ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့မှာရှိတဲ့ လွိုင်ကော်အကျဥ်းထောင်ကနေ အောက်တိုဘာလအတွင်း လွတ်ရက်စေ့ နိုင်ငံရေး အကျဥ်းသား ၃ဦး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူ ၃ဦးမှာ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားနှစ်ဦးတို့ဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား တွေဖြစ်တယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ကိုနဲရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“၁၀လပိုင်း ၄ ရက်နေ့မှာ တစ်ဦး၊ ၁၀ လပိုင်း ၉ ရက်နေ့မှာတစ်ဦးပေ့ါ။ အဲ့တာက အမျိုးသား။ နောက်ပြီး အမျိုးသမီးက ၂၅ ရက်နေ့မှာ လွတ်လာတယ်။ အကုန်လုံးက နိုင်ငံရေး မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသူတွေ ဖြစ်တယ်ပေါ့။”လို့ ကိုနဲရယ်က ဆိုပါတယ်။
အကျဉ်းထောင်အတွင်းမှာ ကျန်ရှိနေတဲ့ အကျဥ်းသားတွေဟာ ယားနာမှုဖြစ်ပွားနေကြတယ်လို့ လွတ်မြောက်လာသူတွေရဲ့ပြောပြချက်အရ ကိုနဲရယ်က အခုလိုဆက်ပြောပါတယ်။
“အထူးသဖြင့် ထောင်မှာဖြစ်တာကြတော့ ယားနာတာပေ့ါ။ ယားနာကြတော့ အရင်ပုံမှန်အခြေအနေအတိုင်းပဲ အမြဲတမ်းဖြစ်နေတဲ့ ရောဂါတစ်ခုပဲလေနော်။ အဲ့တစ်ခုရှိမယ်။ ပြီး ကျန်းမာရေး ဆိုးဆိုးဝါးဝါး ပြင်းထန်တဲ့ ကျန်းမာရေးမျိုးကျတော့ မရှိဘူးလို့ပြောရမှာပေ့ါနော်။ အဲ့ဒီယားနာတာတစ်ခုပဲ။ ဒီကာလမျိုးမှာတော့ ကာလဝမ်းရောဂါမျိုးတွေလည်း ထောင်ထဲမှာမရှိဘူးလို့တော့ သူပြောတယ်။”လို့ ကိုနဲရယ်က ဆိုပါတယ်။
အကျဉ်းထောင်ထဲမှာ ယားနာမှုဖြစ်ပွားတာဟာ ပျောက်ကင်းတာမျိုးမရှိပဲ အပြန်အလှန်ကူးစက်တဲ့ပုံစံမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစု၀င်နဲ့အဆက်အသွယ်ရတဲ့ အကျဉ်းသားတွေဟာ ဆေးဖိုးဝါးခအပြင် စားသောက်ရေးအတွက် အဆင်ပြေကြတယ်လို့ ဆိုပါတယ်။ မိသားစုနဲ့ အဆက်အသွယ်မရရှိတဲ့ အကျဉ်းသားတွေလည်း ရှိတယ်လို့ သိရပါတယ်။
လက်ရှိ လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းသား ၄၀၀ ဦးနဲ့ အကျဥ်းသူ ၂၈ ဦး စုစုပေါင်းအကျဥ်းသား ၄၂၈ ဦးကျန်ရှိနေသေးတယ်လို့ KPPA ရဲ့ ခန်းမှန်းခြေ စာရင်းအရ သိရပါတယ်။