ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသခံတွေ ပြန်လာနေခြင်းမရှိတဲ့ နေအိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းယူမယ်လို့ စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ရင်း လွိုင်ကော်မြို့က နေအိမ်ကို ပြန်လာကြည့်တဲ့ ဒေသခံတချို့ကို ရပ်ကွက်ထဲ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေက ပြောဆိုခဲ့တယ်လို့ မျက်မြင်ကြုံတွေ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
” အိမ်တွေ ပြန်ကြည့်တော့ စာရင်းပေးရတယ်။ သူတို့က လာပြန်နေမှာလား မနေရင် ပြည်သူပိုင်သိမ်းမှာလို့ ပြောတယ်။ ခုက စစ်ရှောင်ရင်း အခြား မြို့မှာ ဆိုင်လေးတောင်ဖွင့်နေပြီ အဲ့လိုဆိုရင်တော့ တကယ်ဆို စိတ်ပျက်စရာပဲ။” လို့ ချိကယ် ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
၂၀၂၃ခုနှစ် ၊ တစ်လေးလုံးစစ်ဆင်ရေးမှာ လွိုင်ကော်မြို့တွင်းတိုက်ပွဲတွေကြောင့် ဒေသခံအများစုဟာ တခြားနေရာ၊ ဒေသတွေကို တိမ်းရှောင်ခဲ့ရတာပါ။ တစ်နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်တွေကို ပြန်ကြည့်ကြတာရှိပေမယ့် ဒေသခံတွေက ပြန်လည်အခြေချနေထိုင်ဖို့ အခက်အခဲရှိနေသေးချိန်မှာ အခုလို ဖိအားပေးခံနေရတာပါ။
“အဲ့လိုကြားတယ်ဗျ။ မြို့ထဲက အိမ်တွေကို လာပြန်မနေရင် စည်ပင် က သန့်ရှင်းရေး ဝင်လုပ်ပေးပြီး ယာယီ စည်ပင်ပိုင် အဖြစ် သိမ်းထားမယ်ပေါ့။ ပြန်ပေး မပေးတော့ မသိဘူး။ ပေးရင်တောင် ငွေတော့ပေးရမယ်ထင်တယ်။ သန့်ရှင်း ခ ပုံစံပေါ့။ လက်တွေ့မှာတော့ မလုပ်သေးဘူး ကြားတော့ကြားနေရတယ် လုပ်မယ်လို့။ ” လို့ လွိုင်ကော် စည်ပင်သာယာရေး ဝန်ထမ်းနဲ့ နီးစပ်သူတစ်ဦးကလည်း ဆိုပါတယ်။
လွိုင်ကော်မြို့တွင်းကို စစ်ကောင်စီက ထိန်းချုပ်နိုင်ကြောင်း နဲ့ ပုံမှန် လည်ပတ်နေပြီဖြစ်ကြောင်း ပြသဖို့ အခုလို ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောဆို နေကြပါတယ်။
ဒါ့အပြင် လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီထိန်းချုပ်တဲ့ ရပ်ကွက်အတွင်းက လူမနေတဲ့ နေအိမ်တချို့ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်ရှင်တွေကို အသိပေးခြင်းမရှိဘဲ အိမ်ငှားခေါ်ယူပြီး ဌားရမ်းခကို ယူနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ၊ နိုဝင်ဘာလအတွင်းမှာလည်း လွိုင်ကော်မြို့ပေါ်က နောင်ယား (က) ၊ နောင်ယား (ခ) ၊ မိုင်းလုံး၊ ထေးသမ ရပ်ကွက်နဲ့ ဒေါဥခူရပ်ကွက်တွေမှာ ပြန်လည်နေထိုင်လိုတဲ့ ဒေသခံတွေဟာ လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေးရုံးမှာ စာရင်းပေးသွင်းပြီး နေထိုင်နိုင်တယ်လို့ စစ်ကောင်စီက အသိပေးထားတာ ရှိပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ မြို့တွင်းမှာ လျှပ်စစ်မီး၊ ဆက်သွယ်ရေးလိုင်း ပုံမှန်ပြန်လည်ရရှိဖို့ လုပ်ဆောင်နေပြီး ဌာနဆိုင်ရာရုံး ၊ ဈေး ၊ တက္ကသိုလ်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နေကြောင်းနဲ့ မြို့တွင်းမှာလည်း ရှင်းလင်းရေးလုပ်ဆောင်နေပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြလေ့ရှိပါတယ်။