spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ သံတိုသံစ ကောက်ယူရောင်းချသူ များပြားလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့ပေါ်မှာ သံတိုသံစတွေကို လိုက်လံကောက်ယူပြီး ရောင်းချကာ ဝင်ငွေရှာသူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံတိုသံစကောက်ယူသူတွေဟာ လမ်းမပေါ် အပြင် ပျက်စီးသွားတဲ့နေအိမ်တွေမှာလည်း ရှာဖွေကောက်ယူတာမျိုးရှိတယ်လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

“ လွိုင်ကော်မြို့မှာတော့ သံတိုသံစတွေ လိုက်ကောက်ပြီးတော့ ရောင်းနေကြတာ။ အဲ့ဒီလိုလုပ်ပြီး ဝင်ငွေရှာကြတာပေါ့။ လမ်းပေါ်တွေမှာ ရှာကြတယ်။ တချို့လည်း ပျက်သွားပြီး ပိုင်ရှင်ပြန်မလာတဲ့အိမ်တွေမှာ ဝင်ရှာကြတယ်။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တချို့တွေမှာ စစ်ကောင်စီက ပြန်လည်နေထိုင်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုပေမယ့် မြို့ခံအားလုံးကတော့ ပြန်လာနေထိုင်တာမျိုးတွေ မရှိသေးပါဘူး။ လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်နေပြီး လွိုင်ကော်မှာ ကျန်ခဲ့တဲ့နေအိမ် မီးလောင်ပျက်စီးသွားသူတစ်ဦးကတော့ အခုလိုပြောပါတယ်။

“သံလည်းမကောက်စေချင်တော့ဘူး။ ခိုးလည်း မခိုးစေချင်ဘူး။ ပြာဖြစ်သွားမှတော့ နှမြောတာတော့မဟုတ်ပေမယ့် ဒီအတိုင်းအိမ်ရှင်မရှိတော့ အိမ်ကို လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့ ပုံစံနဲ့တူနေတယ်။” လို့ သူက ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်တဲ့ တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့မှာ အခုလို သံတိုသံစ ကောက်ယူရောင်းချသူတွေ တဖြည်းဖြည်း များပြားလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လွိုင်ကော်မြို့မှာ နှစ်ဖက်ပစ်ခတ်မှုတွေလည်း ရှိနေသေးတဲ့အတွက် မြို့တွင်းမှာ တခြားဝင်ငွေရ အလုပ်အကိုင် နည်းပါးနေပြီး ဘူးခွံ၊ ပုလင်းခွံ၊ သံတိုသံစ ကောက်ယူရောင်းချမှုသာ အဓိက စီးပွားဖြစ်နေတယ်လို့ ဆိုကြပါတယ်။ သံတိုသံစ ကောက်ယူပြီး စျေးကွက်ထဲပိုမိုရောက်ရှိလာတာနဲ့အတူ နေအိမ်ဖောက်ထွင်းခံရမှုတွေလည်း များပြားနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက လွိုင်ကော်မြို့ပေါ်မှာ တည်ငြိမ်အေးချမ်းနေပြီလို့ ထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်အထိ နေအိမ်ဖောက်ထွင်းခံရမှုတွေရှိနေပြီး အရေးယူမှုမရှိသေးဘူးလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts