ကျော်စိုးသူ (လွှတ်တော်) ရေးသားသည်။
ပထမဦးစွာ ဘတ်ဂျက်ဆိုတာဘာလဲ ဆိုသည်အကြောင်းကို ပြောပါရစေ။ ဘတ်ဂျက်ဆိုသည်မှာ ပြည်သူ့ဘဏ္ဍာငွေများသာ ဖြစ်သည်။ ထိုငွေများကို ပြည်သူက ရွေးကောက်တင်မြှောက်သော အစိုးရများက ပြည်သူအကျိုးငှာသုံးစွဲကြရာတွင် စနစ်တကျစီမံရေးဆွဲ ဘတ်ဂျက်လျာထား အကောင်အထည်ဖော်ကြခြင်းပင် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လွှတ်တော်အသီးသီးမှ ဥပဒေပြုပေးခြင်းဖြင့်သာ ဆောင်ရွက်နိုင်ကြပေသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီသာ ဆောင်ရွက်ကြရခြင်း ဖြစ်ပေသည်။
ဒုတိယပိုင်းအနေဖြင့် လွှတ်တော်များနှင့် ပတ်သက်သော အခြေခံအကြောင်းအရာများကို ပြောလိုပါသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တေ်ာများ ပေါ်ပေါက်လာခဲ့သည်မှာ ရ နှစ်ခွဲကျော် ကာလရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း၍ စည်းဝေးများ ကျင်းပဆောင်ရွက်ပေသည်။ ပြည်သူ့လွှတ်တော်တွင် မြို့နယ်နှင့် လူဦးရေကိုအခြေခံ၍ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များပါဝင်ကာ စုစုပေါင်း ၄၄ဝ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ အမျိုးသားလွှတ်တော်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များမှ အချိုးကျ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များပါဝင်ကာ စုစုပေါင်း ၂၂၄ ဦး ဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်တွင် မြို့နယ်တစ်မြို့နယ်လျှင် ၂ ဦးကျ ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များဖြင့် အကြမ်းဖျင်းဖွဲ့စည်းတည်ဆောက် ကြပေသည်။
ထိုသို့ ဖွဲ့စည်းတည်ဆောက်ခဲ့သော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို အထောက်အကူပြုရန်အတွက် သီးခြားရုံးအဖွဲ့များကို ၂၀၁၁ ကတည်းက ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ပေသည်။ သို့ရာတွင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် အထောက်အကူပြု ရုံးအဖွဲ့များကိုမူ သီးခြားဖွဲ့စည်းနိုင်ခြင်းမရှိပဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှသာ ဆောင်ရွက်ပေးခံခြင်းဖြစ်ပါသည်။ ၂၀၁ရ ခုနှစ် ဧပြီလမှစ၍သာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် သီးခြားဝန်ထမ်းဖွဲ့စည်းပုံများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ အစိုးရ၏ လောင်းရိပ်အောက်မှ လွှတ်စေမည့်ဆောင်ရွက်ချက်ဖြင့်သလို လွှတ်တော်ရုံးအကြီးအမှူးကို ဒုတိယညွန်ကြားရေးမှူးချုပ်အဆင့်ထိ ပေးအပ်လာခြင်းကြောင့် အပြန်အလှန်ထိန်းကျောင်းမှုအတွက် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ဘတ်ဂျက်နှင့် ပတ်သက်၍ သိထားသင့်သည့် ဥပဒေ ၂ ခုသာရှိပေသည်။ ၎င်းတို့မှာ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ နှင့် ဘတ်ဂျက်ရေးဆွဲပြဌာန်းခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ကြသည်။ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေမှာလည်း ဘတ်ဂျက်လေ့လာသူများအတွက် သိထားသင့်ပေသည်။ အဆိုပါ ဥပဒေများတွင် ဘတ်ဂျက်နှင့် ပတ်သက်၍ လေ့လာနိုင်သလို ဌာနအဖွဲ့အစည်းများ အလိုရငွေနှင့် သုံးငွေ လျာထားချက်များကို သိရှိနိုင်မည်ဖြစ်ပေသည်။ ထို့အပြင် သီးသန့်ရန်ပုံငွေနှင့် ပတ်သက်သော အကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများနှင့် ပတ်သက်သော သဘောသဘာဝများကို အကြမ်းဖျင်းလေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ ရေးဆွဲပြဌာန်းခြင်းဆိုင်ရာ ဥပဒေတွင်လည်း အစိုးရနှင့် လွှတ်တော်အကြား ဘတ်ဂျက်ရေးဆွဲတင်ပြမှုများနှင့် စပ်လျဉ်း၍ တိကျသောအချိန်ကာလများ ထည့်သွင်း၍ ပွတ်တို်က်မှုနည်းအောင် ဆောင်ရွက်ထားခြင်းဖြစ်ပေသည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက်လည်း အဆိုပါဥပဒေမျိုးရေးဆွဲပြဌာန်းဖို့ စီစဉ်ဆောင်ရွက် နေပြီဖြစ်တာကို သိရပေသည်။ ထိုမှသာအစိုးရနှင့် လွှတ်တော်ကြားဒေသတွင်း ပွတ်တိုက်မှုများကို လျော့နည်းစေမည် ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်တော့ ဘတ်ဂျက်နှင့် ပတ်သက်၍ အဓိကလေ့လာရမည်မှာ ဘဏ္ဍာရေးကော်မရှင်အပိုင်းပင် ဖြစ်ပေသည်။ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးစသည့်တို့ဖြင့် ဖွဲ့စည်းထားကာ ထိုကေ်ာမရှင်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် ဆောင်ရွက်လျှက်ရှိတာကို တွေ့ရပေသည်။ သို့ရာတွင် စည်းဝေးထိုင်ဆုံးဖြတ်နေသည့်အဖွဲ့အဖြစ်မှ ကော်မရှင်၏ လုပ်ပိုင်ခွင့်များကိုအသုံးချကာ ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံအဉာဏ်ယူ၍ ပြည်သူ့ဘဏ္ဍာရေးစနစ်ကြီး ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်သောအဖွဲ့ဖြစ်လာစေရန် ဆောင်ရွက်သင့်ပေသည်။
ဘတ်ဂျက်နှင့်ပတ်သက်၍ လေ့လာသိထားသင့်သောအရာတစ်ခုမှာ ၂၀၁ရ ဘဏ္ဍာရေးစည်းမျဉ်းပင် ဖြစ်ပေသည်။ ထိုစည်းမျဉ်းတွင် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များပါရှိပြီး ပြည်သူ့ဘဏ္ဍာနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို တွေ့ရပေသည်။ သို့ရာတွင် အမိန့်နှင့် ညွန်ကြားချက်များဖြင့်သာ အသားကျခဲ့သော အစိုးရစနစ်တွင် ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် အသားကျစေရန် အားထည့်ဆောင်ရွက်ရမည် ဖြစ်ပေသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများ ဆိုသည်မှာ အားနည်းချက်များရှိမည်ဖြစ်ပြီး ခေတ်စနစ်နဲ့လျော်ညီအောင် ပြုပြင်ဆောင်ရွက်မှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ပေသည်။ ထိုသို့မဟုတ်ဘဲ အားနည်းများအပေါ်မှ လက်တစ်လုံးခြား လုပ်ဆောင်မှုများကြောင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်လာနိုင်ပေလိမ့်မည်။
ဤနေရာတွင် တစ်ခုသတိထားရမည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၏ သဘောကိုနားလည်ဖို့ပင် ဖြစ်သည်။ ဒါမှသာ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သော ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ဒီမိုကရေစီစနစ်နှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲနိုင်ကြမည် ဖြစ်ပေသည်။ ဒီနေရာတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂိ္ဂလ် ဒေါ်အောင်ဆန်းစုကြည်မှ ဘဏ္ဍာရေးကော်မရှင်တွင် ပြောကြားသောအချက် ၂ ချက်ကို ကြည့်လျှင် “ဘတ်ဂျက်စီစစ်ရာတွင် လွှတ်တော်တွေကို အချိန်လုံလောက်စွာပေးမှ ဘတ်ဂျက်နှင့် ပတ်သက်၍ ပြည်သူများအသိပညာ တိုးလာမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်များလျာထားရာတွင် ပြည့်ပြည့်ဝဝလျာထားပြီး ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်ကြဖို့” ဆိုသည့်အချက်များကို တွေ့ရပေသည်။
ထိုအချက်များကိုကြည့်လျှင် နိုင်ငံတော်ခေါင်းဆောင်များကိုယ်တိုင် ဘတ်ဂျက်ကိုအလေးထားပြီး လွှတ်တော်နှင့် ပြည်သူများ၏ အခန်းကဏ္ဍကို ကောင်းစွာသိနာလည်ခြင်းလည်း ဖြစ်ပေသည်။ ဘတ်ဂျက်စနစ် ပွင့်လင်းမြင်သာဖို့အတွက်လည်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင်လည်း အစိုးရနှင့်လွှတ်တော် အတူတကွပူးပေါင်းရှေ့ဆက် ဆောင်ရွက်သွားကြဖို့လိုမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ဘတ်ဂျက်စနစ်ပွင့်လင်းမြင်သာဖို့ အစိုးရတွင် တာဝန်အရှိဆုံးဖြစ်သလို လွှတ်တော်များတွင်လည်း တာဝန်ရှိပေသည်။ ဘတ်ဂျက်စနစ် ပွင့်လင်းမြင်သာရေးအတွက် လုပ်ဆောင်ကြရာတွင်လည်း အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုများရှိလာမည် ဖြစ်ပေသည်။ အခြားတဖက်တွင်လည်း ဘတ်ဂျက်အသုံးစရိတ်များနှင့်စပ်လျဉ်းသော စာရင်းစစ် အစီရင်ခံစာများတွင် ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့ဘဏ္ဍာရေးစနစ်ကြီး အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုး ရေးသားတင်ပြလိုက်ရပေသည်။