စောအယ်ကညော၊ ကန္တာရဝတီတိုင်း(မ်)
လမ်းမကြီးရဲ့ လက်ဝဲ၊ လက်ယာဘေးတဖက်တချက်စီမှာ ပျက်စီးနေတဲ့ အဆောက်အုံ ကြားထဲကနေ ဆိုင်ကယ် လေးစီးဟာ ဟင်းသီးဟင်းရွက်ကုန်စိမ်း အပြည့်တင်ထားတဲ့ ခြင်းတောင်းကြီးတွေနဲ့အတူ ဆိုင်ကယ်ကိုလျင်မြန်စွာ မောင်းနှင်လို့လာနေပါတယ်။
အဲ့ဒီဆိုင်ကယ်တွေဟာ မယ်စဲ့မြို့နယ်၊ စစ်ရှောင်စခန်းတနေရာကနေ မော်ချီးဒေသကို ဦးတည်သွားနေတာပါ။ ဆိုင်ကယ်ပေါ်ပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ တခြားသော ကုန်စိမ်းသီးနှံတွေကိုတော့ မော်ချီးမှာ ရောင်းဖို့ပဲဖြစ်ပါတယ်။
အဲ့ဒီထဲမှာမှ အသက် (၅၂) အရွယ် ဦးထီးထာ (အမည်လွှဲ) လည်း အပါအဝင်ဖြစ်ပါတယ်။ ဦးထီးထာ ဟာ မယ်စဲ့မြို့နယ်ရဲ့ တောထဲတနေရာမှာ စစ်ရှောင်နေတာဖြစ်ပါတယ်။ သူ့မှာ သားတယောက်၊ သမီးတယောက်ရှိပြီး ဇနီးသည်နဲ့အတူ နီးစပ်ရာ ရွာခံတဦးက စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးထားတဲ့ ခြံကွက်မှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးပြီး နေထိုင်ကြပါတယ်။
ခြံထွက် ဟင်းသီးဟင်းရွက်တွေကိုတော့ မိသားစုဝင်ငွေလေးရအောင် မော်ချီးမှာ သွားရောက် ရောင်းချကြတာပါ။ စျေးရောင်းသွားတဲ့ လမ်းခရီးက စစ်မြေပြင် ကို ဖြတ်သွားရတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။
“ပူပန်မှုကတော့ အမြဲတစေ ရှိနေတာပေါ့။ ကိုယ်က စစ်မြေပြင်ကို ဖြတ်သွားတာဆိုတော့။ ပူပန်မှုတော့ အမြဲတမ်းရှိတယ်။” ဆိုပြီး လမ်းခရီးမှာ သွားရတဲ့ စိုးရိမ်ပူပန်မှုကို ဦးထီးထာက ပြောပြပါတယ်။
ဦးထီးထာတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းကနေ မော်ချီးထိ တနာရီခွဲ ခန့် ဆိုင်ကယ်မောင်းရပြီး လမ်းခရီးမှာ လုံခြုံရေးဂိတ်တွေလည်းရှိသလို တိုက်ပွဲတွေကြောင့် သွားလာလို့မရတဲ့ အခြေအနေဆိုရင် ပြန်လှည့်ပြန်ကြဖို့ လုံခြုံရေးဂိတ်တွေက အသိပေးတာတွေရှိတယ်လို့လည်း ပြောပါတယ်။
ဦးထီးထာ ဖြတ်သွားရတဲ့ ဖားဆောင်းမြို့မှာ စစ်ကောင်စီတပ်တွေ ရှိနေပါသေးတယ်။ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေဖြစ်တဲ့ ခလရ ၁၃၄ ၊ ခလရ ၁၃၅ တပ် တို့ရှိပါတယ်။
အဲ့ဒီတပ်တွေက တပ်ပြင်ထွက်ပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်တာမရှိတော့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ကို သွားရောက်တိုက်ခိုက်တဲ့အခါတွေမှာ တိုက်ပွဲတွေဖြစ်တတ်ပါတယ်။ ဒါ့အပြင် တပ်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ပြုလုပ်တတ်ပါသေးတယ်။
စစ်မြေပြင်ကို ဖြတ်သွားရတာဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေရှိတဲ့အကြောင်းကို ဦးထီးထာတို့နဲ့အတူ မော်ချီးကို ကုန်စိမ်းရောင်းဖို့ လိုက်သွားဖူးတဲ့ အမျိုးသမီးတဦးက “သွားတာတော့လုံခြုံမှုတော့ မရှိဘူးပေါ့။ သွားလိုက် နားထောင်လိုက် တခါတလေ ကောင်းကင်ပေါ်မော့ ကြည့်လိုက် အဲ့လိုမျိုးသွားနေရတာ ကြောက်တာတော့ စစ်မြေပြင်ဖက်ဖြစ်နေတော့ စိုးရိမ်တာပေါ့။” လို့ အခုလိုပြောပါတယ်။
စစ်ရှောင်စခန်းကနေ မော်ချီးထိကို အသွားအပြန် ဆိုင်ကယ်ဆီဖိုး ခြောက်သောင်းခန့်ကုန်ကျပြီး အဓိက ပဲသီး၊ သခွါးသီး၊ ပြောင်းဖူး၊ မုန်ညင်း၊ ခရမ်းသီး နဲ့ အခြားကုန်စိမ်းသီးနှံတွေကို သွားရောက် ရောင်းချကြတာြဖစ်ပါတယ်။
ဦးထီးထာ ရဲ့ စစ်ရှောင်စခန်းကနေ မော်ချီးထိ သွားရာ လမ်းတလျောက်ရှိ ကားလမ်းမကြီး ပေါ်တွေမှာလည်း မပေါက်ကွဲသေးတဲ့ ကားမိုင်းတွေရှိနေတဲ့အတွက် ကားမိုင်းဟောင်းတွေရှိတဲ့နေရာကို ရှောင်ကွင်းကာသွားကြရပါတယ်။ အဲ့ဒီကားမိုင်းတွေကို ရှင်းလင်းမှုတွေ မလုပ်ထားရသေးတာကြောင့်လည်း အန္တရာယ်တွေရှိနေပါတယ်။
ဒါ့အပြင် မကြာခဏ လက်နက်ကြီးသံ၊ သေနတ်သံ နဲ့ လေယာဉ်တွေလာကြဲတတ်တဲ့ ဖားဆောင်းမြို့ တနေရာကို ၅မိနစ်ခန့် ဖြတ်သွားရချိန်ဟာ အသက်လုပြီး ကြောက်ကြောက်လန့်လန့် မောင်းနှင်ရတာဖြစ်ပါတယ်။ စစ်မြေပြင်ကို ဖြတ်သွားရတဲ့ ဒီ ၅ မိနစ်ဟာ ဦးထီးထာ အဖို့ အချိန်ကြာလွန်းလှတယ်လို့ ထင်မိစေပါတယ်။
ဦးထီးထာတို့လို စျေးရောင်းသွားတဲ့သူတွေကို လုံခြုံရေးအရ အသွားအလာ လုပ်ဖို့ ခွင့်မပြုလိုပေမဲ့ စစ်ရှောင်တွေရဲ့ဝမ်းရေးကလည်း ရှိသေးတော့ ခွင့်ပြုပေးရတယ်လို့ ဖားဆောင်းမြို့နယ်ထဲမှာ လုံခြုံရေး ယူထားတဲ့ ကလလတ- ၉၄၂၀ တပ်ရင်းမှူးက ခုလိုပြောပါတယ်။
“ဒီဖက်မှာက ပြည်သူလူထု အတွက်လည်း သွားလာဖို့လိုသေးတယ်။ စားရေးသောက်ရေးအတွက် လုပ်ဖို့လည်း လိုသေးတယ်ဆိုတော့ ခွင့်ပြုရတာပေါ့။”လို့ ဆိုပါတယ်။
မယ်စဲ့ – မော်ချီးကိုသွားတဲ့ လမ်းတလျောက်မှာ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) က လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိက တာဝန်ယူထားပေးတာဖြစ်ပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးတွေမှာတော့ ပြည်သူတွေကို မသွားလာဖို့ ဂိတ်တွေကနေ ပြောဆိုအသိပေးတာတွေ ရှိပါတယ်။
မော်ချီးကိုသွားတဲ့ လမ်းတလျောက်မှာ လူသူပြတ်လပ်တဲ့ နေရာတွေရှိသလို၊ တရားဥပဒေစိုးမိုးမှုတွေ အားနည်းနေတဲ့ အတွက် အရေးတကြီး အသွားအလာလုပ်တဲ့ ပြည်သူတွေအနေနဲ့လည်း လုံခြုံရေးသတိထားပြီး အဖော်တွေနဲ့ သွားလာကြဖို့ ကိုလည်း ကလလတ ၉၄၂၀ ရဲ့ တပ်ရင်းမှူး ကခုလိုပဲ တိုက်တွန်းပြောဆိုထားပါတယ်။
“လုံခြုံမှုကတော့ ပြောမယ်ဆို တရားဥပဒေစိုးမိုးမှုကလည်း သိပ်မရှိသေးဘူးဆိုတော့ လမ်းမှာတော့ လက်နက်ကလည်း လူတိုင်းကိုင်နေတယ်ဆိုတော့ သွားမယ်ဆိုရင် တယောက်တည်းမသွားလာဖို့ အဖွဲ့လေးနဲ့ သုံးလေးယောက်သွားလာရင်တော့ ပိုသင့်တော်တယ်ပေါ့။” လို့ သူက ဆိုပါတယ်။
သွားလာဖို့ လိုအပ်ပါက သက်ဆိုင်ရာ စစ်ရှောင်စခန်းက တာဝန်ရှိသူတွေ နဲ့ နယ်မြေအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အသိပေးပြီး သွားလာပါက ပိုအဆင်ပြေတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဖားဆောင်းမြို့ တွင်းမှာနေထိုင်ခဲ့စဉ်ကတည်းက ဦးထီးထာဟာ မော်ချီးကို စျေးသွားရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ တာဖြစ်ပြီး သားဖြစ်သူနဲ့ တယောက်တလှည့်စီ သွားရောင်းကြတာဖြစ်ပါတယ်။
ဖားဆောင်းမြို့ တွင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ရှောင်ရင်း သီးနှံစိုက်ကာ မော်ချီးထိ သွားရောင်းရပေမဲ့လည်း ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေတာကြောင့် ဦးထီးထာတို့ မိသားစု အတွက်တော့ စားဝတ်နေရေး အပြည့်အဝဖူလုံတဲ့ အနေထားမျိုးတော့ မဟုတ်ပါဘူး။
မော်ချီးကို ကုန်စိမ်းသွားရောင်းရတဲ့ငွေဟာ အမြတ်အစွန်းတွေ အနည်းငယ်သာရရှိပါတယ်။ ကုန်ကျတဲ့ ဆိုင်ကယ်ဆီဖိုးကို ဖယ်ပြီး ရရှိလာတဲ့အမြတ်အစွန်းလေးနဲ့ ဆီ၊ ဆား၊ အချိုမှုန့် တွေအပြင် မိသားစုတွင်း ဖျားတာ၊ နာတာတွေဖြစ်တဲ့အချိန် အသုံးပြုရတာဖြစ်ပါတယ်။
“စားရသောက်ရတာ အဆင်ပြေရုံလောက်ပဲ ရှိတာပေါ့။ ကုန်စျေးနှုန်းက တက်နေတာကို၊ ကုန်စျေးနှုန်းက တခါမှ မကြားဖူးတဲ့အထိ တက်နေတော့ ကြက်သွန် တပိဿာ တသောင်းတို့ အဲ့လိုမျိုးတွေဖြစ်နေတဲ့ အခါကျတော့ ဘယ်လိုမှ ဖူလုံမှု မရှိဘူးပေါ့” လို့ ဦးထီးထာက ဆိုပါတယ်။
ဦးထီးထာလိုပဲ ဖားဆောင်းမြို့ တွင်းက စစ်ရှောင်တချို့လည်း သေမင်းခံတွင်းကိုဖြတ်ပြီး ကုန်စိမ်းရောင်းကာ မိသားစုအတွက် ရုန်းကန်နေကြတဲ့ ပြည်သူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။