ဦးမြာ
ကယား( ကရင်နီ) ပြည်နယ်အတွင်း သစ်မှောင်ခိုများအား တားဆီးအရေးယူရာတွင် အဓိက ကုမ္ပဏီများကိုသာ တားဆီးအရေးယူသင့်သည်ဟု ဖရူဆိုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ပြောသည်။
“အခုပိတ်ချင်တာက ကျနော်တို့ ကိုင်ချင်တာက အဓိက ကုမ္ပဏီကြီးတွေပေါ့နော။ အခြား ပြည်နယ်တို့ တိုင်းတို့က လာတဲ့လူတွေ နောက်ပြီး တချို့ အကြီးအကဲနဲ့ ပေါင်းပြီးမှ အဆမတန် ခုတ်ထုတ်တဲ့လူတွေပေါ့နော။ ”ဟု ပြောသည်။
ကယား( ကရင်နီ ) ပြည်နယ်တွင် သစ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး (၉) ခုရှိပြီး ၎င်းတို့မှာ သတ်မှတ်ထားသည့် တန်ချိန်ထက် များစွာပိုသည့် တန်ချိန်များ တင်ပို့နေသည့်အတွက် တားဆီးနိုင်ရန် သေချာကြပ်မတ်သင့်သည်ဟုလည်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် လအတွင်း ကုမ္ပဏီတစ်ခုမှ သတ်မှတ်ထားသည့် သစ်ထုတ်မှုတန်ချိန်(၄၀၀၀)အစား တန်ချိန်(၇၀၀၀)ဝန်းကျင်အထိ ထုတ်ယူသွားခဲ့သည်ဟုလည်း သိရသည်။
လက်ရှိအစိုးရအသစ်အနေဖြင့် သစ်မှောင်ခိုများအား ဖမ်းဆီးအရေးယူနေသည့်အချိန်တွင် ပြည်သူများ အမှန်တကယ် အိမ်ဆောက်ရန်အတွက် အသုံးပြုရန် လိုအပ်နေသည့်သူတချို့လည်းပါရှိနေရာ ၎င်းတို့အား သစ်ထုတ်ခွင့်ပြုသင့်ကြောင်းနှင့် ထုတ်လုပ်ခွင့် မပြုပါက ပြည်သူများ အဆင်ပြေနိုင်မည့် ဥပဒေ တစ်ခုကို ချပြနိုင်ရန်လိုအပ်ကြောင်းကို ရှားတော မြို့နယ် ဒေါကလော်လဲ ကျေးရွာမှ ဒေသခံ ဦးစေရယ်က ပြောသည်။
“ အိမ်ဆောက်တာနဲ့ ပတ်သက်ရင်တော့ အစိုးရပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ပြည်သူတွေ အိမ်ဆောက်ဖို့ ဆိုရင်တော့ ပြည်သူတွေ လိုအပ်တယ်ဆိုရင် ဥပဒေတွေ သေချာပြုသင့်တယ် သို့မဟုတ်ရင်လည်း အစီအစဉ်တစ်ခု ကောင်းကောင်းချဖို့လိုတယ်။” ဟုပြောသည်။
ပြည်သူများ အိမ်ဆောက်ရန် အနည်းအကျဉ်းခုတ်သည့် သစ်များကိုဖမ်းဆီးအရေးယူနေခြင်းသည် တရားမျှတသည့် လုပ်ငန်းမဟုတ်ကြောင်း ၊ သစ်တောပြုန်းတီးမှုမှာ ကုမ္ပဏီများကသာ တန်ချိန် ခိုးတင်နေသည့် ပြဿနာဖြစ်ကြောင်း နှင့် ဒေသခံများ အသုံးပြုရန် ဥပဒေတစ်ခု ရှိထားရန် လိုအပ်ကြောင်း ဦးခင်မောင်ထွန်း (ခ) နော်အီးက ဆိုသည်။
“ ကျနော်တို့ ဒီဥစ္စာ လူတွေကို ဒုက္ခပေးတာတော့ မဟုတ်ဘူးပေါ့နော ကိုယ့်ပြည်နယ်အတွက်လည်း ခုနက ပြောသလိုမျိုးပေါ့ အိမ်ဆောက်ဖို့ကတော့ ခွင့်ပြုသင့်သလောက်ပြုရမှာပါ” ဟု၎င်းကပြောသည်။
အစိုးရသစ်သက်တမ်း ဧပြီနှင့် မေလ နှစ်လအတွင်း တရားမဝင်သစ် ဖမ်းဆီးသည့်အမှု (၆)ခုနှင့်အတူ စုစုပေါင်းသစ်တန်ချိန် ၅၄.၈၃၂၂ တန် သိမ်းဆည်း အရေးယူခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။ ကယားပြည်နယ်အတွင်း ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်တွင် ကျွန်း ၊ သစ်မာ အမျိုးအစားလိုက် စုစုပေါင်း ၃၇၂.၈၅ တန်နှင့် ယာဉ် ၉ စီး ၊ တရားခံ ၁၁ ဦးဖမ်းဆီးရမိခဲ့ပြီး ၊ ၂၀၁၅-၁၆ ဘတ်ဂျက်နှစ်အတွင်း ဒီဇင်ဘာလအထိ ၅၆၁.၀ရ တန် ဖမ်းဆီးခဲ့ရကြောင်း သစ်တောဦးစီးဌာန၏ အချက်အလက်အရ သိရှိရသည်။