လေးမြာ/ကန္တာရ၀တီတိုင်း(မ်)
ဒေသခံပြည်သူတွေအပြင် ခရီးသွားပြည်သူတွေပါ စည်စည်ကားကားနဲ့ လည်ပတ်လို့ကောင်းတဲ့ ကရင်နီပြည်ရဲ့ လွိုင်ကော်မြို့လေးဟာ ခုတော့ စိတ်ခြောက်ခြားစရာကောင်းတဲ့ မြို့လေးတစ်မြို့လို့ဆိုရတော့မှာပါ။
မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ကြောင့် လူထုတွေဟာ မလုံခြုံမှုတွေကြား ကြောက်ရွံ့စွာနဲ့ သွားလာနေကြရပါတယ်။
အဲ့လို စစ်ကောင်စီရဲ့ တင်းကြပ်တဲ့ စစ်ဆေးမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေကြား အထူးသဖြင့် အမျိုးသမီးတွေဆိုရင် မလုံခြုံမှုတွေ ကြောက်ရွံ့မှုတွေ နဲ့ ကြုံတွေ့နေကြရပါတယ်။
“ဖုန်းစစ်တယ် ပြီးတော့ ဒဏ်ရာရနေတဲ့ စစ်ရှောင်နေတဲ့ ကိုယ့်ရဲ့မိသားစုတွေ ဓာတ်ပုံလေး နဲနဲပါးပါးရိုတ်ထား တာမျိုးတွေ့လို့ရှိရင် မသင်္ကာတော့ဘူး ကိုယ့်ဖုန်းကို တခါစစ်လို့ရှိရင် တစ်နာရီကနေ တစ်နာရီခွဲလောက် အနည်းဆုံး ကြာတယ်။ “ လို့ စစ်ကောင်စီရဲ့ အစစ်အဆေး (၃) ကြိမ်လောက်ခံခဲ့ရဖူးတဲ့ လွိုင်ကော်မြို့ နေထိုင်သူ မော်ရှားမြာက ပြောပါတယ်။
စစ်ကောင်စီတွေဟာ လွိုင်ကော်မြို့အတွင်း နောင်ယားကန်လမ်းတောင့်၊ ဒေါဉခူမီးပွိုင့်နဲ့ နာရီစင် စတဲ့နေရာတွေမှာ နေ့စဉ် စစ်ဆေးမှုပြုလုပ်နေသလို လူတွေ ချက်ချင်း မမြင်နိုင်တဲ့ နေရာတွေမှာ အကာအကွယ်ယူပြီး ရှောင်တခင် စစ်ဆေးမှုတွေလုပ်နေတာပါ။
မြို့တွင်းလို နေရာတွေမှာ အနည်းဆုံး စစ်ကောင်စီတပ် အယောက် ၃၀ ကနေ ၄၀ အထိ ကင်းပုန်းဝပ်စောင့်နေပြီး ပြည်သူတွေကို စစ်ဆေးလေ့ရှိနေပါတယ်။
လေယာဉ်ကွင်းလိုနေရာမျိုးမှာ စစ်သားအယောက် ၁၀၀ ကနေ ၂၀၀ အထိ ကင်းချ၊ ကင်းဝပ်ပြုလုပ်ထားပါတယ်။
လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားလာနေတဲ့ ပြည်သူတွေကို ဆိုင်ကယ်တူးဘောက်ဖွင့် စစ်တာ၊ ဖုန်းစစ်တာနဲ့ ပါလာတဲ့ အထုတ်တွေ ဖွင့်စစ်တာတွေ နေ့စဉ်နေ့တိုင်း ဆိုသလို လုပ်ဆောင်နေပါတယ်။
အရင်စည်ကားခဲ့တဲ့ အပန်းဖြေနေရာတွေမှာ လက်ရှိမှာလူသူကင်းမဲ့ပြီး စားသောက်ဆိုင်တို့လို နေရာတွေမှာလည်း တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။
“အာဏာမသိမ်းခင်တုန်းကခါကျတော့ ညနေ ၅ နာရီ ၆ နာရီ ၇ နာရီ ဘယ်အချိန်ပဲ ဖြစ်ဖြစ် လူတွေများတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းခါကျတော့ ၅ နာရီနောက်ပိုင်း ဆိုလို့ရှိရင် လူတအားပါးသွားပြီ။ မြို့ထဲမှာဆိုရင်လည်း ဆိုင်ကယ်တွေသွားလာတာလည်း တအားနည်းသွားတာပေါ့နော်။” လို့ လွိုင်ကော်မြို့ မှာနေထိုင်တဲ့ မော်ရှားမြာက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ဒဏ်သင့်တဲ့ ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ဟာ ညဘက်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေမှအပ ကျန်တဲ့ လူသွားလူလာ ကားသံတွေ တိတ်ဆိတ်သွားခဲ့ရပါတယ်။
ညနေ ၅ နာရီနောက်ပိုင်းဆိုရင် လမ်းမတစ်လျှောက်မှာ လူသူကင်းမဲ့နေပါတယ်။ ဒီလိုအချိန်မှာ မိန်းကလေးတစ်ဦး တစ်ယောက်ထဲ အပြင်သွားဖို့ဆိုတာ တွေးကြည့်ရင်တောင် ကြက်သီးထစရာ ဖြစ်နေမှာ အမှန်ပါပဲ။
ဒါ့အပြင် စစ်ကောင်စီတပ်သားနဲ့ ရဲတွေက လုံခြုံရေး အကြောင်းပြပြီး တင်းကြပ်စွာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်တာကြောင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် သွားလာနေရတဲ့ ပြည်သူအများစုဟာ စိတ်အနှောင့် အယှက်ဖြစ်သလို အထူးသဖြင့် အမျိုးသမီးတွေအတွက် ဘဝလုံခြုံမှုဆိုတာ မရှိတော့ဘူးလို့ ဆိုရမှာပါ။
စစ်ဆေးလို့သံသယဝင်တာ၊ မသင်္ကာတာ၊ စစ်အာဏာသိမ်းတာကိုဖီဆန်တဲ့ အချက်လက်တွေတွေ့ရင် ချက်ချင်း ဖမ်းဆီး ထောင်ချတာတွေ လုပ်တဲ့အပြင် ထိုးကြိတ်တာမျိုး၊ ဖမ်းဆီးထားပြီး ငွေကြေးနဲ့ ပြန်ရွေးယူခိုင်းတာမျိုးတွေလည်း ရှိနေတယ်လို့ လွိုင်ကော်ဒေသခံ တချို့ ထံက သိရပါတယ်။
တဖက်မှာလည်း ကရင်နီပြည်အတွင်း ဒလန်သတင်းပေးမှု၊စစ်ဆေးခံရမှုနဲ့ ဖမ်းဆီးခံရတဲ့ သူတွေရှိနေပါတယ်။
တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ
စစ်ကောင်စီရဲ့ ဖမ်းဆီး အကျဉ်းချခံထားရတဲ့ ၂၈၀ ရှိနေပြီး အဲဒီထဲမှာ အမျိုးသမီး ဦးရေးက ( ၂၆ ) ဦး ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလို လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာဖြစ်ပြီး အမျိုးသမီးတွေအပေါ် အခုလို စစ်ဆေးမြန်းတာဟာ သူတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ကရင်နီ အမျိုးသမီး အစည်းအရုံး( KnWO) အတွင်းရေးမှူး (၂)မော်ဖရေးမြာက အခုလိုပြောပါတယ်။
“ဖုန်းတွေဆိုလို့ရှိရင်လည်း ဒါကသူသယ်ဆောင်ခွင့်ရှိတယ်။ အဲလိုဟာမျိုးတွေမှာ ဒါကသူတို့က ရည်ရွယ်ချက်ရှိရှိ တမင်တကာဖုန်းတွေယူပြီးတော့မှ တစ်ဦးတစ်ယောက်ရဲ့ အချက်အလက်ကိုစစ်ဆေးတာမျိုးတွေ ပြီးလို့ရှိရင် စစ်ဆေးတဲ့နေရာမှာဆိုလို့ ရှိရင်အထူးသဖြင့် အမျိုးသမီးငယ်တွေကို ထိကပါး ရစ်ကပါးပေါ့နော။ ဂုဏ်သိက္ခာပျက်စီးစေတဲ့ အပြောဆို အပြုမူတွေကို သူတို့စစ်ဆေးတာမျိုးတွေ ဒါက မဖြစ်သင့်မဖြစ်ထိုက်တဲ့ မလုပ်သင့်တဲ့ လုပ်ထုံးလုပ်နည်း သူတို့ကိုယ်သူတို့ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်ကို ချိုးဖောက်တာနဲ့ အတူတူပဲပေါ့” လို့ မော်ဖရေးမြာ က ပြောပါတယ်။
အာဏာသိမ်းပြီးကာလအတွင်း မြို့ပေါ်မှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကို ကျူးလွန် ခံရတဲ့ သားကောင်တွေလို ဖြစ်နေပါတယ်။
“တုန်လှုပ်တယ် ပြီးတော့မှ ကိုယ်က ဘယ်လိုစဉ်းစားလဲဆို ဒီရက်က ငါ့အတွက် နောက်ဆုံနေ့များလားပေါ့နော်။ သေသွားမလားအဲနားမှာပဲသေရမလား သို့မဟုတ်ရင် အဖမ်းပဲခံရမလား ကိုယ့်ကိုဘာလုပ်မလဲ ဆိုပြီး တအားကြောက်ရတယ်။ ပြီးတော့ တစ်ယောက်ထဲသွားလာရင် တအားအန္တာရာယ်များတယ်။ အဲမှာ အစစ်ခံရပြီဆိုတာနဲ့ ပြန်အထွက်လမ်း ရှိကောင်းရှိပါ့မလားပေါ့နော်။ နောက် ဒီတခေါက်က ကိုယ်က ပြီးပြီပေါ့နော်။ ဒီမှာပဲပြီးဆုံးသွားပြီလို့ပဲ စဉ်းစားတယ်ပေါ့နော်။” လို့ အစစ်ဆေးခံရတဲ့ အချိန် ခံစားရတဲ့ ကြောက်စိတ်ကို မော်ရှားမြာ ပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို ကြောက်စိတ်သွင်းပြီး လက်နက်တွေနဲ့ ခြိမ်းခြောက်၊ ဖမ်းဆီးနှိပ်စက်နေပါတယ်။ အကျဉ်းထောင်တွေမှာ ထောင်တွင်းနှိပ်စက်တာတွေ၊ ဆေးကုသမှု ခံယူခွင့်ကို ကန့်သတ်ပိတ်ပင်တာတွေလည်း လုပ်ဆောင်နေပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကြပ်တည်းမှုတွေကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ရ ခက်ခဲနေတဲ့ကြားက သူခိုးရန်ကြောင့် စိုးရိမ်ပူပန်မှုကတစ်ပိုင်း၊ အနေအထိုင် အသွားအလာက အစ အားလုံး ဆန့်ကျင်ဖက်တွေဖြစ်ကုန်တယ်လို့ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲဒါကတော့ လုံးဝကွဲသွားတာပေါ့ အရင်တုန်းကဆိုရင် လွတ်လွတ်လပ်လပ်ပဲ ဟုတ်တယ်မို့လား ၉ နာရီမှပြန်ပြန် ၁၀ နာရီမှ ပြန်ပြန် လမ်းခရီးက ဘာမှမဖြစ်ဘူး အခုကျလို့ရှိရင် သူခိုးဓားပြရန်က ကြောက်ရသေး အမျိုးစုံပဲလေ ဒီကာလမှာဆိုရင် ခိုးဆိုးလုယက် မုဒိန်းမှုကအစ အကုန်လုံး ဒီခေတ်ပျက်စီးထဲမှာ အသက်ရှင်ရတာကတော့ ဘယ်လွယ်ပါ့မလဲ လုံခြုံမှုကအစလေးနော် လုံးဝလုံးဝကွဲတာပဲ အဲဒါကတော့ ကွာတာပေါ့ အရင်ကနဲ့တော့ လုံးဝဆန့်ကျင်ဖက်ပဲ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးစနစ် ယိုယွင်းနေတဲ့ အခုလိုအခြေအနေကာလမျိုးမှာ ကရင်နီပြည်တွင်း ဘယ်အသက်အရွယ်မဆို အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှုက ဘယ်တော့ပပျောက်မလဲဆိုတာထက် အားကိုးစရာ၊ တိုင်ကြားစရာမရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုရတော့မှာပါ။