spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း အရပ်သားနေအိမ် (၆၀) ကျော် မီးလောင်ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဇွန်လနောက်ဆုံးပတ်ကစပြီး ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ မိုင်းလုံးရပ်ကွက်အတွင်းကို အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ဒေသခံတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာပြီး ယနေ့အထိ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်အတွင်းက ဒေသခံတွေရဲ့နေအိမ်တွေကို အကြောင်းအရင်းမရှိ မီးရှို့ဖျက်ဆီးမှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

“ ပြီးခဲ့တဲ့လကတော့ မိုင်းလုံးရပ်ကွက်က ကျနော်ရဲ့ အိမ်ကို ပြန်ကြည့်သေးတယ်။ အဲ့တုန်းကတော့ လမ်းမှာ စစ်သားတွေက နေရာယူထားတာတွေ့တော့ ပြန်မဝင်ရဲတော့ဘူး။ နောက်ပိုင်းကစပြီး နေအိမ်မီးရှို့ခံရတာကို အဝေးကနေ လှမ်းမြင်ခဲ့ရတယ်။ ပြီးတော့ တိုက်ပွဲတွေလည်းဖြစ်တယ်လို့ ပြောတော့ မပြန်ရဲကြတော့ဘူး။ တချို့ကတော့ ရပ်ကွက်ထဲ နေကြသူတွေလည်း ရှိသေးတယ်လို့ ကြားတယ်။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရပ်ကွက်အတွင်းဝင်ရောက်ကာ လူထုတွေရဲ့နေအိမ်ကို ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းတွေယူဆောင်တဲ့အပြင် မီးရှို့ဖျက်ဆီးမှုပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့အထိ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်က ဒေသခံတွေရဲ့နေအိမ် ၆၀ ကျော်ဟာ
မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်တဲ့ အချိန်ကစပြီး ဒီကနေ့ အချိန်ထိ လွိုင်ကော်မြို့တွင်းနေရာအနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်လို့ KNDF က အသိပေးပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့ကစပြီး လွိုင်ကော်မြို့ပေါ် ရပ်ကွက်မှာ စစ်ကြောင်းထိုးနေရာယူလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ၊ KA ၊ MK CDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ယနေ့အထိ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ မြကလပ်တောင် စတဲ့ နေရာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီကတော့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်နိုင်ဖို့အတွက် မြို့နေလူထုတွေကို နေရပ်ပြန်လာဖို့ ပြောဆိုလှုံ့ဆော်လျက်ရှိနေတာကြောင့် သတိပြုကြဖို့ KNDF က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ နေအိမ်မပြန်သေးဖို့ ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံကနေ မှန်ကန်တဲ့သတင်းအချက်အလက်ရယူကြဖို့ ၊ မိမိတို့ရဲ့လုံခြုံရေး ဦးစားပေးဖို့ နဲ့ စစ်ရေးသတိရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သုံးနှစ်ကျော်ကာလအတွင်း ကရင်နီပြည်မှာ ပျက်စီးသွားတဲ့ အရပ်သားနေအိမ် ( ၂၆၁၆) လုံး ရှိတယ်လို့ တိုးတတ်သောကရင်နီပြည်သူ့အင်အားစု(PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts