spot_imgspot_imgspot_imgspot_img
Friday, July 5, 2024
spot_imgspot_imgspot_imgspot_img

သတိထားစရာ ငှက်ဖျားရောဂါ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မိုးရာသီရောက်လာပြီဖြစ်တာကြောင့် ငှက်ဖျားဖြစ်ပွားနိုင်တဲ့ ကရင်နီဒေသမှာ တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်လူထုတွေ ငှက်ဖျားရောဂါ မဖြစ်ပွားအောင် သတိပြု နေထိုင်ဖို့ လိုအပ်ပါတယ်။

ငှက်ဖျားရောဂါဟာ ကြိုတင်ကာကွယ်လို့ ရသလို ရောဂါစတင်ဖြစ်ပွားချိန်မှာ ကြိုတင်သိရှိခြင်းဖြင့် စောစီးစွာ ကုသရင် အပြင်းစားငှက်ဖျားရောဂါမဖြစ်အောင် ကုသပေးနိုင်ပါတယ်။

ဒါကြောင့် သတိထားသင့်တဲ့ ငှက်ဖျားရောဂါအကြောင်းကို မျှဝေပေးချင်ပါတယ်။

ငှက်ဖျားရောဂါဖြစ်ရတဲ့ အကြောင်းရင်း

ပလက် (စ်) မိုဒီယမ် (plasmodium) လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့် ငှက်ဖျားရောဂါကို ဖြစ်စေပါတယ်။ ပလက် (စ်) မိုဒီယမ် ရောဂါပိုးကို သယ်ဆောင်ထားတဲ့ အနောဖိလိ(Anopheles) ခြင်မ ကိုက်ခံရခြင်းကနေ တဆင့် ငှက်ဖျားရောဂါကို ကူးစက်စေတာပါ။

လူတွေမှာဖြစ်ပွားတဲ့ ငှက်ဖျားရောဂါပိုး အမျိုးအစား ( ၄ ) မျိုးရှိပါတယ်။ အဲဒါတွေကတော့ ပလက် (စ်) မိုဒီယမ် ဖယ်ရီပါရမ်၊ ပလက် (စ်) မိုဒီယမ် ဗိုင်းဗက်၊ ပလက် (စ်) မိုဒီယမ် မလေးရီးယေး၊ ပလက် (စ်) မိုဒီယမ် အိုဗေး တို့ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အဖြစ်များတဲ့ ငှက်ဖျားရောဂါပိုးတွေကတော့ ပလက် (စ်) မိုဒီယမ် ဗိုင်းဗက် (plasmodium vivax) နဲ့ ပလက် (စ်) မိုဒီယမ် ဖယ်ရီပါရမ် (plasmodium falciparum) တို့ ဖြစ်ကြပါတယ်။

ငှက်ဖျားရောဂါပိုး အမျိုးအစား ( ၄ ) မျိုးထဲမှာ ပလက် (စ်) မိုဒီယမ် ဖယ်ရီပါရမ် ကတော့ အပြင်းထန်ဆုံးဖြစ်ပြီး အသက်အန္တရာယ် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ပလက် (စ်) မိုဒီယမ် ဗိုင်းဗက် ငှက်ဖျားရောဂါပိုးကြောင့် သေဆုံးမှုနည်းပါးတယ်ဆိုပေမဲ့ ထပ်မံ ကူးစက် ခံရနိုင်တာ၊ နောက်တကြိမ် ပြန်လည်ဖြစ်ပွားတာ စတာတွေကြောင့် နာမကျန်းမှုတွေ မကြာခဏ ဆိုသလို ဖြစ်နိုင်ပါတယ်။

“ငှက်ပျောသီးစားလို့၊ စိမ့်စမ်းရေသောက်လို့ “ ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တယ်လို့ ကျမတို့ ပတ်ဝန်းကျင်မှာ အမှတ်မှားကြပါတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ အယူတခုဖြစ်ပါတယ်။

ခြင်မှတဆင့် ငှက်ဖျားရောဂါ ဘယ်လိုကူးစက်သလဲ

ငှက်ဖျားပိုးသယ်ဆောင်ထားတဲ့ အနောဖိလိခြင်မ (Anopheles) အကိုက်ခံရခြင်း ၊ ငှက်ဖျားပိုးရှိသူတွေရဲ့ သွေးကိုသွင်းမိခြင်း တို့ကြောင့် ငှက်ဖျားရောဂါပိုးကို ကူးစက်စေပါတယ်။

အနောဖိလိခြင်(မ)တွေဟာ သူတို့သယ်ဆောင်ထားတဲ့ ခြင်ဥတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရအတွက် လူတွေကိုကိုက်ပြီး သွေးကနေတဆင့် ရယူတာဖြစ်ပါတယ်။ အဲ့ဒီလိုကိုက်ပြီး သွေးကိုစုပ်ယူတဲ့အခါမှာ သွေးခဲမသွားအောင် သူတို့ရဲ့တံတွေးကို အရင်ထွေးထည့်ပါတယ်။ ငှက်ဖျားရောဂါပိုးတွေဟာ ခြင်တံတွေးကနေ တဆင့် အကိုက်ခံရသူရဲ့ သွေးထဲကိုရောက်သွားပြီး ကူးစက်သွားတာဖြစ်ပါတယ်။

အနောဖိလိခြင်မဟာ (၁) လခန့် သက်တမ်းရှိပြီး ပင်လယ်ကမ်းခြေဒေသ၊ တောတောင်ထူထပ်သော ဒေသ၊ လယ်ကွင်းလို နေရာမျိုး၊ ရေကြည်ရေသန့်ရှိတဲ့ စိုက်ခင်းတွေ၊ ရေမြောင်းနဲ့ ရေတိမ်စမ်းချောင်း တွေမှာရှိတဲ့ ရေစပ်နေရာတွေ စတဲ့နေရာတွေမှာ ပေါက်ဖွားပါတယ်။ အခုလို မိုးရာသီမှာ ပေါက်ပွားမှု ပိုမိုများပြားပါတယ်။

ဒါကြောင့် ငှက်ဖျားရောဂါဟာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်ဆိုပေမဲ့ အနောဖိလိခြင်မတွေ ပေါက်ပွားမှုများတဲ့ဒေသက တောတောင်ထဲ နေထိုင်သူတွေမှာ ပိုမိုကူးစက် နိုင်ပါတယ်။

ငှက်ဖျားရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ငှက်ဖျားရောဂါမဖြစ်ပွားဖို့ အရေးကြီးဆုံးက ခြင်ကိုက်မခံရအောင် နေရမှာဖြစ်ပါတယ်။ ဒါကြောင့်
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်အိပ်ရပါမယ်။

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ အိပ်အိပ်၊ ဆေးစိမ်ခြင်ထောင် ထောင်ပြီး အိပ်ရင် ငှက်ဖျားရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်ပါတယ်။

မိမိရဲ့ နေအိမ်ဝန်းကျင်ကို ခြင်ဆေးဖျန်းပြီး ခြင်ပေါက်ဖွားတဲ့ နေရာများမရှိအောင် ရေဝပ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေကို ရှင်းလင်းထားရမှာဖြစ်သလို၊ အိမ်ပတ်ပတ်လည်မှာရှိတဲ့ မြောင်းတွေကို ရေစီးရေလာကောင်းအောင် ‌ဆောင်ရွက်ထားရပါမယ်။

တောတောင်ထဲနေရတဲ့ စစ်ရှောင်တွေနဲ့ အနီးအနားမှာ နေထိုင်သူတွေဟာ မဖြစ်မနေ ဆေးစိမ် ခြင်ထောင်နဲ့ အိပ်သင့်ပါတယ်။ မနက်စောစောနဲ့ နေဝင်ချိန်တွေမှာ ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်နေထိုင်ပြီး ငှက်ဖျားရောဂါ ရှိမရှိ သွေးစစ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ ၅ နှစ်အောက်ကလေးငယ်တွေဟာ ငှက်ဖျားရောဂါကို အပြင်းအထန် ခံစားရနိုင်တာကြောင့် ငှက်ဖျားဆေး ကြိုတင် တိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ငှက်ဖျားရောဂါဖြစ်ပြီဆိုတာ ဘယ်လိုလက္ခဏာတွေပြလေ့ရှိလဲ

ငှက်ဖျားရောဂါပိုး သယ်ဆောင်လာတဲ့ခြင်ကိုက်ခံရပြီး တပတ်ကနေ တလအတွင်း ရောဂါလက္ခဏာ စတင်ခံစားရနိုင်ပါတယ်။

သာမန် ငှက်ဖျားတွေ ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ပြီးဖျားတာ၊ ကိုယ်ပူပြီး အလွန်အမင်း ချွေးထွက်တာ၊ ခေါင်းကိုက်ပြီး မူးဝေတာ၊ ကိုယ်လက် မအီမသာဖြစ်တာ၊ အစား အသောက်ပျက်တာ၊ အန်တာ၊ ဗိုက်နာတာ၊ ဝမ်းလျှောတာ စတာတွေကို ခံစားရတတ်ပါတယ်။

ပြင်းထန်တဲ့ ငှက်ဖျား ရောဂါလက္ခဏာတွေကတော့ အလွန်အမင်း အဖျားတက်တာ၊ အလွန်အမင်း ဖြူဖျော့လာတာ၊ ဆီးသွားနည်းတာ (သို့မဟုတ်) ဆီး လုံးဝ မထွက်တာ၊ အသက်ရှုရ ခက်ခဲတာ၊ ခြေဖျား/ လက်ဖျားတွေ အေးစက်လာတာတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဦးနှောက်ထဲငှက်ဖျားပိုး ဝင်ရောက်ပြီး ပြလေ့ရှိတဲ့ လက္ခဏာတွေကတော့ စိတ်တို/စိတ်ဆတ်တာ၊ ပုံမှန်ထက်ပိုပြီး မှိန်းနေတာ၊ နေ့ညခွဲခြားမသိတော့တာ၊ ကယောင်ကတမ်း ပြောတာ၊ တက်တာ၊ သတိလစ်တာ အပါအဝင် နှာခေါင်း၊ ပါးစပ်ကနေ သွေးယိုစီးတာတွေ ဖြစ်လာနိုင်ပြီး နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ငှက်ဖျားရောဂါခံစားရပြီဆိုရင် ဘယ်လိုကုသမှု ခံယူရမလဲ

ငှက်ဖျားရောဂါဟာ ရာသီတုပ်ကွေး၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးပါး ရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ကိုဗစ်ရောဂါ စတဲ့ ရောဂါတွေနဲ့ ဆင်တူလက္ခဏာတွေ ပြနိုင်တာကြောင့် ငှက်ဖျားရောဂါမှန်း သေချာစေပြီး စောစီးစွာ ကုသနိုင်ဖို့အတွက် သွေးဖောက်စစ်တာက အသေချာဆုံးဖြစ်ပါတယ်။

ငှက်ဖျားရောဂါအတွက် ဆေးဝါးအများစုဟာ သောက်ဆေးတွေ ဖြစ်ကြပါတယ်။ တချို့ ငှက်ဖျား ရောဂါကူးစက်သူတွေအနေနဲ့ ထိုးဆေးဖြင့်ကုသရန် လိုအပ်မယ်ဆိုရင် ဆေးရုံ (သို့မဟုတ်) ကျန်းမာရေးဌာနသို့ သွားရောက်ရမှာဖြစ်ပါတယ်။

ငှက်ဖျားရောဂါပိုးအတွက် ဆေးသောက်ပြီး ကုသမှုခံယူတဲ့အခါမှာ ဆေးယဉ်ပါးတာတွေမဖြစ်အောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မပျက်မကွက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ငှက်ဖျားရောဂါကို မကုသဘဲ ပေါ့ဆစွာ နေမယ်ဆိုရင် ငှက်ဖျားပိုးက ဦးနှောက်ထဲရောက်တာ၊ အဆုတ်မှာ ရေဝင်တာ၊ ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့ ပျက်စီးတာ၊ သွေးအားနည်းတာ၊ သွေးတွင်းသကြားဓာတ်ကျတာ စတဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကနေတဆင့် နောက်ဆုံးမှာ ကိုမာဖြစ်နိုင်တဲ့အပြင် အသက်ဆုံးရှုံးတာတွေအထိ ဖြစ်ပွားနိုင်တာကြောင့် ငှက်ဖျားရောဂါ မဖြစ်ပွားဖို့ ကြိုတင်ကာကွယ်သင့်သလို၊ ဖြစ်လာခဲ့ရင်လည်း နည်းမှန်လမ်းမှန်နဲ့ ကုသမှု ခံယူရမှာဖြစ်ကြောင်းကို တိုက်တွန်းလိုက်ရပါတယ်….။

ကိုးကား – NUG, MOH website.

spot_img
spot_img

Recent posts