spot_imgspot_imgspot_imgspot_img
Thursday, January 23, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ (၁၂)ဦးရှိ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာ တစ်ပတ်အတွင်း (၁၇)ဦးထိရှိတယ်လို့ သိရပါတယ်။ ကိုဗစ် ၁၉ ဓါတ်ခွဲ အတည်ပြုလူနာလို့သာ ထုတ်ပြန်ထားပြီး ကိုဗစ်အမျိုးစားကိုတော့ ထုတ်ပြန်ထားခြင်းမရှိပေ။

“အရင်ကလို ဂိတ်တွေထားပြီးစစ်တာမျိုး မရှိတော့ ကိုဗစ်က ဒီထက်များနေတာမျိုးလည်း ဖြစ်နိုင်တယ် ။ နောက်တစ်ချက်ကတော့ လူတွေက MOH အပေါ် စိတ်ဝင်စားမှု မရှိတော့ သတင်းထုတ်ပြန်ချက်တွေ မကြည့်တော့ သိကိုမသိနေကြတာ။ ခုစစ်ဆေးမှုတွေက ဆေးရုံကနေ စစ်တာတွေ ဖြစ်လိမ့်မယ်” လို့ ပရဟိတလူမှုကူညီရေးအဖွဲ့တစ်ခုမှ အသင်းဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့အတွင်း ကိုဗစ်ကန့်သတ်မှုများ စည်းကမ်းချက်တွေ ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် လူစည်ကားတဲ့နေရာတွေကို mask ဖြန့်ဝေတာ၊ အသိပညာပေးပြောကြားတာတချို့ရှိတယ်လို့ လွိုင်ကော်မြို့ခံထံကနေ သိရပါတယ်။ သို့သော် မြို့တွင်း mask တပ်မှုနည်းပါးပြီး ကိုဗစ်ဖြစ်ပွားမှုကို သတိမထားကြတဲ့ အနေအထားမှာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ စိုးရိမ်စရာမဟုတ်ပေမယ့် သတိထားတပ်ဆင်ကြဖို့ ဒေသခံတစ်ဦးက တိုက်တွန်းပြောဆိုပါတယ်။

လွိုင်ကော်ဒေသခံတစ်ဦးကလည်း “Non-CDM ကနေစတွေ့တာလို့ ကြားတယ်။ ရန်ကုန်မှာ အစည်းဝေးတတ်ပြီး ပြန်လာတာလို့ ပြောနေကြတာပဲ ။ အရင်ကလို ဘယ်ကလဲ ဘယ်သူလဲ သိဖို့ ပိုခက်တာရယ် လူတွေက စိတ်မဝင်စားကြတာရယ်ကြောင့် တိတိကျကျတော့ ဟုတ်ချင်မှဟုတ်မယ်။” လို့ ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို လွိုင်ကော်မြို့နမ်စေတီ ဓမ္မာရုံမှာ တနင်္လာနေ့မှ သောကြာနေ့အတွင်း အခမဲ့ ထိုးနှံပေးလျက်ရှိနေပြီး ပြီးခဲ့တဲ့လတွေက မြို့ပေါ်ကပြည်သူတွေ အများအပြားသွားရောက်ထိုးနှံခဲ့ကြပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့အနီးရှိ ကျေးရွာကပြည်သူတွေလည်း ကားတွေနဲ့ ရွာလုံးကျွတ်နီးပါး လာရောက်ထိုးနှံခဲ့ကြတယ်လို့ သိရပါတယ်။ ခရီးသွားလာတဲ့အခါ၊ စစ်ဆေးရေးဂိတ်တွေစစ်ဆေးခံရတဲ့အခါ ကိုဗစ်ကာကွယ်ဆေးလက်မှတ်မပါရင် ဒဏ်ကြေးဆောင်ရတာတွေရှိခဲ့သလို တစ်နယ်တစ်ကျေးစစ်ရှောင်ရတဲ့အခါမှာလည်း ကိုဗစ်ကာကွယ်ဆေးလက်မှတ်မပါရင် အခက်အခဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img