ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်း ရှိ ယေရုရှင်လင် စစ်ရှောင်စခန်းက မူလတန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ စာသင်ကြားနိုင်မယ့် ဆရာ ၊ဆရာမ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်မာရီယာက ပြောပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ကျောင်းအသုံးအဆောင်ပစ္စည်းနဲ့ စာရေးကိရိယာတွေလည်း လိုအပ်မှုရှိနေတယ်လို့ ဆိုပါတယ်။
“ ကျမတို့ လိုအပ်နေတာ မြေဖြူတို့ ကျောင်းပရိဘောက ဒီလိုမျိုး သင်ပုန်းတွေ အဲ့လိုမျိုးတွေ လိုအပ်နေတယ်။ ခဲဖျက်တွေ ဆရာမ စာရေးခုံတွေ ထိုင်ခုံတွေ မလုံလောက်သေးဘူးပေါ့နော် ကလေးတွေက အောက်မှာပဲ ထိုင်နေရတာပေါ့။ သင်ကြားပေးနေတဲ့ ဆရာမတွေက နည်းနေတာပေါ့ ဆရာမတို့ သင်တာက ၃ယောက်ပေါ့နော် ဒါပေမယ့် ဆရာမ နည်းနေတဲ့ခါကျတော့ အခန်းက ၅ခန်း ရှိနေတဲ့ခါကျတော့ နည်းနည်းတော့ ခက်ခဲမှုရှိတာပေါ့” လို့ သူက ပြောပါတယ်။
စာသင်ကျောင်းမှာ KG တန်းကနေ ၄ တန်း အထိဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄) ဦးကို ဆရာမ ၃ဦးနဲ့ သင်ကြားပေးနေပါတယ်။ လာမယ့် စာသင်နှစ်မှာတော့ ၅တန်းအထိ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
စာသင်ကြားတဲ့အခါမှာလည်း WhiteBoard မလုံလောက်တာကြောင့် သုံးထပ်သားပျဉ်နဲ့ အသုံးပြုပြီး သင်ကြားနေရတယ်လို့ စစ်ရှောင်ကော်တီမဝင်တစ်ဦးက ပြောပါတယ်။
“Whiteboard အခက်အခဲ ရှိတယ် ကျနော်တို့ ဒီသုံးထပ်သားဝယ်ပြီး ကိုယ်ကိုယ့် ဒီတိုင်း မြေဖြူနဲ့ အဲ့လိုနဲ့ရေးတယ်။ စာရေးခုံက မရှိဘူး ဒီလိုပဲ ခုံပျက်တွေပေါ့ ခြေထောက်ကျိုး တဲ့ဟာ ပြန်ပြုပြင်တာ အခက်အခဲရှိတယ်။ KG နဲ့ ပထမတန်းတော့ ဒီလိုမျိုးထိုင်ပြီးတော့ ရေးတယ်” လို့ သူကပြောပါတယ်။
လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ ကိုယ်ထူကိုယ်ထကျောင်းအပါအဝင် စာသင်ကျောင်း ၄၀ ကျော်ရှိပြီး စာသင်ကျောင်းအများစုကို ဇွန်လအတွင်းကစတင်ကာ သင်ကြားနေပေမယ့် ဆရာ၊ ဆရာမဦးရေ ၊ ကျောင်းအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။