ကန္တာရဝတီတိုင်း(မ်)
ဩဂုတ်လ (၂၁)ရက်နေ့ကစပြီး လွိုင်ကော်မြို့တွင်းမှာ မောင်းနှင်တဲ့ လိုင်စင်မဲ့ ယာဥ်တွေနဲ့ ဆိုင်ကယ်ဦးထုပ် မပါသူတွေကို စစ်ကောင်စီက စစ်ဆေး၊ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဒီနေ့(ဩဂုတ်လ ၂၁ရက်)မနက် နာရီစင် မှာဖမ်းတယ်။ ကားကော ဆိုင်ကယ်တွေကော ။ အထူးသဖြင့် ကား without (လိုင်စင်မဲ့) တွေ ဖမ်းတာ။ “လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေမှာ လိုင်စင်မဲ့ မောင်းနှင်တဲ့ ကားတွေကို ဖမ်းဆီး၊ စစ်ဆေးမှုရှိခဲ့ပေမယ့်လည်း ယခု အကြိမ်မှာ စစ်ဆေး ဖမ်းဆီးမှုတွေ ပိုတင်းကျပ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်လျက်ရှိနေကြတယ်လို့ ဆိုပါတယ်။
ယခင်က ဖမ်းဆီးမှုတွေမှာ ဖောင်းကြွနံပါတ်ပြားမပါတဲ့ ကားတွေကိုသာ အဓိက ဖမ်းဆီးခဲ့ပြီး ဒဏ်ငွေ ၂သောင်းကျပ်ကနေ ၈သောင်းကျပ် အထိ ပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
ပညာပေးကာလအနေနဲ့ ဖောင်းကြွနံပါတ်ပြားမကပ်တဲ့သူတွေနဲ့ လိုင်စင်မဲ့ယာဉ်မောင်းနှင်တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးပြီး ဒဏ်ငွေဆောင်ခိုင်းတာရှိခဲ့ပေမယ့် လက်ရှိမှာတော့ မောင်းနှင်လာတဲ့ လိုင်စင်မဲ့ ယာဉ်တွေကို သိမ်းဆည်းသွားနိုင်တယ်လို့ လွိုင်ကော်မြို့မှ ကားပွဲစားတစ်ဦးက ပြောပါတယ်။
“ဘာလို့ဖမ်းလည်း မပြောတတ်ဘူး။ တစ်မြို့လုံးက ရဲတွေက အစ တွေ W(လိုင်စင်မဲ့) ပဲစီးတာပဲလေ ဒါ သက်သက်ပိုက်ဆံရှာတယ်ပဲ မြင်ပါတယ်။ ” လို့ ဒေသခံတစ်ဦးက ဒီလိုစစ်ဆေးဖမ်းဆီးတဲ့အပေါ် အခုလို ဝေဖန်သုံးသပ်ပါတယ်။
ကျောင်းသားမိဘတစ်ဦးကလည်း နေ့စဉ် ကလေးကျောင်းအကြို၊ အပို့ကို ကားနဲ့သွားလာမှသာ အဆင်ပြေနိုင်တဲ့အတွက် ခုလိုလိုင်စင်မဲ့ကားတွေကို ဖမ်းဆီးနေတာကြောင့် အခက်အခဲကြုံတွေ့ရတယ်လို့ ပြောပါတယ်။
ယခုလို လိုင်စင်မဲ့ ယာဥ်မောင်းနှင်မှုအပေါ် အရေးယူမှုတွေကြောင့် ကားနဲ့ လှုပ်ရှားသွားလာရသူတွေ သတိပြုဖို့ လိုအပ်တဲ့အပြင် ဖမ်းဆီးထောင်ချနိုင်တဲ့အထိ အရေးယူနိုင်တယ်လို့ ဒေသခံတွေက မိမိတို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ သတိပေး တိုက်တွန်းမှုတွေ ပြုလုပ်နေကြပါတယ်။