ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ ဆေးကုသဖို့ အခက်အခဲရှိနေကြတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။
“လက်နက်ကြီး အစမှန်တဲ့ သူကို လွိုင်ကော်မှာ ကုမရတော့ အခြား ပို့ရမှာ ၊ ဒါပေမဲ့ ကား မရှိ နေဘူး။ ငှားလို့လည်း ခက်။ အချို့ကားတွေ ကျတော့လည်း ဒီလို ဒဏ်ရာကျတော့ လမ်းမှာ စစ်ဆေးရေးက ရစ်မှာကြောက်လို့ မတင်ချင်။ ဖုန်းလိုင်းက မကောင်းနဲ့ ဘာလုပ်ရမှန်းမသိတော့ပါဘူး။” လို့ လွိုင်ကော်မှာ ထိခိုက်ဒဏ်ရာရသူရဲ့ ဆွေမျိုး နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ လွိုင်ကော်မြို့ရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းဝန်းကျင်ဟာ စစ်ရှောင်သွားကြပြီဖြစ်ပေမဲ့ ကျန်ရစ်နေသူတွေလည်း ရှိနေပါသေးတယ်။
စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော် ဆေးရုံကြီးကိုလည်း ပိတ်ထားလိုက်ပြီး အပြင်ဆေးခန်းတွေလည်း မရှိတော့တာကြောင့် ဆေးကုသမှု လိုအပ်နေတဲ့ မြို့ခံတွေ အတွက် ခက်ခဲနေတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
“ကင်ဆာ ရောဂါသည်ကိုပါ တပ်က ဝင်ပစ်ထားတယ် လို့ သတင်းဖတ်ရတယ် ။ ကျနော်တော့ အမျိုးသမီး ကျောက်ကပ် ဆေးရမှာမို့ အစောထဲက ထွက်လာလိုက်တာ ကောင်းသွားတယ် ပြောရမလားပဲ။” လို့ ရှမ်းပြည်နယ်ဘက် စစ်ရှောင်သွားတဲ့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
(၁၁.၁၁) စစ်ဆင်ရေး ၁၈ ရက် မြောက်နေ့ကိုရောက်ရှိလာပြီဖြစ်ပြီး လွိုင်ကော်မြို့ ထဲကို ဝင်လာတဲ့ကားတွေနဲ့ မြို့ကနေထွက်ခွာသွားတဲ့ ကားတွေကို စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေရှိတာကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။ မြို့တွင်းမှာ ကျန်ရစ်နေသူတွေကို ကူညီနိုင်ဖို့ ဒေသခံ လူမှုအသင်းအဖွဲ့တွေကလည်း အခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေးအခြေအနေကြောင့် လွိုင်ကော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေရဲ့ ယန္တရားအားလုံး ရပ်ဆိုင်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် NGO၊ INGO အဖွဲ့အစည်း အပါအဝင် လူမှုကူညီရေး အသင်းအဖွဲ့တွေလည်း တခြားနေရာတွေကို ပြောင်းရွေ့သွားပြီလို့ သိရပါတယ်။
လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လမ်းသွားပြည်သူတွေကို ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၇၆ ဦးရှိနေပြီလို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI ) ရဲ့ စာရင်းအရ သိရပါတယ်။