spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ညဖက်အဖမ်းအဆီးရှိနေတယ်လို့ ‌ဒေသခံတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက်အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ မြို့နေဒေသခံတွေက ကန္တာရဝတီတိုင်း မ် ကို ပြောပါတယ်။

ညဖက် ၆ နာရီနောက်ပိုင်းမှာ မြို့တွင်းနေထိုင်သူတွေက အပြင်မထွက်ကြတော့ပေယ့် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သူတွေကို ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သိတာတစ်ခုက သူတို့ ( စစ်ကောင်စီ) ဖမ်းတယ်။ အရွယ်ကောင်းဆို အမှုအမျိုးမျိုးတပ်တယ်။ ဥပမာ ညအချိန်မတော်ထွက်ရင်ဖမ်းတယ် မသင်္ကာမှု အဲ့လိုပေါ့။ ငွေနိုင်ရင်ငွေနဲ့ရွေး မနိုင်ရင်အဝေးပို့ပြီး စစ်သားလုပ်ခိုင်းတာနေမှာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်မှုထမ်းဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် စစ်ကောင်စီက တပ်သားခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။ မြို့တွင်းရှိရပ်ကွက်မှာ နေထိုင်သူတွေကို စစ်မှုထမ်းဖို့ အဓိကခေါ်ယူနေပြီး မြို့စွန်ရှိ ရပ်ကွက်တွေကိုတော့ ပြည်သူ့လုံခြုံရေးအဖြစ် ခေါ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်ရောက် လွိုင်ကော်ဒေသခံတွေကိုလည်း လက်ရှိမှာ နေရပ်ပြန်နေဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုနေပါတယ်။ နေရပ်ပြန်ကြည့်လိုသူ၊ နေအိမ်တွင်း ပစ္စည်းပြန်လည်သယ်ယူလိုသူတွေကို စစ်ကောင်စီက ဒေသကွပ်ကဲရေးမှူးဌာနချုပ် စစ်ဦးစီးရုံးရဲ့ ထောက်ခံစာကို တစ်ပါးတည်း ယူလာခိုင်းထားပါတယ်။ ထောက်ခံစာသက်တမ်းကတော့ တစ်ရက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ထဲမှာ ပစ်ခတ်မှုတွေလည်းရှိနေသလို နေအိမ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“လွိုင်ကော်မှာ မာရှယ်လော ပုံစံ မထုတ်ထားပေမဲ့ ဟိုအရင်တည်းက ပစ်တာမျိုးရှိတယ်။ ည လူရိပ်မြင်ရင်ပစ်တယ်။ နမ့်ဘော်ဝမ် လို အစွန်ကျတဲ့နေရာမျိုးနဲ့ သူတို့( စစ်ကောင်စီ) ရှိတဲ့နေရာတွေ သေနတ်သံတွေ ကြားကြားရတယ်ဗျ။ ကျနော်ရှိစဥ်တုန်းက” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မြို့တွင်းမှာ ဒေသခံ လူငယ်အမျိုးသားတွေ ပြန်လည်နေထိုင်မှု နည်းပါးနေပြီး တချို့ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်း နဲ့ ပြည်သူ့လုံခြုံရေး ခေါ်ယူမှုကြောင့် ထပ်မံ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ​ခေါ်ယူတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်ဖြစ်ပါက စစ်သင်တန်းကာလ ၂လတာ တက်ရောက်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အသက် ၅၀ နှစ်အထက် အမျိုးသားတွေကို မိမိတို့ရပ်ကွက်အတွင်းမှာသာ လုံခြုံရေး ကင်းစောင့်ခိုင်းမှာဖြစ်ပြီး အသက် ၃၅ ကနေ ၅၀ အထိ အမျိုးသားတွေကိုတော့ ရပ်ကွက်အစွန်အဖျားတွေမှာ ကင်းစောင့်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts