spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ အဝေးပြေးယာဥ်လိုင်းတွေ ပြန်လည်ပြေးဆွဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရန်ကုန် – လွိုင်ကော်ကို ပြေးဆွဲတဲ့ အဝေးပြေးယာဥ်လိုင်းတွေကို ပြန်လည်ပြေးဆွဲမှုတွေ ရှိနေပြီလို့ ယာဥ်လိုင်းပြေးဆွဲနေသူတွေထံကနေ သိရပါတယ်။

မျိုးဆက်သစ်ယာဥ်လိုင်းကတော့ ဒီကနေ့( ဇူလိုင်လ ၁၆ ရက်နေ့) မှာ စတင်ပြီး ရန်ကုန် – တောင်ကြီး ၊ ထိုမှတဆင့် တောင်ကြီး – လွိုင်ကော် ကို နှစ်ဆင့်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“တခြားယာဥ်လိုင်းခါကျတော့ ကားငယ်တွေရှိမှာပေါ့။ တောင်ကြီး – လွိုင်ကော်ခါကျတော့ ကားငယ်တွေပဲရှိမယ်။ ရန်ကုန်ခါကျတော့ ရန်ကုန်ကနေ တောင်ကြီးအထိကတော့ ကားငယ်နဲ့ တောင်ကြီးကနေပြီးတော့ မျိုးဆက်သစ်က သွားတာ ဒီဘက်ကတော့ ကားကြီးက ဝင်လို့ မရသေးလို့ ကားငယ်နဲ့ ပြန်ချိန်းပြီးတော့ သွားတာ။ နောက်ဆိုရင် လွိုင်ကော်-ရန်ကုန် ကားကြီး တိုက်ရိုက်ဝင်မှာပေါ့နော။ အခုက ကားကြီးဝင်လို့ မရသေးလို့။” လို့ မျိုးဆက်သစ်ယာဉ်လိုင်းဂိတ်တခုကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ဖြေကြားထားပါတယ်။

တခြား ယာဉ်လိုင်းကားတွေ ပြေးဆွဲခြင်း ရှိ၊ မရှိကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မျိုးဆက်သစ်ယာဉ်လိုင်းကနေ ခရီးသည်တစ်ဦးအတွက် ကားခ ၅၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ လွိုင်ကော်မြို့မှာ ၁ လေးလုံး စစ်ဆင်ရေးနောက်ပိုင်း မြို့အသီးသီးကို ပြေးဆွဲတဲ့ ယာဥ်လိုင်းအားလုံးရပ်တန့်သွားခဲ့ပါတယ်။ မေလနောက်ပိုင်းမှာသာ လွိုင်ကော်မြို့တွင်းကို ကားငယ်တွေ ပြန်လည်ပြေးဆွဲခဲ့ပေမယ့် ယာဉ်လိုင်းကားကြီးတွေကတော့ လက်ရှိအချိန်အထိ ပြေးဆွဲတာမျိုး မရှိသေးပါဘူး။

“ လွိုင်ကော်မြို့မှာ နေ့တိုင်းကတော့ ကားတွေသွားနေတယ်။ ဒါပေမယ့် လိုင်းကားတွေဆိုရင်တော့ အချိန်ပုံမှန်ရှိတာပေါ့။ ကျန်တဲ့ဟာတွေကတော့ လူပြည့်မှ ကားထွက်တာမျိုးတွေတော့ ရှိတယ်။ ကုန်ကျစရိတ်တွေကတော့ သိပ်မကွာပါဘူး။” လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပြပါတယ်။

လက်ရှိ လွိုင်ကော်မြို့ရဲ့ ၁၀ ပုံမှာ ၄ ပုံလောက်ကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီး လူထုတွေပြန်လည်နေထိုင်နိုင်ကြောင်း ကြေညာထားပါတယ်။ လွိုင်ကော်မြို့ပြင်ရဲ့နေရာတချို့တွေမှာတော့ နှစ်ဖက်ပစ်ခတ်သံတွေကြားနေရဆဲလို့ လွိုင်ကော်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts