အန်ထောနီ
အရေးပေါ်အသံနဲ့ကားတွေက သွားလာလှုပ်ရှားနေပါတယ်။ ကားထဲမှာ ဝတ်စုံဖြူနဲ့လူတွေကလည်း လိုက်ပါပြီး လူနာတွေကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးနေတဲ့သူတွေလည်းရှိပါတယ်။
သူတို့တွေကတော့ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကို PPE ဝတ်စုံအဖြူနဲ့ တိုက်ပွဲဝင်နေတဲ့ ၂၁ရာစု ကိုဗစ်သူရဲကောင်းတွေလို့ ဆိုနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားတာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ကိုဗစ်ရောဂါကိုတိုက်ထုတ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းအပြင်လူမှုပရဟိတ အသင်းအဖွဲ့တွေ ကြက်ခြေနီအဖွဲ့တွေ ငွေတောင်ပြည်နာရေးကူညီမှုအသင်း (ငွေတောင်)အဖွဲ့တွေ စတဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေက ကြိုးစားနေကြပါတယ်။
ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းဟာလည်း ကယားပြည်နယ်က ကိုဗစ်သူရဲကောင်းတွေထဲမှာ ပါဝင်ပါတယ်။
ရွှေလွိုင်ကော်လူမှုကူညီရေးအသင်းကို ၂၀၁၃ခုနှစ် မတ်လ ၂၉ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ အရေးပေါ်လူနာတွေရဲ့အသက်ကို ကယ်ဆယ်နိုင်ရေးနဲ့ ရေရှားပါးတဲ့ဒေသတွေမှာ ရေလှူဒါန်းတဲ့ဲ့လုပ်ငန်းအပြင် အခြားပရဟိတလုပ်ငန်းတွေကိုဆောင်ရွက်ဖို့အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။
ကိုဗစ်ကာလမတိုင်ခင်မှာဆိုရင် သာရေး၊ နာရေး၊ ပညာရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး ကိုဗစ်ကာလမှာတော့ ပြည်တွင်းကိုဝင်ရောက်လာသူတွေကို ကွာရာတင်းစင်တာပို့ဆောင်ပေးတွေ ပိုးတွေ့လူနာတွေကို သယ်ယူပို့ဆောင်ပေးတာတွေ စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်။
အခုလိုဆောင်ရွက်နိုင်ဖို့အတွက် အစိုးရဖက်က လိုအပ်တဲ့ PPE ဝတ်စုံ၊ MARKS နှင့်တစ်ခြားလိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက်ပံ့တာရှိပေမယ့်လည်း သူတို့ရဲ့အသင်းသားတွေကို မုန့်ဖိုးလစာမပေးနိုင်ဘူးလို့ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်း နာယက ဦးကျော်ဆန်းလွင် ကပြောပါတယ်။
“ ပေးချင်တာပေါ့ ဒါပေမယ့် မပေးနိုင်ဘူး။ မပေးနိုင်ဘူးဆိုတာက မဖြစ်နိုင်ဘူး ဘာလို့လဲဆိုရင်
ကျနော်တို့ရပ်တည်နေတာ အလှူရှင်ရဲ့အလှူငွေနဲ့ရပ်တည်ကြတာပေါ့နော်။ ဆိုတော့ ဒီအလှူငွေတွေကလည်း ကျနော်တို့ကားဆီထည့်မယ် နောက်သွားမယ်လာမယ် နောက်တစ်ချို့ဆေးဖိုးလိုမယ် ရုံးမှာ အကူအညီလာတောင်းမယ်။ တစ်ချို့စားဝတ်နေရေးအဆင်မပြေဘူး ရုံးမှာလာပြီးအကူအညီတောင်းမယ်။ ဒါမျိုးတွေပြန်လည်ပေးကမ်းတာနဲ့တင် ကျနော်တို့မလောက်ပါဘူး။ မလောက်တဲ့အတွက်ကျနော့်ရဲ့ အသင်းသူအသင်းသားတွေကို လစာမပေးနိုင်ပါဘူး။ ပေးချင်လားလို့ပြောရင် ပေးချင်ပါတယ် ဒါပေမယ့်မဖြစ်နိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပရဟိတလုပ်နေကြတာဆိုတော့ ကုသိုလ်ရရင်ပြီးတာပဲဆိုပြီးတော့ လုပ်နေကြတာသူတွေချည်းပါပဲ ပေးဆပ်ခြင်းသက်သက်ပေါ့နော် ဒီလိုမျိုးနဲ့ပဲသွားနေကြပါတယ်။” လို့ပြောပါတယ်။
ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းဟာဆိုရင် တစ်ခြားလူမှုရေးအသင်းအဖွဲ့တွေနဲ့လည်း
ပူးပေါင်းဆောင်ရွက်တာတွေရှိသလို လူမှုရေးအသင်းအဖွဲ့ ၂၀ ကျော်ပါဝင်တဲ့ ကွန်ရက်တစ်ခုကိုလည်း
ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။
စေသနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဇိုဝါးနီက “ ကျနော်တို့နိုင်ငံ ကျနော်တို့ပြည်နယ်အတွက်လှုပ်ရှားတယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုရင်တော့ ကျနော်တို့ရဲ့ပြည်နယ်ကိုကာကွယ်ချင်တဲ့အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ ပရဟိတစိတ်အဖြစ်နဲ့ Volunteer အဖြစ်လုပ်ဖြစ်တာပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီနိုင်ငံမှာဆိုရင်လည်း ကူးစက်မြန်လာတယ် ပြီးတော့စေတနာ့ဝန်ထမ်းတွေလည်း အင်အားနည်းနေတယ် အဲ့တာနဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ပြည်နယ်အတွက် နိုင်ငံအတွက် လုပ်ပေးနေတယ်ပေါ့နော်။” လို့ပြောပါတယ်။
ကယားပြည်နယ်မှာတော့ ကိုဗစ်ပိုးကို အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ပထမဆုံးကူးစက်မှုကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကယားပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် စက်တင်ဘာလကနေစပြီး ၂၀၂၁ ဇန်နဝါရီလ ၈ ရက်နေ့ အထိ စောင့်ကြည့်ရေးစခန်းတွေမှာ စောင့်ကြည့်လူနာ နေ့စဉ် ၃၀၀ နဲ့အထက် ရှိနေပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၀၃ဦးရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ၇၈ဦးနဲ့ သေဆုံးသူ တစ်ဦးရှိပါတယ်။
ဒီလိုကိုဗစ်ကာလမှာ ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းအနေနဲ့ ကူညီဆောင်ရွက်နေကြတဲ့သူတွေအားလုံးကတော့ သူရဲကောင်းတွေပါပဲ။