spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

သုံးရက်အတွင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ (၂၀) ဦး နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ကနေ တစ်လေးလုံး စစ်ဆင်ရေးကို စတင်ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၂၀ ဦးထိရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ က ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့က မြို့ပေါ်ရပ်ကွက်တွေအပြင် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်က အရပ်သားပြည်သူတွေလည်း ပါဝင်ပြီး၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၄ ဦး နဲ့ ကျန် ၃ ဦးမှာတော့ စာရင်းအတိအကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒ့ါအပြင် လေယာဉ်ဗုံးကျဲမှုကြောင့် အမျိုးသားတဦးလည်း သေဆုံးခဲ့သလို အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၄) ရက်နေ့ မနက် ၆ နာရီကျော်အချိန်မှာလည်း လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး စစ်ရှောင်လာတဲ့ ဇနီးမောင်နှံ နှစ်ဦးကို ထိမှန်ကာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖရူဆိုမြို့နယ်ကနေ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်ကို ပြီးခဲ့တဲ့ နှစ်တွေက စစ်လာရှောင်တဲ့သူတွေ ဖြစ်ကြပြီး 1111 (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် နာနတ်တော ရပ်ကွက်ကနေ မင်းစုရပ်ကွက်ထဲကို ထပ်မံ ရွေ့ပြောင်းလာတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူနှစ်ဦးမှာ အသက် ၃၀ ကျော် အရွယ် ဒေါ်မြင့်မြင့်စိုး နဲ့ ဦးစိုးရယ် ဖြစ်ပြီး လက်နက်ကြီး ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ဇနီးမောင်နှံများ ဖြစ်ကြပြီး စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများ ဖြစ်ကြတယ်လို့ သိရပါတယ်။

“ဒီမနက် ၆နာရီကျော်အချိန်က ရပ်ကွက်ထဲ လက်နက်ကြီးကျတာ သုံးလုံးထက်မနည်းပဲ။ လက်နက်ကြီးထိပြီး ဆုံးတာကတော့ နှစ်ယောက်ပေါ့နော သူတို့က နာနတ်တောကနေ စစ်ရှောင်လာကြတာ။ အိမ်ပျက်သွားတာလည်းရှိတယ်။ ဒီအချိန်မှာတော့ လက်နက်အသံကြားတာနဲ့ ဝပ်နေပဲ ခေါင်းတောင်မထောင်ရဲဘူး။ အပြင်လည်း မထွက်ရဲဘူး အသက်လုံခြုံဖို့ကိုပဲ လုပ်ရတယ်။”လို့ မင်းစုရပ်ကွက်က ဒေသခံတဦးက ပြောပါတယ်။

စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ အထိ စစ်ကောင်စီကနေ လက်နက်ကြီးတောက်လျှောက်ပစ်ခတ်နေပြီး ဒေသခံတွေဟာ အပြင်ထွက်လို့ မရဘဲ ပိတ်မိနေတဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။ လုံခြုံတဲ့နေရာမှာ နေကြဖို့ကိုလည်း IEC က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကောက်ယူရရှိတဲ့ စာရင်းအရကတော့ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့မှာ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးသူမှာ ၁၄ ဦးရှိတယ်လို့ သိရပါတယ်။ ဒီအချက်အလက်တွေဟာ လက်လှမ်းမီသလောက်သာဖြစ်ပြီး ဒီထက်မက ထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

spot_img
spot_img