ကေးဒူ (ကန္တာရဝတီတိုင်း(မ်))
“အစက ကျနော်တို့ အိမ်မရှိတော့ဘူး သတင်းကြားတော့ စိတ်ထဲမှာ မယုံဘူးပေါ့။ လက်တွေ့ မမြင်ရသေးဘူးကော။ ဒါပေမဲ့ ကျနော်တို့ ပြန်ရောက်တော့ ပြောင်လက်နေတာကို မြင်ရတော့ စိတ်အရမ်း ထိခိုက်တာပေါ့။ ငိုချင်တယ်။ ဒါပေမဲ့ လူကြီးတယောက်ဖြစ်နေပြီ ငိုလည်း ဆင်မပြေဘူး အဲမျိုးပေါ့။ စိတ်ကတော့ တော်တော်လေး ထိခိုက်တယ်”
စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ နွေးထွေးတဲ့ မိသားစု အိမ်ကလေး ဟာ မီးလောင်ပြာကျခဲ့ရတဲ့ အကြောင်းကို မျက်ဝန်းထဲကမျက်ရည် ပါးပြင်ပေါ်သို့စီးမကျရုံတမယ် ထိန်းရင်း ဖွင့်ဟလာတာတဲ့ ကိုလောရှည် (အမည်လွှဲ) ဖြစ်ပါတယ်။
သူကတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အရှေ့ဘက်ခြမ်းက ကျေးရွာလေးတရွာမှာ နေထိုင်နေတဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသားတဦးပါ။ သူတို့ ရဲ့ ကျေးရွာလေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းတုန်းက စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားနေချိန် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာပါ။
စစ်ရှောင်စခန်းတခုမှာ (၁) နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီး တိုက်ပွဲတွေပြန်လည်ငြိမ်သက်ချိန်မှာတော့ အခွင့်ရှိတုန်း ကျေးရွာကို ပြန်ဝင်လာခဲ့ပါတယ်။ သရက်ပင်၊ ပိန္နဲပင် တို့နဲ့ စိမ်းလန်းစိုပြေပြီး နွေးနွေးထွေးထွေး ရှိခဲ့ဖူးတဲ့ သူတို့ရဲ့ မိသားစုနေအိမ်ကလေးကို မြင်တွေ့ရဖို့ မျှော်လင့်နေခဲ့ပေမဲ့ အခုတော့ မီးလောင်ပြီး ပြောင်သလင်းခါနေတဲ့ ကွင်းပြင်ကြီး တခုကသာ ကိုလောရှည်ကို ကြိုဆိုနေခဲ့တာပါ။ ဝင်ငွေမရှိဘဲ အလှူရှင်ကိုသာ မျှော်ကိုးနေရတဲ့ စစ်ရှောင်ဘဝနဲ့ စစ်ရှောင်စခန်းတခုမှာ (၁) နှစ်ကျော်အကြာနေထိုင်ခဲ့ပါတယ်။ အခုတော့ စစ်ရှောင်စခန်းကို ကျောခိုင်းပြီး ကိုယ်ပိုင်ခြံ၊ မြေ ရှိတဲ့ ကိုယ့်ရဲ့ ဇာတိကျေးရွာကိုပြန်လာနေထိုင်နေပါတယ်။
ဒါပေမဲ့ ကျေးရွာမှာတော့ နေထိုင်ဖို့ အိမ်မရှိတော့တဲ့အပြင် စစ်ကောင်စီတွေရဲ့ မြေမြုပ်မိုင်း အန္တရယ်နဲ့လည်း ရင်ဆိုင်နေကြရပါသေးတယ်။
ကိုလောရှည်မှာ အသက်ကြီးရင့်နေပြီဖြစ်တဲ့ မိဘ ၂ ဦးအပါအဝင် မိသားစုဝင် ၁၀ ဦးရှိနေတာပါ။
နေရပ်ပြန်ပြီး နွေးထွေးတဲ့ မိသားစု အိမ်ကလေးတလုံးပြန်ရဖို့ ကြိုးစားနေပေမဲ့လည်း အခုချိန်မှာတော့ မိသားစုစားဝတ်နေရေး ပြေလည်ဖို့ရာက သူ့ရဲ့ ပထမဦးဆုံး အကြီးမားဆုံး စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။
“လောလောဆယ်ကတော့ ဝမ်းစာရေးကိုပဲ အဓိက ထားဖြေရှင်းရတာပေါ့။ အိမ်တွေဘာတွေ ပြန်ဆောက်ဖို့ကျတော့ ကျနော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားနေတယ်။ ဒါပေမဲ့ မဖြစ်နိုင်သေးဘူးပေါ့” လို့ ကိုလောရှည်ကပြောပါတယ်။
နေစရာအိမ်မရှိတော့တဲ့အတွက် နီးစပ်တဲ့ ဆွေမျိုးတွေရဲ့ အိမ်မှာ ခိုကပ်နေကြရပါတယ်။
“ယောက်ဖ အိမ်မှာ လိုက်နေတော့ သူတို့မိသားစုက ၇ ယောက်ရှိနေပြီ။ တအိမ်ကို ၁၇ ယောက်နေတော့ အခက်အခဲက အမျိုးမျိုးပဲ။ ရေကိစ္စ ၊ အိမ်သာတက်တာကအစ အခက်အခဲတွေက စားဝတ်နေရေးကော အမျိုးမျိုးပဲ ပြောမပြတတ်လောက်အောင်ပဲ” လို့ ကိုလောရှည်ကပြောပါတယ်။
သူတို့နေထိုင်ရာ အရပ်ဒေသမှာတော့ ရေမြေအနေအထားတွေအရ ဆန်စပါးစိုက်ပျိုးတာကို အနည်းငယ်မျှသာ လုပ်ကိုင်ကြပြီး၊ မြေပဲ၊ နှမ်းတို့ကို သာ အဓိကထား စိုက်ပျိုးကြပါတယ်။
ရရှိလာတဲ့ မြေပဲ ၊ နှမ်းတို့ကို ပြန်လည်ရောင်းချပြီး ဆန်ကို ပြန်ဝယ်စားကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဆက်တိုက် စစ်ရှောင်နေကြရတာဖြစ်လို့ ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိကြပါဘူး။ ဒီနှစ်ရာသီမှာတော့ ပြန်လည် စိုက်ပျိုးကြပေမဲ့ မျိုးစေ့ရှားပါးတာတွေ၊ မျိုးစေ့နဲ့ မြေဩဇာတွေ ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တာတွေကြောင့် ၄ ပုံ ၁ ပုံလောက်ကိုသာ စိုက်ပျိုးနိုင်ကြတယ်လို့ သိရပါတယ်။
ယခုနှစ်မှာစိုက်ပျိုးထားတဲ့ သီးနှံတွေရဲ့ အသီးအပွင့်ကို မခံစားရသေးတာကြောင့် ယခုအချိန်မှာ ဝမ်းစာအတွက် အခက်တွေ့နေကြပါတယ်။
ကိုလောရှည်လိုဘဲ စစ်ရှောင်စခန်းကနေ နေရပ်ကိုပြန်လာနေတဲ့ တချို့မိသားစုတွေလည်းရှိပါတယ်။ မနက်မိုးလင်းရင် ချက်စရာဆန် အိုးထဲမရှိတာတွေကြောင့် လင်မယားချင်း ရန်ဖြစ်တာတွေတောင် ရှိတယ်လို့ ကိုလောရှည်တို့ ကျေးရွာရဲ့ တာဝန်ရှိသူ တဦးက အခုလိုပဲ ပြောပြလာပါတယ်။
“အခုမှ သီးနှံတွေက စိုက်ထားတုန်းဆိုတော့ ဘာစားလို့ ဘာသောက်ရမှန်းမသိဘူး။ အရင် မပြေးရခင်တုန်းကဆို တရက် ၅ ထောင် ၆ ထောင် ပေးမယ်ဆိုပြီး ငှားတဲ့လူတွေ ရှိသေးတော့ ဆန်တွေ ဝယ်စားလို့ ရသေးတယ်။ အခုက အဲလိုလည်းမရှိကြတော့ဘူး။ ကိုယ့်ဘာသာကိုယ်ဘဲ ရုန်းကန်နေကြရတော့ အဆင်မပြေကြတော့ဘူး။ တချို့ဆို မနက်မိုးလင်း ထချက်စရာ ဆန်မရှိတော့ဘူးပြောတယ်။ ဒီမှာပြန်လာနေတာ ရုံးတွေဘာတွေနဲ့ အလှမ်းဝေးတော့ လက်လှမ်းမမီဘူး။ အလှူရှင်တွေက လမ်းခရီး ဝေးတော့ သွားရလာရတာ သိပ်အဆင်မပြေဘူးပေါ့။ အလှူရှင်တွေ ပိုရှားလာတယ်။ ကျနော် သူတို့ကို ကိုယ်ချင်းစာတယ်။ ဒါပေမဲ့လည်း ကျနော့်မှာ သူတို့ကို ပေးစရာ မရှိဘူး” လို့ ကျေးရွာတာဝန်ရှိသူကပြောပြပါတယ်။
တချို့သော မိသားစုတွေမှာ စစ်မရှောင်ခင်ကတည်းက ခက်ခဲနေကြပြီး ယခုလို အဖြစ်ဆိုးကြီးတွေနဲ့ ထပ်မံကြုံတွေ့ရတော့ တပူပေါ် နှစ်ပူဆင့်တွေဖြစ်ကုန်ကြတာပါ။ ယခင်က သူတို့မွေးမြူထားခဲ့တဲ့ ကျွဲ၊ နွား တွေဟာလည်း တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်ချိန် ချန်ထားခဲ့ ကြရတာပါ။
တိုက်ပွဲကြား သေဆုံးတာ၊ မြေမြုပ်မိုင်း နင်းမိတာတွေကြောင့်လည်း ကျွဲ၊ နွားတွေ အများအပြား ဆုံးရှုံးခဲ့ ကြရတာပါ။ ယခု ကျေးရွာ အတွင်း ပြန်လည်နေထိုင်ကြချိန်မှာတော့ ကျန်ရှိနေသေးတဲ့ ကျွဲ၊ နွား တချို့ကို ရောင်းချပြီး စားဝတ်နေရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားနေကြတဲ့ မိသားစုတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဒီမှာနေတော့ ခြံတွေဘာတွေ ပြန်လုပ်ရတာ ပိုနီးတာပေါ့။ ကျနော်တို့ မှာက ကျွဲ၊နွားတွေ ကျန်သေးတယ်။ တကောင်ကျန်လည်း ဆန် ၁ အိတ် ၂ အိတ် ရသေးတယ်။ ကျနော်တို့ ပြန်ကြည့်တယ်။ စောင့်ရှောက်တယ်။ ရက်တိုင်းလိုလိုပဲ အသားပေါ် ပြီး ပြန်ရောင်းကြတယ်။ ဆန်တွေနဲ့ ပြန်ဝယ်စားကြတယ်” လို့ အိမ်ထောင်သည် အမျိုးသားတဦးကပြောပါတယ်။
ဒီကျေးရွာမှာ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုတွေ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေအိမ်ပျက်ဆီး ဆုံးရှုံးသွားတဲ့ ကိုလောရှည် မိသားစု အပါအဝင် မိသားစုရာချီရှိနေပါတယ်။ တချို့မိသားစုဝင်ဆိုရင် ဆန်ပြုတ်ပဲ ချက်စားနေကြရပြီး ဆန်ပြုတ်တောင် နပ်မမှန်တဲ့ မိသားစုတွေတောင်ရှိတယ်လို့ သိရပါတယ်။ အလှူရှင်တွေ လာရောက်လှူဒါန်းတာတွေ ရှိနေပေမဲ့ တအိမ်ကို (၂) ပြည်လောက်သာ ပေးနိုင်တာကြောင့် သူတို့ရဲ့ ဝမ်းရေးအတွက် ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ဆာလောင် ငတ်မွတ်သံတွေနဲ့ သူတို့ရဲ့ ညအချိန်ကို ကျော်ဖြတ်နေကြတာတွေ ရှိတယ်လို့ ကိုလောရှည်က အခုလို ပြောပြလာပါတယ်။
“တချို့တလေကျတော့ သူတို့စားစရာ မရှိတော့ သူများကို တောင်းစားမယ်ဆိုလည်း ရှက်တယ်။ တချို့ကျတော့လည်း ကလေးကို ဗိုက်ဟောင်းလောင်းနဲ့ အိပ်ခိုင်းရတာမျိုးတွေလည်း ရှိတယ်” လို့ ကိုလောရှည်ကပြောပြပါတယ်။
ကရင်နီပြည်မှာ သေနတ်သံ လေယာဥ်သံတွေ ကြားနေရဆဲ ကလေးငယ်တချို့ ယခုအချိန်မှာတော့ အဲဒီအသံနဲ့ ဆင်တူတဲ့ သူတို့ရဲ့ ဗိုက်ထဲကလာတဲ့ ဆာလောင်မြည်တမ်းတဲ့အသံကိုပါ ခံစားနေကြရင်း……………