spot_imgspot_imgspot_imgspot_img
Saturday, March 29, 2025
spot_imgspot_imgspot_imgspot_img

“သမီးလေးတွေအနာဂတ်လှဖို့ ရင်ကို အခွဲခံခဲ့တဲ့မိခင် (သို့မဟုတ်)မော်ငါးမြာ”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“ကျမကလေးတွေက အဖေမရှိကြဘူး။ သူတို့ မျက်နှာမငယ်ရအောင် အဖေရှိတဲ့ နေသူတွေနဲ့ တန်းတူထားနိုင်အောင်ဆိုပြီးတော့ ကျမ တတ်နိုင်တဲ့ဘက်ကနေ မနားမနေ အလုပ်တွေ အရမ်းလုပ်ရတယ်။ သူများကလေးတွေ လုပ်သလို သူတို့လည်း လုပ်နိုင်အောင်ဆိုပြီး ကျမ စိတ်ထဲမှာထားတယ်။ မနည်းကြိုးစားရုန်းကန်ပြီးတော့ ကျောင်းထားပေးတယ်။ အဝတ်အစားတွေ ၊ ဖိနပ်တွေ ဆိုလည်း သူတို့ သူငယ်ချင်းတွေလိုဖြစ်အောင် အိမ်ကအလုပ်တွေ အကုန်လုံးပြီးသွားရင် အငှားတွေ လိုက်တယ်။ တခုခု ဝယ်တယ်ကြားရင် လိုက်လုပ်တယ်။ ပြန်ရောင်းတယ်။ အမျိုုးမျိုးပဲ လုပ်ရတယ်။ မနားရဘူး။ ဒီထိုင်းကရင်နီ နယ်စပ်ကို စစ်ရှောင်လာရတော့ နည်းနည်းတော့ နားရတယ်ဆိုပေမယ့် သူများတွေလိုတော့ အများကြီးမနားရဘူး”

သမီး ခြောက်ယောက်မိခင် မော်ငါးမြာတယောက် သူမ နိစ္စဓူဝရင်ဆိုင်နေရတဲ့ လောကဓံနဲ့ အခက်အခဲစိန်ခေါ်မှုတွေကို ပြောပြလာတာပါ။

မိဘအစုံအလင်နဲ့ နေခွင့်မရတဲ့ သမီးတွေကို မျက်နှာမငယ်ရလေအောင် ကြိုးစားရုန်းကန်နေတဲ့ မြင့်မိုရ်တောင်မကကြီးမားပြီး၊ မိခင်တဦးရဲ့ သား၊သမီးအပေါ်ထားတဲ့ တုနှိုင်းမဲ့မေတ္တာတရားကို တပ်အပ်မြင်တွေ့နိုင်ပါတယ်။

မော်ငါးမြာဟာ ကြုံရာကျပန်းအလုပ်ကိုလုပ်ပြီး ကြိုးစားရုန်းကန်ရင်း သူမရဲ့ ကလေးတွေကို ရှာဖွေကျွေးမွေးနေရတာပါ။

မိခင်တဦးတည်းကနေ သမီးခြောက်ယောက်လုံးကို ပြုစုပျိုးထောင်နိုင်ဖို့ဆိုတာ လူတိုင်းအတွက်တော့ ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတခုပါ။ ကြမ်းတမ်းတဲ့ အလုပ်တွေကိုလည်း အမျိုးသားတွေနဲ့တန်းတူ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းကို ဖြေရှင်းလာရပါတယ်။

မော်ငါးမြာအတွက် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရခဲ့တဲ့ညတွေဆိုတာ မရှိသလောက်ပါပဲ။ သမီးတွေရဲ့ အနာဂတ်တွေကိုတွေးရင်း ပူပန်နေရတယ်လို့ ပြောပါတယ်။

ဒီအကြောင်းကိုကြားမိတဲ့သူတွေတချို့က သူမရဲ့ ကလေးတွေကို မွေးစားဖို့အတွက် အကြိမ်ကြိမ်အခါခါ လာရောက်တောင်းယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ မော်ငါးမြာဟာ သူမရဲ့ ဝမ်းဗိုက်နဲ့လွယ်ပြီး မွေးခဲ့ရတဲ့ ရင်နှစ်သည်းချာတွေကို ခွဲခွာဖို့ သတ္တိမရှိခဲ့ပါဘူး။ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့ကိုပဲ အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ကြမ်းတမ်းလွန်းလှတဲ့ လောကဓံက မော်ငါးမြာတို့ မျက်နှသာမပေးခဲ့ပါဘူး။ သူမကိုကြည့်ရင်း အနီးအနားက ပတ်ဝန်းကျင်တွေ၊ ဆွေမျိုးတွေက သမီးငယ်တွေရဲ့ အနာဂတ်ကို စဉ်းစားစေဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဒီလိုတိုက်တွန်းမှုနဲ့ သမီးလေးတွေရဲ့ အနာဂတ်လှပဖို့ကို ရှေ့ရှုပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တခုကို ရင်ခွဲခံခဲ့ပြီး ဆုံးဖြတ်ကာ သမီးငယ်လေးကို မွေးစားမယ့်သူတွေဆီ အပ်နှံလိုက်ရပါတယ်။

ပထမဆုံးပေးလိုက်တဲ့ သမီးလေးကတော့ တတိယသမီးလေး ဖြစ်ပါတယ်။ သမီးလေးကိုပေးလိုက်တာ အခုချိန်ထိဆိုရင် ၁၀ နှစ်ကျော် ရှိနေပြီလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းက တဲအိမ်လေးရဲ့ အိမ်ရှေ့မျက်နှာစာမှာ အနားယူနေတဲ့ မော်ငါးမြာ အား တွေ့ရစဉ်

သူမမှာ သမီးလေး ငါးဦးကျန်ရှိနေပါသေးတယ်။

၂၀၂၁ စစ်တပ်အာဏာမသိမ်းခင် အချိန်လေးမှာပဲ နောက်ထပ် သမီးငယ်လေး နှစ်ဦးကို ထပ်မံပြီး ပေးလိုက်ရပါတယ်။ သွေးသားရင်းချာမဟုတ်တဲ့ သူစိမ်းတွေရဲ့ လက်ထဲကို ကိုယ့်ရဲ့ သွေးသားရင်းချာကို ပုံအောပြီးပေးလိုက်နိုင်ဖို့ဆိုတာ လူတိုင်းအတွက်တော့ လွယ်ကူလှတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ အထူးသဖြင့် မိမိဝမ်းနဲ့ လွယ်ပြီးမွေးထားခဲ့ရတဲ့ မော်ငါးမြာလို မိခင်အတွက်တော့ ပိုမိုရင်ကွဲရပါတယ်။

ဘဝပေးကံကြမ္မာ မပြည့်စုံခြင်း၊ လက်လုပ်လက်စား ဘဝနဲ့ ကြိုးစားရုန်းကန်နေရတဲ့ သူမအဖို့ သမီးတွေအကုန်လုံးကို ပြုစုပျိုးထောင်နိုင်ဖို့အတွက် ခက်ခဲလှတဲ့စိန်ခေါ်မှုကြီး ဖြစ်နေတာကြောင့် မတတ်သာလို့ တခြားသူလက်ထဲ အပြီးပေးလိုက်ရပြန်ပါတယ်။

သမီး သုံးယောက်ကို မွေးစားဖို့ပေးလိုက်တဲ့အပေါ် သူမရဲ့ မျှော်မှန်းချက်ကတော့

“အဓိက ကတော့ ကျန်းမာရေးပဲ။ ကျန်းမာရေးသာကောင်းမယ်။ ပြီးတော့ သူ့တို့ကို ခေါ်ထားတဲ့ သူတွေက သူတို့ရဲ့ ပညာရေးကို ဆုံးခမ်းတိုင်အောင် သင်ယူပေးနိုင်မယ်ဆိုရင် သူတို့ဘဝအတွက် အဆင်ပြေပြီလို့ပဲ တွေးတော့တယ်။ ဘာမှလည်း လုပ်လို့ မရတော့ဘူး” လို့ ပြောပါတယ်။

သမီးတွေကို ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ လွမ်းတဲ့စိတ်တွေနဲ့ အိမ်မက်မက်တာတွေ မကြာခဏ ကြုံတွေ့နေရတာပါ။ သူမရဲ့ ကလေးတွေနဲ့ရွယ်တူ မွေးဖွားလာကြတဲ့ ရပ်ရွာထဲက ကလေးတွေကို မြင်တွေ့တိုင်း ကလေးတွေကို အမြဲ သတိရပြီး မျက်ရည်ဝဲနေတတ်တဲ့ မိခင်တဦးပါ။

လူတွေအိပ်စက်ကုန်ကြတဲ့ ညဉ့်သန်းခေါင်ယံ အချိန်မှာလည်း ဘယ်သူ့မှ မသိအောင် တိတ်တိတ်လေး ခိုးငိုခဲ့ရတဲ့ ညတွေလည်း မနည်းလှပါဘူး။

သူမရဲ့ ကလေးတွေကို ပေးလိုက်တဲ့ နောက်ပိုင်းမှာတော့ အခုချိန်ထိ ပြန်လည်ဆုံတွေ့တာ မရှိသေးပါဘူး။ သမီးလေးတွေ ကျန်းမာ၊ ဘေးကင်းပြီး အနာဂတ် ကောင်းမွန်လှပဖို့ကိုပဲ ညတိုင်းဘုရားမှာ ဆုမွန်ကောင်းပေးနေတဲ့ မိခင်တဦးပါ။

“မတွေ့ရသေးဘူး အခုထိ။ ကျမတို့ကလည်း ဒီထိုင်း ကရင်နီနယ်စပ်ကို ပြေးလာလိုက်တယ်။ သူတို့က အပေါ်ဘက်ပြေးတယ်။ ကျမ တို့က အရှေ့ဘက်ကို ပြေးတယ်။ ပြီးတော့ ရွာမှာကျန်ခဲ့တယ်။ အဲ့လိုဖြစ်နေတော့ အငယ် နှစ်ယောက်နဲ့ အခုချိန်ထိ မတွေ့ရတော့ဘူး။ မသေရင်တော့ပြန်တွေ့ကြရဦးမယ် လို့တော့ မျှော်လင့်ရတာပေါ့။ ဒါပေမဲ့ သေမလား ရှင်မလား ဆိုတာ မသိဘူးလေနော်။ နိုင်ငံရေး အခြေအနေကလည်း ဒီလိုဖြစ်နေတော့ ခုအချိန်ထိကို ပြန်မကောင်းနိုင်သေးဘူးကော”

မော်ငါးမြာဟာ ကရင်နီပြည် ဒီးမော့ဆို မြို့တွင်းက ကျေးရွာလေးတရွာမှာ သမီးလေးတွေနဲ့ အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပါ။ ၂၀၂၁ စစ်တပ်အာဏာသိမ်ပြီး‌ နောက်ပိုင်းမှာတော့ သူနေထိုင်တဲ့ ကျေးရွာကလေးကို ဒီးမော့ဆိုအခြေစိုက် တပ်ရင်းတွေက လက်နက်ကြီးတွေ မကြာခဏ ဆိုသလို ပစ်ခတ်ကြပြီး ကျေးရွာမှာ ကျရောက်မှုရှိနေတာကြောင့် ထိုင်းကရင်နီ နယ်စပ် စစ်ရှောင်စခန်း တနေရာကို သမီး သုံးယောက်နဲ့ အတူ လာရောက်ခိုလှုံနေကြတာပါ။

အဆိုပါ စစ်ရှောင်စစ်ရှောင်စခန်းမှာ သမီးလေး သုံးယောက်နဲ့ အတူ လာရောက်ခိုလှုံနေတာဟာ‌ လေးနှစ်ကျော်ရှိလာပြီ ဖြစ်ပါတယ်။ စစ်ရှောင်စခန်းကို စတင်ရောက်ရှိတဲ့ အချိန်မှာတော့ ထမင်းကို နပ်မှန်အောင် မစားနိုင်ခဲ့ဘူးလို့ သူမက ပြောပြပါတယ်။

“စစရောက်တုန်းကဆိုရင် တရက်ကို ထမင်း နှစ်နပ်ပဲ စားရတယ် မနက်တခေါက် ညတခေါက် ထမင်းတအားဆာလို့ ဘာမှတောင် မသိတော့ဘူး”

စစ်ရှောင် ကာလကြာြမင့်လာတဲ့ အချိန်မှာတော့ စားဝတ်နေရေး အဆင်ပြေလာစေဖို့ အတွက် မုန့်တချို့ကို လုပ်ရောင်းခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။

“ကျမ မုန့်နည်းနည်းလုပ်ပြီး ကျောင်းမှာ သွားရောင်းတယ်။ အဲဒီကနေ နည်းနည်းပါးပါး စားဖို့သောက်ဖို့ ရတယ်ပေါ့။ ပြီးတော့ ထင်းရှူးတွေ၊ ဘာတွေ သွားရှာခုတ်ပြီး ရောင်းတော့ အိမ်အသုံးစရိတ်အတွက် နည်းနည်းပါးပါး ကာမိတယ်။ တခြားဟာ လုပ်မယ်ဆိုလည်း ထွေထွေထူးထူး လုပ်စရာက မရှိဘူးကော”

ဆောင်းအကုန် နွေအကူးမှာတော့ သူ့အတွက် နောက်ထပ် စားဝတ်နေရေးကို အထောက်အကူဖြစ်စေမယ့် ဖက်ရွက်ကောက်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။
ဖက်ရွက်ကို ကိုယ်တိုင်ကောက်ပြီး ကိုယ်တိုင်ပဲ ပြန်ချုပ်ရတာပါ။ ကူဖော်လောင်ဖက်ဆိုတာ သူ့မှာ မရှိပါဘူး။ ယောကျာ်းသား မရှိတဲ့ သူ့အတွက် ဝါးတွေကို ခုတ်ယူတဲ့ နေရာမှာတော့ အခက်အခဲရှိတဲ့ အကြောင်းကို အခုလိုပဲ ပြောဆိုလာပါတယ်။

“ကျမတို့ကိုယ်တိုင်သွားကောက်တယ်။ ပြီးတော့ ကိုယ်တိုင်ပဲ ပြန်ချုပ်တယ်။ အစတုန်းကဆိုရင် ကျမတို့ သိပ်မလုပ်တတ်ဘူး။ ဒါပေမဲ့လုပ်တတ်တဲ့သူတွေက သူတို့သင်ပေးတယ်။ ပြောပြတယ်။ သူတို့နားကနေတဆင့် သင်ပြီးတော့ ကိုယ်တိုင်လုပ်တတ်လာတယ်။ မနက်ဆိုရင် ၅နာရီခွဲ ၆နာရီလောက် ထသွားရတယ်။ လိုအပ်တဲ့ ဝါးတွေကိုကျတော့ ဝါးခုတ်တတ်တဲ့‌ ယောကျာ်းလေးတွေနဲ့ ခုတ်ခိုင်းပြီးတော့ ပိုက်ဆံပေးရတာပေါ့”

ကောက်ယူလာတဲ့ ဖက်ရွက်တွေကို ပြန်လည်ချုပ်လုပ်နေတဲ့ မော်ငါးမြာ အား တွေ့ရစဉ်

ဖက်ရွက်ချုပ်ပြီးသားကို အချပ်တရာကို ထိုင်းဘတ် ၃၅၀ ဝန်းကျင် ပေါက်စျေး ရှိနေပါတယ်။ ဒါဟာ သူ့အတွက် စားဝတ်နေရေးကို အထောက်အကူ ဖြစ်စေပါတယ်။

မော်ငါးမြာနဲ့ အတူနေထိုင်တဲ့ သမီးငယ် သုံးဦးအနက် ဒုတိယ သမီးလေးမှာတော့ အိမ်ထောင်ကျသွားပြီး မော်ငါးမြာကို ထပ်မံ ခွဲခွာခဲ့ပြန်ပါပြီ။

အခုအချိန်မှာတော့ မော်ငါးမြာတယောက် သမီးလေးနှစ်ဦးနဲ့အတူ စစ်ရှောင်စခန်းမှာ နေထိုင်ရင်း ဝေးကွာနေခဲ့ရတဲ့ သမီးလေးတွေကို ညတိုင်း လွမ်းဆွတ်နေရတယ်လို့ ဆိုပါတယ်။

မော်ငါးမြာဟာ သမီးလေးတွေနဲ့ ခွဲခွာလိုစိတ်မရှိသော်လည်း သမီးလေးတွေဟာ လှပတဲ့ အနာဂတ်တခုကို ပိုင်ဆိုင်ခွင့်ရသူတွေဖြစ်ဖို့ သူမရင်ကိုအခွဲခံပြီး တခြားသူလက်ထဲ အပ်နှံလိုက်ရပါတယ်။ နိုင်ငံရေးမကောင်းတာတဖက်၊ စားဝတ်နေရေး အဆင်မပြေတာကတဖက်နဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် မော်ငါးမြာတို့လို တကွဲတပြား ဝေးကွာနေကြရတဲ့ မိသားစုတွေ မြောက်များစွာ ရှိနေပါတယ်။

အခုတော့ အသက် ၄၅ နှစ်အရွယ် မော်ငါးမြာတ ယောက် ဝေးကွာနေရတဲ့ သမီးလေးတွေနဲ့အတူ ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ရင်း…….။

spot_img
spot_img
spot_img

Recent posts