တကျောင်းမှမပေါ်သေးဘူး။ နောက်ထပ်ပညာသင်ကြားခွင့် အခွင့်အလမ်းတွေ ဆုံးရှံးပြီပေါ့နော”
အစိုးရခေတ်အဆက်ဆက်က မြန်မာနိုင်ငံတဝန်းမှာ ဆေးတက္ကသိုလ် ၁ (ရန်ကုန်) ၊ ဆေးတက္ကသိုလ် ၂ (ရန်ကုန်) ၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ် မကွေး၊ ဆေးတက္ကသိုလ်တောင်ကြီး စတဲ့ ဆေးကျောင်း ( ၅ ) ကျောင်းသာရှိပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဆေးကျောင်းမှ ကျောင်းသားများနဲ့ ပါမောက္ခတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ CDM ဆေးကျောင်းသားတွေကကြားကာလ ဆေးကောင်စီအသီးသီးဖွဲ့စည်းကြပြီး ဆေးလက်မှတ်ပေးကြပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီလက်အောက်က ဆက်သွားနေတဲ့ ဆေးကျောင်းတွေကိုတော့ အသိမှတ်မပြုဘူးလို့ ဒေါက်တာ မျိုးခန့်ကိုကိုက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေမှာ ပေါ်ပေါက်လာတဲ့ ဆေးကျောင်း ၂ ကျောင်းသာရှိပါသေးတယ်။ ပထမဆုံးပေါ်လာတဲ့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်က ဆေးကျောင်း နဲ့ ယခု ဒုတိယမြောက်ပေါ်ပေါက်လာတဲ့ ကရင်နီဆေးကောလိပ် တို့ပဲဖြစ်ပါတယ်။
ဆေးကျောင်းဖွင့်ဖို့ ဆရာဝန်အသိုင်းအဝိုင်းကြားမှာ အကြိမ်ကြိမ် ကန့်ကွက်ခံရတဲ့ကြားက ကရင်နီ ဆေးကောလိပ်ကျောင်းအုပ် ဒေါက်တာမျိုးခန့်ကိုကို ကကျောင်းကိုဖွင့်ဖို့ စိတ်အားမလျော့ခဲ့တာကိုအခုလို ရှင်းပြပါတယ်။
“တကျောင်း တကျောင်းဖြစ်ဖို့က တအားခက်ခဲတယ်ပေါ့နော။ အဲဒီအတွက် ခက်ခဲမယ်ဆိုတာလည်း ကျနော်တို့နားလည်တယ်။ စလုပ်ကတည်းကိုက ကျနော်တို့က ကန့်ကွက်ခံထိတယ်ပေါ့နော။ ဒါပေမဲ့ အားမလျော့ဘူး ဆက်လုပ်တယ်။ အဲဒီမှာပဲ သင်ရိုးဆွဲပေးမယ် အစ်မက ပေါ်လာတယ်။ သူလည်း နိုင်ငံခြားကပဲ သူကအရမ်းအားပေးတာ သူလည်းကြိုးစားတယ်ပေါ့နော။ ကျနော်တို့ ပထမတကြိမ် နိုင်ငံခြားက ပညာရှင်တွေနဲ့ ဆက်သွယ်တဲ့ ခါမှာ သူတို့ကလည်း အားမပေးပြန်ဘူး။ NUG ရှိတယ်။ NUG ကျောင်းတွေကို မချိတ်ဘူးလား ဘာဖြစ်လို့ကိုယ့်ဟာကို လုပ်ချင်ကြတာလဲ စသဖြင့် အဲဒီမှာတခါ ရိုက်ချခံထိပြန်ရော”
၂၀၂၂ ခုနှစ် ၇ လပိုင်းကစလို့ ဆေးကောလိပ်ကျောင်းအတွက် တာဝန်ခွဲဝေဖို့ ပညာရေးကော်မတီ၊ နေရာရှာဖွေရေးတို့၊ ဆောက်လုပ်ရေး၊ ဘဏ္ဌာရေး၊ မူဝါဒရေးဆွဲရေး စသဖြင့် ဆပ်ကော်မတီ ၆ ရပ်ကို ရေးဆွဲပြီး ကျောင်းလည်ပတ်ရေးလုပ်ငန်းစဥ်ကိုစတင်ခဲ့ပါတယ်။
ဒါပေမဲ့ လူ့အရင်းအမြစ်မလုံလောက်တာ၊ ငွေကြေးမလုံလောက်တာ အပြင်လုံခြုံရေးအတွက် ထည့်တွင်းစဥ်းစားရတာကြောင့် ကျောင်းဖွင့်ဖို့ အဖြစ်နိုင်ဘူးဆိုတဲ့အဖက်ဖက်က ဖိအားတွေကြားက လမ်းစတခုကို ဒေါက်တာ မျိုးခန့်ကိုကိုတွေ့သွားပါတယ်။ အင်္ဂလန်ကနေ သင်ရိုးဆွဲပေးမယ့် ပညာရှင် အမျိုးသမီးတဦးနဲ့ ချိတ်ဆက်မိသွားတာပါ။
အဲဒီနောက် တဖြေးဖြေးနဲ့ လုပ်ဆောင်ချက်တွေ အကောင်ထည်ဖော်လာတဲ့ခါ အလှူရှင်တဦးဆီက မတည်ငွေ နဲ့အတူ ကျောင်းကို ကျပ်သိန်း ၂၅၀ နဲ့ ဖွင့်ဖို့ စဖြစ်လာပါတယ်။
“စလုပ်တဲ့ ခါမှာ သိတဲ့အတိုင်း ကရင်နီမှာ တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ လေယာဥ်တွေရော လက်နက်ကြီးတွေရော ပစ်တဲ့အခါမှာ ကျနော်တို့ လုံခြုံရေးကို အရမ်းစိတ်ပူရတယ်။” လို့ ဒေါက်တာ မျိုးခန့်ကိုကို ကပြောပါတယ်။
ကရင်နီဆေးကောလိပ်ကျောင်းကို ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ MOU ( နားလည်မှုစာချွန်လွှာ) ရေးထိုးထားတယ်လို့ ပြောပါတယ်။ ကရင်နီဆေးကောလိပ်က မြန်မာ့ကားကြာလ အစိုးရတွေရဲ့ အသိအမှတ်ပြုကျောင်းတကျောင်း ဖြစ်ပါတယ်။
ကရင်နီဆေးကောလိပ်ကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ GED ကဲ့သို့သော နိုင်ငံတကာ အထက်အတန်းအဆင့် အောင်ထားသူတွေ ဝင်ခွင့်ဖြေဆိုနိုင်တယ်လို့ဆိုပါတယ်။ ဝင်ခွင့်ပထမအဆင့်မှာ စာရေးဖြေရပါမယ်။ အဲဒီနောက် ကိုယ်ရေးရာဇဝင်စစ်ဆေးခြင်း ပြုလုပ်မှာဖြစ်ပြီး နောက်ဆုံးအဆင့်မှာတော့ လူတွေ့စစ်ဆေး မှာဖြစ်ပါတယ်။
ကရင်နီဆေးကောလိပ်ကို လည်ပတ်ဖို့ တနှစ်ကျော်ကြာကြိုးစားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပထမဆုံးစာသင်နှစ်ကို စတင်ခေါ်ယူနိုင်ခဲ့ပါတယ်။ ဆေးကောလိပ်မှာစာသင်နှစ် ၇ နှစ်တက်ရောက်ရမှာဖြစ်ပြီး ကျောင်းသားကိုလည်း နှစ်စဥ်ခေါ်ယူသွားမယ်လို့ပြောပါတယ်။
“မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဆေးကျောင်း ခုနှစ်ကျောင်းစလုံး ဒီ သင်ရိုးကိုပဲ သုံးကြတယ်ပေါ့နော။ သူတို့ရမယ့်ဘွဲ့တွေလည်းပဲ တန်းတူဖြစ်တယ်။ MBBS (Bachelor of Medicine and Bachelor of Surgery) ဆေးပညာဘွဲ့ပဲဖြစ်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ဆရာဝန်တွေ ဖြစ်ကြမယ်”
ကရင်နီဆေးကောလိပ်ကို ၂၀၁၉ ခုနှစ်ကပြုပြင်ရေးဆွဲခဲ့တဲ့ ဆေးပညာသင်ရိုးညွှန်းတမ်းအသစ် ကိုသင်ကြားပေးနေတယ်လို့ပြောပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကာလမှာ စတင်တည်ထောင်လာတဲ့ ကျောင်းဖြစ်လို့ ဘဏ္ဠာရေး၊ လူ့အရင်းမြစ်၊ သင်ထောက်ကူပစ္စည်း စသဖြင့် လိုအပ်ချက်တွေ ရှိနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမစာသင်နှစ်မှာ ကရင်နီပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဦးရေ ၁၆၀ ခန့်လာရောက်ဖြေဆိုခဲ့တဲ့အနက် ဝင်ခွင့်နောက်ဆုံးအဆင့်အထိအောင်မြင်ခဲ့တဲ့ ကျောင်းသား ၃၇ ဦး က ကရင်နီဆေးကောလိပ်မှာ တက်ရောက်သင်ကြားနေပါပြီ။
ဘီဘီစီရဲ့ သတင်းအရ NUG ကြားကာလတက္ကသိုလ်ကောင်စီတွေက ပေးတဲ့ MBBS ဘွဲ့အပါအဝင် အခြားဘွဲ့တွေကိုပါ ဗြိတိန်၊ ကနေဒါစတဲ့ အနောက်နိုင်ငံတွေမှာသာမက နိုင်ငံအများစုက တက္ကသိုလ်တွေက လက်ခံတယ်လို့ သိရပါတယ်။