spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ နှစ်ရက်အတွင်း ဖမ်းဆီးစစ်ဆေးခံရသူ ၅ဦးရှိ၊အမျိုးသမီးတစ်ဦးပါဝင်

လဲသျို့ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ် အသွားအလာတွေကို စစ်ကောင်စီက စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၀ရက်နဲ့ ၂၁ရက်နေ့ ၂ရက်အတွင်း စစ်ဆေးဖမ်းဆီးခံရသူ ၅ဦးအထိရှိနေတယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတစ်ဦးပါဝင်ပြီး မည်သူတွေဖြစ်ကြောင်းကို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လွိုင်ကော်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးရဲ့ ပြောပြချက်တွေအရတော့ ရဲနဲ့စစ်သားတွေဟာ နေ့တိုင်း မတူတဲ့နေရာတွေမှာ စစ်ဆေးမှုတွေပြုလုပ်တယ်လို့ ပြောပါတယ်။

“ စစ်တာကတော့ အဓိက ဖုန်းစစ်တယ်။ messenger ဝင်စစ်တယ်ပေါ့နော။ ဘယ်သူတွေနဲ့ အချိတ်အဆက်ရှိလဲ။ ကိုယ့်ဖုန်းထဲ facebook အကောက်ထဲ သူငယ်ချင်းတစ်ယောက် သေနတ်ပုံနဲ့ ပရိုဖိုင်တွေ့ရင်ဖြစ်ဖြစ်၊ တစ်ခုခုတွေ့ရင် မေးတယ်။ “ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၄ရက်နေ့က ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ချိကယ်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ပိတ်မိနေတာတွေရှိခဲ့သလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး ယခုအချိန်မှာတော့ နေရပ်ပြန်လည်နေထိုင်နေသူတွေရှိပါတယ်။

စစ်ကောင်စီက နေရပ်ပြန်နေထိုင်သူတွေကို မှတ်ပုံတင်စစ်တာတွေပြုလုပ်သလို တခါတလေမှာ ဧည့်စာရင်းတွေကို လိုက်စစ်ဆေးတာလည်း ပြုလုပ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img