ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ် ၊ စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး ၅ လသားအရွယ် ကလေးငယ်တစ်ဦး ဘယ်လက်မှာ လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်မှာ ခမရ (၅၃၀)တပ်မှ လွိုင်ကော်မြို့နယ် ၊ ပိန်းချစ်ကျေးရွာအုပ်စုအတွင်းကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာတရွာမှာ လက်နက်ကြီး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တာပါ။ ကျည်ထိမှန်မှုကြောင့် ကလေးငယ် ၃ ဦး နဲ့ အသက်၃၀ ကျော် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လွိုင်လင်လေးအနောက်ခြမ်း ရွာတစ်ရွာမှာပေါ့ လက်နက်ကြီးကျတာ လူလေးယောက် ထိတာပေါ့။ မနက်ပိုင်းပေါ့နော် ။အဲ့တာ ကလေးငယ် ၃ဦးနဲ့ လူကြီးတစ်ဦးထိတယ်။ ကလေးငယ် ၃ဦးမှာ နှစ်ဦးကတော့ ကလေးငယ်နှစ်ဦးကတော့ သေဆုံးတယ်လို့ ကျနော်တို့ သိရတယ်။”လို့ သူက ဆိုပါတယ်။
လက်နက်ကြီးကျရောက်တဲ့ကျေးရွာဟာ လွိုင်လင်လေးမြို့နဲ့ ၄ မိုင်အကွာအဝေးရှိပြီး ကရင်နီ – ရှမ်း နယ်စပ်အနီးမှာ တည်ရှိတာပါ။ ဒေသခံတွေရဲ့ပြောကြားချက်အရ ဇန်နဝါရီလ ၉ ရက်နေ့မနက်ပိုင်းမှာ လွိုင်လင်လေးမြို့နဲ့ ၁၀ မိုင် ဝန်းကျင် ကွာဝေးတဲ့ ဆီဆိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ် နဲ့ PNO (ပြည်သူ့စစ်) ပူးပေါင်းပြီး အထိုင်ချတဲ့ စေတီကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် လွိုင်လင်လေးအခြေစိုက်တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားရာနဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
“လူမဆန်စွာလုပ်တဲ့အလုပ်တွေပဲ။ သူတို့ (စစ်ကောင်စီ)က လုပ်ထုံးလုပ်နည်း ၊ အလေ့အထပေါ့။ သူတို့ရဲ့ဆုံးရှုံးမှုကိုပါ ပြပြီး လူထုတွေကိုပါ သတ်ချင်တဲ့ သဘောလို့ပဲ သုံးသပ်ပါတယ်။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ကရင်နီ – ရှမ်းနယ်စပ်မြို့ဖြစ်တဲ့ လွိုင်လင်လေးမြို့ပတ်လည် အနီးအနားမှာ တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမကြာခဏဖြစ်ပွားနေသလို လွိုင်လင်လေးအခြေစိုက် တပ်ရင်းကနေလည်း လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုရှိတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၉ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား နဲ့ ဒီမိုကရေစီလှုပ်ရှားသူ (၆၁၂၉)ဦး သေဆုံးမှုရှိတယ်လို့ ဆိုထားပါတယ်။