spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်တချို့ရဲ့ ဆန်စပါးတွေကို ကြွက်ဖျက်စီးမှုရှိနေ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်တွေစိုက်ပျိုး စပါးခင်းတွေကို ကြွက်တွေဖျက်စီးမှုရှိနေပြီး စစ်ရှောင်တွေအနေနဲ့ ရေရှည် စားဝတ်နေရေးအတွက် စိုးရိမ်ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“ပိုးတွေလည်းကျတယ်။ မိုးလည်း တအားမရွာတော့ သူ့အညွှန့်တွေပဲ ကျန်တယ်။ နေရာတိုင်းက ကြွက်တွေစားတယ်။ ဟိုး ငါးလပိုင်းကတည်းက တချို့စိုက်တယ်။ ၇လပိုင်းမှာ စိုက်တဲ့ဟာတွေ တချို့ပေါက်တယ်။ ဒီအတိုင်းပဲ စိုက်တယ်။ ဟိုး တောင်ထိပ်မှာ သွားစိုက်ထားတဲ့ဟာတွေလည်း သေကုန်ပြီ မစားရတော့ဘူး။ ဒီတစ်နှစ်တော့ ကျမတို့ငတ်ပြီလို့ ကျမကလေးတွေကို ပြောနေတာ။ ကြွက်တွေအကုန်ဖျက်တယ်လေ။ လယ်တွေထဲမှာလည်း သူတို့ ဖျက်တယ်။ တောင်ပေါ်တွေမှာလည်း ကြွက်ဖျက်တယ်။ ဘယ်နေရာပဲဖြစ်ဖြစ် ကြွက်တွေက ဖျက်နေတယ်။ ” လို့ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာနေထိုင်တဲ့ မော်ရီမိုးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်မြို့ နိုးလို့ ကျေးရွာကနေ တောတောင်ထဲ စစ်ဘေးရှောင်နေရပြီး  ယူဆောင်လာတဲ့ စားနပ်ရိက္ခာတွေကို ကြွက်သောင်းကျန်းဖျက်စီးတာတွေကိုလည်း ခံနေရတယ်လို့ ဒေါ်ရီမိုးက အခုလို ပြောပါတယ်။

ကရင်နီပြည်က ပြည်သူတွေအများစုဟာ စပါးတွေကို ပုံမှန်အတိုင်းမစိုက်ပျိုးနိုင်တာ နှစ်နှစ်ရှိသွားပြီဖြစ်ပြီး တချို့နေရာတွေမှာသာ စားဖို့အတွက် အနည်းငယ်သာ စိုက်ပျိုးနိုင်ကြတာဖြစ်ပါတယ်။

လက်ရှိမှာလည်း နေ့စဉ်စားဖို့အတွက် ဆန်တွေကိုလည်း ချေးယူစားသောက်နေရပြီး စပါးထွက်တဲ့အချိန်ဆိုရင် ပြန်ဆပ်ရမယ်လို့ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း က ကွန်နားကျေးရွာနေ  မော်ကွယ်မြာက ပြောပါတယ်။

“အခက်အခဲရှိတယ်။ ကျမတို့ သူများ ဆန်စပါးတွေကို သွားချေးယူရတယ်။ ကျမတို့ အကြွေးနဲ့ပဲ ယူတယ်ပေါ့။ ပြီးတော့ စပါးပြန်ထွက်တဲ့အချိန်ကျရင် ကျမတို့ ပိုက်ဆံတွေလည်း မရတော့မှာ စိုးရိမ်ရတယ်။ ကျမတို့အတွက် မကျန်တော့မှာကို စိုးရိမ်ရတယ်။” လို့ မော်ကွယ်မြာက ပြောပါတယ်။ 

စပါးကို ကြွက်တွေဖျက်စီးတဲ့အတွက် ကြွက်သတ်ဆေးတွေကို အသုံးပြုထားပေမယ့် ကြွက်တွေ တကယ်သေတယ် မသေဘူးဆိုတာကိုတော့ မသိရဘူးလို့ ကျေးရွာဥက္ကဌ တစ်ဦးက ပြောပါတယ်။

“အခုက စပါးတွေ ပြန်စိုက်ကြတာ အညွှန့်တောင် ထွက်ကြပြီ။ တရုတ်မွေးတို့ ယာမွေးတို့ အကုန်အညွှန့်ထွက်ကုန်ပြီ သူတို့ ဖျက်ရင်လည်း တစ်ကွက် တစ်ကွက် အဲ့လိုတောင်ဖြစ်နေတယ်။ သူတို့ စပါးတအားဖျက်တယ်။ သူတို့ ကြွက်သတ်ဆေးဝယ်ပြီး ထမင်းနဲ့ရောပြီး စပါးပင်ကြားထဲမှာ ကြဲထားတယ်။ ကြွက်တွေ တကယ်သေလား။ မသေးလာတော့ မသိဘူး။” လို့ ကျေးရွာ ဥက္ကဌတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့အရှေ့ခြမ်း ထီးစဲခါးကျေးရွာအုပ်စုထဲက ဒေါတဟေး၊ ကွန်နား၊ နောင်လုံ စတဲ့ ကျေးရွာသုံးရွာက တောင်သူတွေဟာ ကြွက်တွေကြောင့် တောင်ယာဆက်မစိုက်နိုင်သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိပြီး လွိုင်ကော်မြို့နယ်မှ ၅၂၃၁၁ ဦးပါဝင်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img