spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဥ်းထောင်က အကျဥ်းသားတွေရဲ့ အရေးပေါ် လိုအပ်ချက်အတွက် KPPA အကူအညီတော‌င်းခံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော် အကျဥ်းထောင်က အကျဥ်းသားတွေအတွက် လိုအပ်တဲ့ အစားအသောက်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်း နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပြီး အကူအညီပေးကြဖို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) ကနေ အကူအညီတောင်းခံထားပါတယ်။

“အဓိက လိုအပ်ချက်ကတော့ စားဖို့သောက်ဖို့ရယ် ပြီးလို့ရှိရင် သူတို့ရဲ့ အခက်ခဲပေါ့နော်။ တစ်ကိုယ်ရေသန့်ရှင်းမှုပေါ့နော်၊ ဥပမာ ခေါင်းလျှော်ရည် တို့ဖြစ်ဖြစ် သွားတိုက်ဆေးတို့ဘာညာ အဲ့ဒီဟာတွေက အရမ်းလိုအပ်တယ်ပေါ့။ အဓိကက အစားအသောက်ရယ် ဆေးဝါးကုသရေးရယ် ပြီးရင် ဒီ တစ်ကိုယ်ရေသန့်ရှင်းရေးပေါ့နော် ဒီ ၃ခုက တကယ်ကို လိုအပ်တဲ့ ဟာတွေဖြစ်တယ်။ အဲ့ကြောင့် တောင်းခံလာရခြင်းဖြစ်တယ်။ “လို့ KPPA အသင်းဝင်တစ်ဦးက ဆိုပါတယ်။

အကျဉ်းသားတွေဟာ လုံလောက်တဲ့ အစာအာဟာရမရရှိတဲ့အပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း မသုံးစွဲနိုင်ရာကနေတဆင့် ကျန်းမာရေး ထိခိုက်မှုတွေ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စစ်ရေးပြင်းထန်ပြီး စစ်ကောင်စီဖက်အထိနာတဲ့အချိန်မျိုးတွေမှာ အကျဥ်းသားတွေဟာ ဆေးဝါးကုသခံယူမှု မရရှိကြဘူးလို့လည်း KPPA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်နေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း အထိမ်းအမှတ်အဖြစ် အကျဥ်းထောင်၊ အချုပ်ထောင် အသီးသီးမှာရှိတဲ့ အကျဥ်းသားပေါင်း ( ၅၈၆၄ )ဦး ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပေမယ့် လွိုင်ကော်အကျဥ်းထောင်က အကျဥ်သားတွေ မပါဝင်ခဲ့ပါဘူး။

အကျဥ်းထောင်အတွင်းက အကျဥ်းသားတွေ လွတ်ငြိမ်းခွင့်ရရှိဖို့ နေ့ထူးနေ့မြတ်တွေမှာ ပိုမျှော်လင့်မိတယ်လို့ လွိုင်ကော်အကျဥ်းထောင်ကနေ လွတ်မြောက်လာသူ အမျိုးသမီးအကျဉ်းသားဟောင်း တစ်ဦးက အခုလိုပြောပါတယ်။

“ကျမတို့ဆိုရင် လွတ်လပ်ရေးနေ့ပဲ ဖြစ်ဖြစ် ပြည်ထောင်စုနေ့ပဲ ဖြစ်ဖြစ် ဝါဆို လပြည့်နေ့ ဖြစ်ဖြစ် သတင်းကျွတ်ပဲဖြစ်ဖြစ် နှစ်သစ်ကူးပဲဖြစ်ဖြစ် နှစ်ဆန်းတစ်ရက်နေ့ပဲဖြစ်ဖြစ် ကျမတို့ ဆိုရင် အရမ်းမျှော်တယ်။ အဲ့ရက်တွေဆိုရင် ရင်ခုန်တယ်ပေါ့နော်။ တချို့ဆိုရင် အိပ်မပျော်တာတို့ရှိတယ်။ “လို့ အမျိုးသမီးအကျဉ်းသားဟောင်း တစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့မှာ ၁လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ အကျဉ်းထောင်ကအရာရှိတွေဟာ ထောင်ဝင်စာတွေ့ခွင့်တွေကို လျှော့ချပြီး အကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၃၂၇) ဦးရှိပြီး (၂၁၆၁၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၀၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတာရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ လွိုင်ကော် အကျဥ်းထောင်မှာတော့ ဖမ်းဆီးခံရတဲ့ အမှုပေါင်းစုံနဲ့ အသက်အရွယ်ပေါင်းစုံ အကျဥ်းသား စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပြီး နိုင်ငံရေးအကျဥ်းသူ/သား ပေါင်း ၁၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အကျဥ်းသားတွေရဲ့ လိုအပ်ချက်တွေအတွက် KPPA အဖွဲ့ကနေလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေတာရှိသလို ကူညီဆောင်ရွက်ပေးနိုင်မယ့်သူတွေကိုလည်း ဖိတ်ခေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ အကျဥ်းသားတွေကို ကူညီလိုသူတွေအနေနဲ့ KPPA ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ လာရောက်ချိတ်ဆက်နိုင်သလို KPPA အသင်းဝင်တစ်ဦးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ (https://www.facebook.com/share/1S8hbzwSmW/?mibextid=wwXIfr) က‌နေ လာရောက်ချိတ်ဆက်နိုင်ကြောင်းကိုလည်း KPPA ရဲ့ အသင်းဝင်တစ်ဦး ဖြည့်စွက်ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts