spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ပြန်လည်တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် ပြန်လာနေထိုင်သူနည်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ‌ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ နာနတ်တောရပ်ကွက်၊ နောင်ယား( က ) ရပ်ကွက်၊ ‌ထေးဌားလျားရပ်ကွက်၊ နောင်ယား ( ခ ) ရပ်ကွက်၊ တောင်ကွဲစေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဥ်ကျေးမှုပြတိုက်၊ စက်မှုလက်မှု သိပ္ပံကျောင်း၊ ပြည်နယ်အစိုးရရိပ်သာ၊ ပြည်နယ်အဆင့်ဝန်ကြီးဌာနရုံးများ၊ အရေးကြီးအဆောက်အအုံ၊ လွိုင်ကော်လေဆိပ်၊ လွိုင်ကော်တက္ကသိုလ် စတဲ့နေရာတွေကိုလည်း သန့်ရှင်းရေးလုပ်ပြီးသွားပြီလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နေပေမယ့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အတွက် ပြန်လည်မနေထိုင်ရဲသေးဘူးလို့ လွိုင်ကော်ကနေ ရှမ်းပြည်ဘက်ကို စစ်ရှောင်သွားသူအမျိုးသမီး တစ်ဦးက ပြောပါတယ်။

” လုံးဝ ငြိမ်သွားတော့မှပဲ ပြန်တော့မယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူက လုပ်လိုက် ကိုယ်က ပြေးလိုက်နဲ့ဆိုရင် ဒီမနက်( ဇူလိုင်လ ၄ ရက်နေ့ ) သူတို့ ဖြစ်တဲ့နေရာတွေဆိုရင် လူထုတွေရှိတဲ့နေရာပေါ့နော။ တကယ်လူများတွေ လုပ်စားနေတဲ့ နေရာပေါ့နော။ အဲဒီလိုမျိုးခါကျတော့ အဆင်မပြေတော့ဘူးပေါ့နော။ ” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ အုပ်ချုပ်‌ရေးယန္တာရားတွေ ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်နေထိုင်ဖို့ ပြီးခဲ့တဲ့လကတည်း ခေါ်ဆောင်နေပါတယ်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ဇွန်လနဲ့ ဇူလိုင်လအတွင်း လွိုင်ကော်မြို့ထဲ ပြန်ဝင်လာတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်း ၅၅၁ ဦးကို ‌ထောက်ပံ့ငွေတွေ ပေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တာရားတွေကို ပြန်လည်ပတ်ဖို့ ကြိုးစားနေပေမယ့် လူထုတွေ ဝန်ဆောင်မှုရယူဖို့ ခက်ခဲတယ်လို့ လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

” ဆေးရုံတော့ ဖွင့်တော့ ဖွင့်နေပြီ ဒါပေမယ့် ဆေးဝါးတွေကတော့ မစုံဘူးလေ။ ဆရာဝန်တွေလည်း မစုံသေးတဲ့အခါကျတော့ အခက်အခဲတော့ ရှိတာပေါ့။ အရေးကြီးအပိုင်းတွေ ရှိမယ်ဆိုရင်တော့ စစ်ဆေးရုံက လက်ခံကုပေးတယ်။ လုံးဝ အဆင်မပြေဘူးဆိုရင်‌တေ့ တခြားနေရာကို လွဲတာပေါ့။ အောင်ပန်းတို့ တောင်ကြီးတို့ အဲဒီလိုမျိုးတွေ သွားတာတော့ရှိတယ်။ ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာလည်း တိုက်ပွဲမဖြစ်ပွားတာ ၁ လကျော်ကြာပြီဖြစ်တဲ့ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပေမယ့် နေရပ်ပြန်ကြတဲ့ လူထုတချို့ဟာ မြို့တွင်းက ရပ်ကွက်တွေမှာ ပြောင်းရွေ့နေထိုင်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts