ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြားကာလမှာ ဖွဲ့စည်းထားတဲ့ လွိုင်နန်းဖမြို့နယ် နဲ့ ဒီးဘောင်းခူမြို့နယ်အတွင်းမှာရှိတဲ့ တိရိစ္ဆာန်အကောင်ရေ ၅၇၀၀ ဝန်းကျင်ကို ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့တယ်လို့ IEC က ပြောပါတယ်။
အပူဒဏ်ခံကြက်လည်လိမ်ကာကွယ်ဆေးအတွက် အကောင်ရေ ၅၀၀၀ ကျော်၊ ဝက်ဝမ်းကျကာကွယ်ဆေး အကောင်ရေ ၅၀၀ နဲ့ ခွေးရူးရောဂါကာကွယ်ဆေး အကောင်ရေ ၂၀၀ ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီပြည်က မြို့နယ်အသီးသီးမှာ တိရိစ္ဆာန်တွေကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးတာတွေ ရပ်တန့်သွားခဲ့ပါတယ်။ တိရိစ္ဆာန် သေဆုံးမှုတွေ ပိုမိုများပြားလာတာကြောင့် ၂၀၂၄ ခုနစ်၊ နှစ်ကုန်ပိုင်းက စတင်ပြီး လက်လှမ်းမီသလောက် ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးနေပြီလို့ IEC ရဲ့ မွေးမြူရေးနှင့် ကုသရေးဌာန ညွှန်ကြားရေမှုး တာဝန်ခံတစ်ဦးက အခုလိုပြောပါတယ်။
“အခုတလောကြားနေရတာက ကျွဲ၊ နွား ခွာနာလျှာနာနဲ့ ဒေသခေါ်ကြက်နာ ဝက်နာတွေ ဖြစ်နေကြတယ်ပြောပါတယ်။ ဒါပေမဲ့ ကူးစက်တဲ့ရောဂါလား ရာသီဥတုကြောင့်ဖြစ်တာလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ပုံမှန်ကာကွယ်ဆေး ပေးနေတဲ့လုပ်ငန်းတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ရပ်တန့်သွားခဲ့တဲ့အတွက်ကြောင့်လည်း ပါတယ်လို့ ယူဆပါတယ်။အခုချိန်မှာတော့ ပုံမှန်ကာကွယ်ဆေးပေးခြင်းလုပ်ငန်းတွေကို ဌာနပြန်လည်ဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းကနေစပြီး လွိုင်နန်းဖမြို့နယ်ထဲမှာရှိတဲ့ကျေးရွာ၊ စစ်ရှောင် Camp နဲ့ ဒီးဘောင်းခူမြို့နယ် ထဲရှိ စစ်ရှောင် Camp တချို့မှာ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခက်အခဲတွေကြောင့် လက်လှမ်း မမှီနိုင်သေးတဲ့နေရာတွေများစွာ ကျန်နေပါသေးတယ်။ ရောက်နိုင်ဖို့လဲ ကြိုးစားနေပါတယ်”လို့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

တနိုင်တပိုင် မွေးမြူရေးလုပ်နေကြတဲ့ စစ်ရှောင်တွေ ဒေသခံတွေအတွက် ကာကွယ်ဆေးက တပြည်နယ်လုံး အတိုင်းအတာနဲ့ မရောက်ရှိနိုင်သေးတဲ့အတွက် ရောဂါဖြစ်နေတဲ့ ကြက်၊ ဝက် ၊ ကျွဲ ၊ နွား တွေကို ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြဖို့ကို အခုလိုပဲ တိုက်တွန်းပြောဆိုပါတယ်။
” ကာကွယ်ဆေးတွေ တပြည်နယ်လုံးအတိုင်းအတာနဲ့မရောက်နိုင်သေးတဲ့ကာလမှာ အတတ်နိုင်ဆုံး ဆုံးရှုံးမှုနည်းအောင် တိရိစ္ဆာန်လေးတွေကို စနစ်တကျမွေးမြူဖို့ ၊ အခြေခံကျန်းမာရေးစောင့်ရှောင်မှုလေးတွေပေးဖို့နဲ့ ရောဂါကျရောက်ခဲ့ရင်လဲ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြဖို့”လို့ သူက တိုက်တွန်းပြောဆိုထားပါတယ်။
လက်ရှိအချိန်ထိတော့ ကြက်၊ ဝက်၊ ခွေး တဲ့ တိရိစ္ဆာန်အမျိုးအစား (၃) မျိုးကိုပဲ ကာကွယ်ဆေးထိုးနှံပေးနိုင်ပြီး နွားတွေကတော့ အခုချိန်မှာ လွှတ်ကျောင်းကြတာများတဲ့အတွက် ကာကွယ်ဆေးပေးနိုင်ဖို့ အခက်အခဲရှိသေးတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ခြံလှောင်ပြီး မွေးမြူတဲ့ ကျွဲ၊ နွား တချို့ကိုတော့ ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။