ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်လိုတဲ့ ဒေသခံတွေဟာ လွိုင်ကော်မြို့နယ်စီမံ အုပ်ချုပ်ရေးရုံးမှာ စာရင်းပေးသွင်းပြီး ပြန်လည်နေထိုင်နိုင်ပြီလို့ စစ်ကောင်စီက နိုဝင်ဘာလအတွင်းမှာ ကြေငြာထားပါတယ်။ ဒါ့အပြင် ကြေငြာစာတွေကို ရပ်ကွက်တွင်း လိုက်လံ ကပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကတော့ အိမ်တွေပြန်ပေးကြည့်ရုံပဲ။ ခုတော့ ပြန်နေချင်ရင် နာရီစင်နားက အုပ်ချုပ်ရေးရုံးမှာ စားရင်းပေးပြီး နေလို့ရပြီ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
လွိုင်ကော် တစ်လေးလုံးစစ်ဆင်ရေးအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ နောာင်ယား (က) ၊ နောင်ယား (ခ) ၊ မိုင်းလုံး၊ ထေးသမ ရပ်ကွက်နဲ့ ဒေါဥခူရပ်ကွက်တွေမှာ ပြန်နေထိုင်လိုပါက စာရင်းသွင််းခိုင်းတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်လေးလုံးစစ်ဆင်ရေးကြောင့် မြို့တွင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်ခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့ဒေသခံအများစုဟာ နီးစပ်ရာ ရှမ်းပြည်နယ် က မြို့နယ်တွေမှာ တိမ်းရှောင်ခဲ့ကြရပါတယ်။ စစ်ဆင်ရေးဖြစ်ပွားပြီး ၁နှစ်အကြာမှာတော့ စစ်ကောင်စီက အခုလို ကြေညာထားတာဖြစ်ပါတယ်။
မြို့တွင်းမှာ လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်း ပုံမှန်ပြန်လည်ရရှိဖို့ နဲ့ ဌာနဆိုင်ရာရုံး ၊ ဈေး ၊ တက္ကသိုလ်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့လည်း စစ်ကောင်စီကလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက နောင်ယား (ခ) ရပ်ကွက်မှာ ပြန်လည်နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ နေအိမ်ဝန်းထဲမှာ မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
စစ်ဘေးတိမ်းရှောင်ကြတဲ့ လွိုင်ကော်မြို့ခံတွေ နေအိမ် ပြန်လာကြည့်တာ များလာပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်မပြန်ရဲဘူးလို့ ဒေသခံတချို့က ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
“နောင်ယားကန်နားက အိမ်မှာ မိုင်းနင်းမိတယ်ကြားတော့ ကိုယ့်အိမ်တွေမှာကော မိုင်းတွေ ရှိ ၊ မရှိ မသိသလို၊ ရှင်းထားလား မရှင်းထားလားလည်း မသိတော့ မပြန်ရဲသေးပါဘူး။ အိမ်ကလည်း သူခိုး ခိုးခံရလို့ ကုန်သလောက်ရှိနေပါပြီ” လို့ နောင်ယား (ခ) ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ဟာ ဧရိယာစတုရန်းမိုင် ၂၃၀ ခန့် ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် ၃၀ ခန့်ရှိပြီး လူဦးရေ ၆၀၀၀၀ ကျော်ရှိပါတယ်။ လက်ရှိမှာ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ နမ့်ဘော်ဝမ် ၊ မင်းစု ၊ ရှမ်းပိုင်း ၊ ဒေါနိုးကူး ၊ နမ့်ကွတ် ၊ ရွှေတောင် ၊ ဒေါတမ ၊ ဈေးပိုင်း ၊ လောဓမ ၊ ဓမ္မရုံ၊ မင်္ဂလာ စတဲ့ရပ်ကွက်တွေမှာတော့ ဒေသခံတချို့ ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့တွင်းမှာတော့ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ကြိုးပမ်းနေရှိသလို မြို့အဝင်အထွက် ပတ်လည်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။