spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

သဘာဝဘေးကြောင့် ယခုနှစ် တောင်သူတွေရဲ့ စပါးအထွက်နှုန်း နည်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း ဖြတ်ကျော်ဝင်‌ရောက်ခဲ့တဲ့ ရာဂီအရှိန်နဲ့ ပါလာတဲ့ မိုးရေ ၊ တောင်ကျရေတွေကြောင့် စပါးစိုက်ခင်း ဧက သောင်းနဲ့ချီရေနှစ်မြှုပ်ခဲ့တဲ့ ကရင်နီပြည်မှာ ယခုနှစ်စပါးအထွက်နှုန်း ပြီးခဲ့တဲ့နှစ်တွေထက် နည်းတယ်လို့ ‌ဒေသခံတောင်သူတွေက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ကေးလျားအုပ်စုနဲ့ မားခရော်ရှေ့အုပ်စုအတွင်းမှာ ယခုနှစ် သဘာဝဘေးကြောင့် စပါးခင်းထဲ ပိုးကျသလို စပါးပင်သေဆုံးတာတွေ အဖြစ်များတယ်လို့ ဒေသခံတွေကပြောပါတယ်။ တခြားစိုက်ပျိုးသီးနှံဖြစ်တဲ့ မြေပဲ စိုက်ပျိုးရေးကတော့ ယခုနှစ်မှာ ပျက်စီးဆုံးရှုံးမှု နည်းပေမယ့် အားထားရတဲ့ စပါးအထွက်နှုန်းက ပိုနည်းတာကြောင့် ရေရှည် စားဝတ်နေရေးအတွက် စိုးရိမ်တယ်လို့ ဖရူဆိုဒေသခံအမျိုးသမီးက ပြောပါတယ်။

“စပါးက အိမ်တိုင်းလိုလို သေနေတယ်လေး၊ ဆေးဖျန်းကြည့်သေးတယ် ဆေးဖျန်းတော့လည်း စပါးက ပိုသေသွားတာ။ စပါးနှံထွက်တဲ့ ချိန်ဆိုရင် မအောင်တော့ဘူး။ အောင်တဲ့အပင်ကျတော့လည်း နည်းနည်းပဲ ဖြစ်သွားတယ်။ တစ်အိမ်ဆို ၄ အိတ်၊ ၅ အိတ်လောက်ပဲ ရတော့တယ်။ အရင်နှစ်ဆိုရင် အနည်းဆုံး အိတ် ၃၀၊ ၄၀ အထိ ရတာပေါ့နော။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ခင်း ၁၀၀၀ ဧက ရေလွှမ်းမိုးခဲ့တယ်လို့ IEC ကစက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။ လယ်စပါး ၃ ဧကစိုက်ထားတဲ့ ဒီးမော့ဆို ဒေသခံတစ်ဦးက ယခုနှစ်နွေစပါး အိတ် ၁၀၀ ကျော်၊ ၂၅၀ တင်းကျော်ကျော် ရခဲ့ရာကနေ ရေလွှမ်းမိုးမှုကြောင့် မိုးစပါး အိတ် ၄၀ ကျော် ၊ တင်း ၁၀၀ ကျော်သာ ရတော့တယ်လို့ ပြောပါတယ်။

စပါးအထွက်နှုန်း နည်းပါးနိုင်တာကြောင့်လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ပြည်နယ်ပြင်ပ ဆန်တင်ပို့မှုကို ပိုမိုတင်းကြပ်တားမြစ်သွားမယ်လို့ ကန္တာရဝတီတိုင်း (မ်) ကိုပြောဆိုထားတာ ရှိပါတယ်။ ထိုင်းနယ်စပ်ဒေသကနေ သွင်းကုန်ဝင်လို့ရတဲ့ မော်ချီးဒေသ၊ မယ်စဲ့ ဒေသတွေကိုလည်း IEC က ဆန်တင်ပို့မှု ကန့်သတ်ထားပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ ၊ ဖယ်ခုံမြို့နယ်မှာလည်း စပါးစိုက်ခင်း ဧက ထောင်နဲ့ချီ ဟာ ၃ လကြာ‌တဲ့အထိ ရေလွှမ်းတဲ့အပြင် ကြွက်ဖျက်ဆီးမှုတွေကြောင့် အထွက်နှုန်းနည်းပြီး ဒေသခံတွေဟာ လာမယ့်နှစ် စားဝတ်နေရေး မပြေလည်နိုင်ဘူးလို့ ပြောပါတယ်။

“အရင်နှစ်ကအကြွေးတင်တဲ့ မိသားစုလည်းရှိတယ်။ လယ်လုပ်တာ ရေမြှုပ်လို့လည်းပါတယ်။ ရလာတဲ့ဟာနဲ့မကိုက်တာလည်းပါတာပေါ့။ သူတို့လည်းကိုယ်ပိုင်အရင်းနှီးမရှိဘူးကော.” လို့ မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စပါး အထွက်နှုန်း နည်းတာကြောင့် လာမယ့်နှစ် စပါးစိုက်ခင်းအတွက် မျိုးစေ့လျာထားဖို့နဲ့ စားသောက်ဖို့အတွက် ချိန့်ချိန်လာရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေ ဆန်အဝယ်များတဲ့၂၇ ဝိတ်ရှိ ရွှေရင်အေးဆန် တစ်အိတ်ကို ၁၂၀၀၀၀ ကျပ်ပေါက်စျေးရှိပြီး ၂၅ ဝိတ်ရှိတဲ့ 5O2 ဆန်တစ်အိတ်လည်း ၁၂၀၀၀၀ ကျပ် ပေါက်စျေးရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts