spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဝါရီဆူးပလိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဖြတ်တိုက်ခံရပြီး ၁၀ဦးသေဆုံး

ဓာတ်ပုံ – KNDF B-03

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇူလိုင် ၂၅ ရက်) မှာ မိုးဗြဲ ဝါရီဆူးပလိုင်ဖက်ဦးတည်ပြီး မိုးဗြဲမြို့ထဲကိုစစ်ကား ၂၁ စီး၊ အင်အား (၃၀၀) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၁၀ ဦး သေဆုံးခဲ့ပြီး ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်က တစ်ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDF ဒု-တပ်ရင်းမှူးက ပြောပါတယ်။

“ ကြားဖြတ်တိုက်တော့ ၄ဦးတော့ မျက်မြင်တွေ့ရတယ်။ ပြီးတော့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲကို ေ-ွး တွေက ဝင်သွားတယ်ပေါ့နော။ ဝင်တယ်ဆိုတော့ သူတို့ရဲ့ ခြေရာ ကျန်တယ်။ နောက်ပြီးတော့ သူတို့ရဲ့သွေးတွေပေါ့နော။ ကျဆုံးသွားတဲ့ရဲဘော်ရဲ့ သွေးတွေ ကျန်တာ ကြည့်ခြင်းအားဖြင့်တော့ ၁၀ဦးထက်မနည်း သေဆုံးတာတွေ့နိုင်တယ်။ အလောင်းတွေက သူတို့ ပြန်ပြီးတော့ ကောက်သွားတယ်ပေါ့နော။ “ လို့ မိုးဗြဲ PDF ဒု-တပ်ရင်းမှူးက ပြောပါတယ်။

စစ်ကောင်စီ တပ်ကို မိုးဗြဲ PDF၊ လွိုင်ကော် PDFနဲ့ URFတို့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ညနေပိုင်း ၅နာရီအချိန်မှာ စတင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၃နာရီကြာအောင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ ပြီးတဲ့ နောက်မှာ စစ်ကောင်စီဖက် လမ်းကြောင်းပြောင်း ဆက်လက် စစ်ကြောင်းထိုးတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လူထုတွေအနေနဲ့လည်း စစ်ကောင်စီ လှုပ်ရှားမှုတွေ ရှိတဲ့အချိန်မှာ အသွားအလာ မလုပ်ကြဖို့လည်း လို့ မိုးဗြဲ PDF ဒု-တပ်ရင်းမှူးက တိုက်တွန်းထားပါတယ်။

“ မြို့ထဲက ပြည်သူတွေကို ပြောချင်တာက စစ်​ွေး တွေ လှုပ်ရှားနေတယ်ဆိုတာနဲ့ ဒီအချိန်မှာ အနီရောင်အဆင့်ထက်ကျော်လွန်တဲ့ အဆင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ မြို့ထဲမှာ အသွားအလာတွေ မလုပ်ကြပါနဲ့ပေါ့နော။ တစ်ခုခုဖြစ်ပြီဆိုရင် လုံခြုံတဲ့ နေရာမှာ ပုန်းပါ။ စပ်စုချင်လို့ ဓါတ်ပုံရိုက်ချင်လို့ အပြင်ချောင်းထွက်တာမျိုး မလုပ်နဲ့ ။ ဒါကျနော်တို့ ကို စစ်ရေးသုံးသပ်ချက်နဲ့ ကျနော်တို့ကို မေးပါပေါ့နော။ “

စစ်ကောင်စီဖက်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စည်းကား (၃)ရပ်ကွက်နေ အသက် ၇၀ ကျော် အဘွား တစ်ဦး သေဆုံးခဲ့ရသလို စည်ကား(၁)ရပ်ကွက် စည်းလုံးညီညာဘေးမဲ့ကျောင်းမှာ စစ်ရှောင်ခိုလုံနေတဲ့ ပြည်သူ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Team အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ ပေါ်က လူထုတွေအနေနဲ့ကတော့ နီးစပ်ရာ လုံခြုံမယ်လို့ ယူဆတဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတာတွေ ရှိတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတယ်ရှင့်။ ဒီရက်လည်း အသံနည်းနည်း ငြိမ်နေတော့ တချို့လည်း အိမ်မှာ ပြန်နေတာတော့ ရှိတယ်ရှင့်။“ လို့ Mobye Rescue Team အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ယမန်နေ့ မနက် ၁၀နာရီခွဲအချိန် ဖယ်ခုံ မြို့နယ် ဆောင်းနန်းခဲ ကျေးရွာ အရှေ့ရှိ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ဖယ်ခုံ PDF၊ KNDF B-03နဲ့ ၁၀၀၈ တပ်ရင်းတို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲ ၁နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၈ဦး ရှိတယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ် မေလကတည်းက ဆောင်နန်းခဲကျေးရွာဘက် စစ်ကြောင်းထိုးလာပြီး တောင်ကြောပေါ်မှာ လက်ရှိအချိန်အထိ တပ်စွဲနေသေးတယ်လို့ ဖယ်ခုံ PDFတပ်ရင်း (၂) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျေးရွာထဲက နေအိမ်တွေဆိုရင် အကုန်လုံး နီးပါး မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး တောင်ပေါ်တွေမှာ စစ်ကောင်စီတပ်စွဲထားတဲ့အတွက် ကျေးရွာတွေထဲ ပြန်ဝင်လို့ မရဘူးလို့ ဆိုပါတယ်။

“ ရွာထဲ ပြန်လို့မရဘူးဗျ။ ရွာထဲကို ပြန်တာနဲ့ ဝင်တာနဲ့ သူတို့ အရိပ်တွေ့တာနဲ့ တန်းပစ်တာဗျ။ တောင်ပေါ်မှာရှိနေတယ်။ “ လို့ PDFတပ်ရင်း (၂) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လွယ်ပေါဘုရား တောင်ပေါ် မှာ စစ်ကောင်စီ စစ်ကြောင်းထိုး လာစဉ်ပစ်သတ်ခဲ့တဲ့ ရုပ်အလောင်း တစ်ခုကိုလည်း တွေ့ရှိတာတွေ ရှိခဲ့ပြီး ရှင်းလင်းတာတွေတော့ မလုပ်ဆောင်ရသေးဘူးလို့ ဆိုပါတယ်။

spot_img
spot_img