spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

“သူတို့ ထပ်မပြေးလိုတော့ပါ”

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

နာမည်ကိုယ်စီလေး ရှိနေကြတဲ့ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေထဲက “ရောင်ခြည်ဦး” လို့ အမည်ပေးထားတဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြသူတွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေသခံစစ်ရှောင်တွေပါ။ ဒီးမော့ဆိုမြို့နယ်ဆိုတာ စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး တိုက်ပွဲဖြစ်ပွားတဲ့ ကရင်နီပြည်က မြို့နယ်တစ်ခုပါ။

“ရောင်ခြည်ဦး” စခန်းမှာတော့ စံပြခြောက်မိုင်အုပ်စုအတွင်းက ဒေသခံတွေ လာရောက်ခိုလှုံနေကြပါတယ်။ အဲ့ဒီအုပ်စုဟာ ပထမဦးဆုံး တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်နေတာကြောင့် သူတို့တတွေဟာ ကရင်နီမှာ ပထမဦးဆုံး စစ်ဘေးတိမ်းရှောင်နေရသူတွေ ဖြစ်ပါတယ်။

“ရောင်ခြည်ဦး” ကို ရောက်လာကြသူတွေကတော့ အနည်းဆုံး ၃ ဆင့် ထပ်ဆင့် ပြောင်းရွေ့တိမ်းရှောင်ရသူတွေပါ။ အကြောင်းရင်းကတော့ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်ရဲ့ နေရာဒေသ တော်တော်များများကို စစ်ကြောင်းထိုးကြသလို လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတာကြောင့် ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို ထပ်မံတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ လက်ရှိ စစ်ရှောင်စခန်းဟာ သူတို့ရဲ့ ဇာတိကျေးရွာနဲ့ ကားဖြင့် ၄ နာရီဝန်းကျင်သာ သွားရတဲ့နေရာဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေးက အလွန် ခက်ခဲနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

“ရောင်ခြည်ဦး” ကို ရောက်ဖို့ ကတ္တရာလမ်းအနည်းငယ်၊ ကျောက်ချောလမ်း၊ မြေသားလမ်း စတာတွေကို နင်းရပြီး တောင်အတက်အဆင်း၊ အကွေ့အကောက်လမ်းတွေနဲ့ တောင်ခြေက ရေချောင်းကလေးတွေကိုလည်း ဖြတ်ကျော်သွားလာနေရပါတယ်။ ကျောက်ချောလမ်း ဆိုတာဟာလည်း ကျောက်တုံးကြီးတွေကိုသာ စီရီခင်းကျင်းထားတာမို့ ဖိုးဝီး (4 wheel) မပါတဲ့ကားငယ်၊ ဆိုင်ကယ်တွေအတွက် သွားလာဖို့က အင်မတန် ခက်ခဲပါတယ်။ ကျောက်တုံးတွေ မရှိတဲ့နေရာ၊ မြေသားလမ်းဟာလည်း မိုးရာသီမှာ သွားလာဖို့ ခက်ခဲလှတဲ့ အနေအထားမှာပါ။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာအပြင် သွားလာရေးအတွက် ကား၊ ဆိုင်ကယ်တွေ မိသားစုတိုင်းမှာ မရှိတာကြောင့် စျေးဝယ်လိုသူတွေအတွက် တစ်ပတ်ကိုတစ်ကြိမ် စုပေါင်းပြီး ကားငှားကာ ကုန်ပစ္စည်းတွေ အစုံလင်ဆုံး နေရာတစ်ခုဖြစ်တဲ့ ချယ်ရီကုန်းစျေးတန်းမှာ စျေးဝယ်သွားကြတယ်လို့ ဆိုပါတယ်။

“လမ်းပန်းဆက်သွယ်ရေးအတွက်တော့ သီးသန့် ကျနော်တို့ပြင်ဆင်ထားတာ မရှိဘူးပေါ့နော။ ဒါပေမယ့် ဈေးဝယ်ဖို့ အတွက်ဆိုရင်တော့ ကျနော်တို့က အနည်းဆုံး တစ်ပတ်တစ်ကြိမ် လူတွေစုကြတယ်။ ကားတစ်စီး အတူငှားပြီးတော့မှ သွားကြတာပေါ့။” လို့ “ရောင်ခြည်ဦး” စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ခံ ကိုရှိုင်းလင်းက လက်ရှိမှာ ကော်မတီအနေနဲ့ စစ်ရှောင်တွေအတွက် စီမံဆောင်ရွက်ထားပုံကို ပြောပြပါတယ်။

“ရောင်ခြည်ဦး” စစ်ရှောင်စခန်းဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာနိုင်မဲ့ နေရာတော့ မဟုတ်ပေမယ့် လေကြောင်းအန္တာရာယ်ကတော့ စိုးရိမ်နေရဆဲပါ။ လေကြောင်းရန် ကာကွယ်နိုင်ဖို့ကိုတော့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေကြတာကို တွေ့မြင်နေရပါတယ်။ ကာဗာကျင်း( ကတုတ်ကျင်း) တွေကို အိမ်တိုင်းမှာ တူးထားကြပါတယ်။ အခိုင်အမာဖြစ်အောင် မဆောင်ရွက်နိုင်ပေမယ့် အကာအကွယ်လေးဖြစ်အောင် ဆောင်ရွက်ထားကြပါတယ်။ ကာဗာကျင်းဆောက်လုပ်ရာမှာလည်း ငွေကြေးကုန်ကျမှု ရှိတာကြောင့် ငွေကြေးမတတ်နိုင်တဲ့ စစ်ရှောင်တွေအနေနဲ့ အကာအကွယ်ဖြစ်ရုံလေးသာ ဆောင်ရွက်ထားကြတာပါ။

“အိမ်အရမ်းပြန်ချင်တဲ့အခါ တောင်ပေါ်တက်ပြီး ဟိုး…ကျမတို့ ရွာရှိတဲ့ဘက်ကို ကြည့်ပြီး အိမ်ပြန်ချင်တယ်။ အဲ့လိုအချိန်ဆို မျက်ရည်ကျတယ်။ နောက်ထပ်လည်း မပြေးချင်တော့ဘူး။” လို့ “ရောင်ခြည်ဦး” မှာ ခိုလှုံနေတဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ နာတာရှည်ဝေဒနာ ခံစားနေရသူတွေလည်း ၂၀ ဝန်းကျင် ရှိနေပြီး ဆေးပြတ်လပ်တဲ့ အခြေအနေကိုလည်း မကြာခန ကြုံနေကြရတယ်လို့ ဆိုပါတယ်။ “ရောင်ခြည်ဦး” စစ်ဘေးရှောင်စခန်းမှာတော့ ကိုယ်ထူကိုယ်ထဆေးပေးခန်းလေး ဖွင့်လှစ်ထားပေမယ့် ဆေးဝါးတွေလုံလုံလောက်လောက် မရှိပါဘူး။ ကရင်နီနယ်လှည့်ကျန်းမာရေးဆေးခန်းကို အားကိုးနေကြရသလို ၂ မိုင်ခန့် ကွာဝေးတဲ့ ဆေးခန်းဆီကို ခြေလျင်ခရီးနဲ့ သွားရောက်ပြသကြတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်မရှိသူတွေက ခြေလျင်နဲ့ သွားကြပြီး တစ်ညအိပ်ခရီးနဲ့ ဆေးခန်းကို ပြသကြရပါတယ်။

ပန်းနာရင်ကြပ် နာတာရှည်ဝေဒါနာ ခံစားနေရတဲ့ အသက် ၅၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးကတော့ သူမဟာ ဆေးခန်းရက်ချိန်းတွေကို ပုံမှန်မသွားနိုင်ဘူးလို့ ပြောပါတယ်။ ခရီးဝေးတာအပြင် ခြေလျင်ခရီးဟာ သူမလို ပန်းနာရင်ကြပ် ဝေဒနာသည်တွေသွားလာဖို့ မောပန်းလွန်းတာကြောင့် ခရီးကြုံရှိတဲ့အခါတွေမှာဘဲ သွားလေ့ရှိပြီး မသွားနိုင်တဲ့အချိန်တွေ ပိုများတယ်လို့ ဆိုပါတယ်။

“အဒေါ်က ပန်းနာရင်ကြပ်ဆိုတော့ ဆေးက မပြတ်ဆောင်ထားရတယ်လေ။ ရှူတဲ့ဟာကိုလည်း အရမ်းဖြစ်မှ သုံးတယ်။ ခံနိုင်သေးတယ်ဆို မသုံးဘူး။ ဝယ်လို့မရမှာစိုးလို့လေ။ သောက်ဆေးတွေလည်း ချွေတာပြီး သောက်တယ်။ ဝယ်မရဘူးလေ။ ပိုက်ဆံလည်းမရှိ၊ ဆေးလည်းမရှိပေါ့။” လို့ နာတာရှည်ဝေဒနာသည် အမျိုးသမီးတစ်ဦးက လက်ရှိမှာ သူကြုံနေရတာကို ပြောပြပါတယ်။

“ဆေးခန်းက မနက်ဖြန်ရက်ချိန်းဆို ဒီညနေကြိုသွားရတယ်။ သူများအိမ်မှာ သွားတောင်းအိပ်ပေါ့။ ခြေလျင်နဲ့ဘဲ သွားတယ်လေ။ အဒေါ်က တအားမောတော့ ဆိုင်ကယ်တို့ လမ်းကြုံရှိရင် သွားတယ်။ မရှိရင်တော့ မသွားတော့ဘူး။ ဒီတိုင်းဘဲနေလိုက်တယ်။” လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းရဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမှာတော့ ဆေးခန်းလာရောက်ပြသနေတဲ့ လူနာတွေအတွက် ဆေးခန်းမှာ အလှူခံပုံးထားကာ ရရှိလာတဲ့ အဲ့ဒီအလှူငွေတွေကနေတစ်ဆင့် ဆေးဝယ်ဖို့မတတ်နိုင်တဲ့ အရေးပေါ် လူနာတွေအတွက် ပြန်လည်အသုံးပြုပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ကျော်ရှိကာ အိမ်ခြေ ၁၀၀ ကျော် စုပေါင်းနေထိုင်ကြပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ ခိုလှုံနေသူတွေဟာ နေရပ်ပြန်ပြီး လယ်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြတာလည်း ရှိပါတယ်။ သွားလာရေးမှာ အဆင်ပြေတဲ့သူတွေသာ ပြန်လာစိုက်ပျိုးနေကြပြီး သွားလာဖို့ ယာဉ်မရှိသူတွေကတော့ ဒေသခံတွေခွင့်ပြုပေးထားတဲ့ ဧရိယာအတွင်းမှာ တနိုင်တပိုင် စိုက်ပျိုးပြီး စားနပ်ရိက္ခာဖြည့်တင်းနေကြတာပါ။ နေရပ်ပြန်တာဟာ နေအိမ်ကို ပြန်လို့ရတာမဟုတ်ဘဲ တောင်ယာခင်း၊ လယ်ယာခင်းရှိတဲ့နေရာမှာ တဲထိုးပြီး တခါတရံညအိပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ လက်နက်ကြီးရန်ကိုတော့ စိုးရိမ်နေကြရပါတယ်။

“ရောင်ခြည်ဦး” စစ်ရှောင်စခန်းမှာ ခိုလှုံနေကြတဲ့စစ်ဘေးရှောင်တွေဟာ ဒေသခံတွေကနေ အသုံးပြုခွင့်ပေးထားတဲ့ မြေယာတွေကို တောင်ယာလုပ်ငန်းအဖြစ် စပါးတွေကို အဓိကထားပြီး စိုက်ပျိုးနေကြပါတယ်။ တနိုင်တပိုင် စိုက်ပျိုးနေကြတာဖြစ်ပြီး အထွက်နှုန်းကတော့ မှန်းထားသလောက်တော့ မရဘူးလို့ ဆိုပါတယ်။

“အရင်းနှီးနည်းနည်း ရှိတဲ့သူတွေက ရတဲ့နည်းနဲ့ အပင်ပန်းခံပြီး ပြန်စိုက်ကြတာပေါ့။ ကျနော်ကတော့ ဒီမှာ ရွာခံတွေပေးစိုက်ထားတဲ့ နေရာတွေမှာ စပါးနည်းနည်းလုပ်တယ်။ မကောင်းဘူး။ မြေဩဇာလည်း မထည့်နိုင်ဆိုတော့ ဖြစ်သလိုဘဲ။ အသီးထွက်လာသလောက်တော့ စားရမှာပေါ့။” လို့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက သူတို့ရဲ့တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ကိုင်နေကြပုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ထပ်ဆင့်တိမ်းရှောင် ပြောင်းရွေ့ခဲ့ရတာကြောင့် လက်ရှိနေရာမှာ အဆင်မပြေနိုင်ရင်တောင် ထပ်မံပြောင်းရွေ့ဖို့ စိတ်ကူးမရှိတော့ဘူးလို့ ပြောလာသူကတော့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဖြစ်လာသမျှကို လက်ရှိနေရာမှာသာ အံတုရင်းအိမ်ပြန်ရဖို့ကို စောင့်မျှော်နေမယ်လို့ သူမက ဆက်ပြောပါတယ်။

၂ နှစ်အရွယ် သားငယ်လေးကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတစ်ဦးကလည်း လက်ရှိနေရာဟာ တိမ်းရှောင်ခဲ့ရသမျှနေရာတွေထဲ အဆင်ပြေဆုံးသော နေရာမဟုတ်ပေမယ့် နောက်ထပ်တကြိမ် ထပ်မံမတိမ်းရှောင်လိုတော့ဘူးလို့ ရင်ဖွင့်ပြောပြပါတယ်။ သူမရဲ့ သားငယ်လေးဟာ ၂၀၂၁ ခုနှစ် က တိုက်ပွဲတွေကြား အသက်ဘေးလွတ်မြောက်ပြီး မွေးဖွားလာသူဖြစ်ပါတယ်။ ၃ နှစ်ကျော်ကာလအတွင်း ၃ ဆင့် ပြေးလွှားတိမ်းရှောင်ရပြီမို့ ထပ်မံတိမ်းရှောင်ဖို့ အလွန်ခက်ခဲနေတာကြောင့် မတိမ်းရှောင်လိုတော့ဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်လူထုတွေဟာ ထပ်ဆင့်တိမ်းရှောင်ရတဲ့အခါ အထူးသဖြင့် နေရာထိုင်ခင်းအတွက် တဲဆောက်လုပ်ဖို့ အမိုး၊ အကာ တွေကို ဆုံးရှုံးရတာကြောင့် ပိုမိုခက်ခဲနေကြပြီး ထပ်မံမတိမ်းရှောင်လိုတော့တာ ဖြစ်ပါတယ်။ တချို့သော စစ်ရှောင်တွေမှာတော့ ယခင်က ခိုလှုံခဲ့တဲ့နေရာတွေကနေ ရုတ်တရက်ထပ်မံတိမ်းရှောင်နေကြရပြီး ပစ္စည်းတွေကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဆုံးရှုံးသွားရတဲ့ နေရာထိုင်ခင်းစရိတ်ဟာ စားနပ်ရိက္ခာအတွက် ဖြည့်တင်းဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုကြပါတယ်။

လက်ရှိ “ရောင်ခြည်ဦး”စစ်ရှောင်စခန်းက စစ်ရှောင်လူထုတွေလိုဘဲ ကရင်နီက လူထုတွေဟာ တနေရာတည်းကို တိမ်းရှောင်ခိုလှုံရသူတွေ အလွန်နည်းပါးပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်ကာလရှည်ကြာလာတာနဲ့အမျှ ပိုမိုကြပ်တည်းလာတဲ့ စားနပ်ရိက္ခာတွေကြောင့် ထပ်မံတိမ်းရှောင်လိုတဲ့ စိတ်ဆန္ဒမရှိကြတော့ဘဲ ရောက်ရှိခိုလှုံနေတဲ့နေရာမှာသာ အဆင်ပြေအောင်လုပ်ယူနေထိုင်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကြုံရတဲ့အခက်အခဲက သယ်ယူပို့ဆောင်ရေးပေါ့ ။ အဲဒီသယ်ယူပို့ဆောင်ရေးက မလုံလောက်တာ၊ တချို့ သယ်ယူပို့ဆောင်ရေးယာဉ် ရှိပေမယ့်လည်း လိုအပ်တဲ့ဆီ၊ ငွေကြေး မရှိတဲ့အခါကြတော့ အတော်လေးခက်ခဲတယ်။ တချို့ယာဉ်ရော ဓာတ်ဆီရော ရှိပေမယ့်လည်း သက်ကြီးရွယ်အိုတို့ ကိုယ်ဝန်ဆောင်မိခင်တို့ဆိုရင် မလှုပ်ရှားနိုင် တဲ့သူ ကလေးငယ်တွေဆို သယ်ယူရေးမှာခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ ပိုခက်ခဲတာ ပေါ့။” လို့ နေရာရွေ့ပြောင်းချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခက်ကို စစ်ရှောင်စခန်းတာဝန်ခံ ကိုရှိုင်းလင်းက ပြောပြပါတယ်။

ကိုရှိုင်းလင်းဟာ ပထမဦးဆုံးအကြိမ် စစ်ရှောင်ရတဲ့နေရာမှာကတည်းက စစ်ရှောင်စခန်းတာဝန်ခံအဖြစ် တာဝန်ယူပေးသူ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ကရင်နီပြည်လူထုရဲ့ ၃ ပုံ၂ပုံဟာ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပါတယ်။

နာတာရှည်ဝေဒနာသည် အမျိုးသမီးကတော့ “ထပ်မပြေးချင်တော့တာကတော့ အဒေါ်တို့ရဲ့ မျှော်လင့်ချက်ဘဲလေ။ ကျန်းမာရေးလည်းမကောင်းဘူး။ ခနခနရွေ့ရတော့လည်း ပိုခက်ခဲတယ်။ အကုန်ဆုံးရှုံးရတယ်။ ဒီမှာလည်း အဆင်ပြေနေပြီမဟုတ်ပေမယ့် ဘယ်မှာဘဲနေနေ စားဖို့ရှိရင် အဆင်ပြေအောင်နေနိုင်ပါတယ်။” လို့ ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts