မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)ရေးသားသည်။
ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ စစ်ဘေးရှောင် စခန်းတွေထဲက ကလေးသူငယ်တွေဟာ ပညာသင်ကြားရာမှာ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဇီးအုန်စစ်ရှောင်စခန်းမှ အသက် ၇ဝ အရွယ် မိခင်အိုကြီးနဲ့ သား၊သမီး ခြောက်ယောက်ကို ကျွေးမွေးပြုစုနေရတဲ့ အသက်၄ဝ အရွယ် မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်လုဂျာက ပြောပါတယ်။
အပြင်ကျုရှင်ကို အသားပေးပြီး ကျောင်းတက်နေရတဲ့ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းတွေမှာတော့ စစ်ဘေးရှောင် ကလေးတွေအတွက် ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် ကြိီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်စေတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။
“မိဘတွေကလည်း ဒီမှာ စီးပွားရေး လာလုပ်စားနေတာ မဟုတ်ဘူးလေ စစ်ရှောင်တွေလေ ဒါကြောင့် ကျမတို့ သား၊သမီးတွေကို သူများနဲ့တန်းတူ ကျုရှင်မထားနိုင်တဲ့အခါကျတော့ စာမလိုက်နို်င်တော့ဘူး မလိုက်နို်င်တဲ့ကလေးတွေကိုလည်း ဒီအတိုင်းပဲ ထားထားခံရတော့ သူတို့က ကျုရှင်မှာပဲ အတိအကျ သင်ပေးတာလေ အဲ့လို ကိစ္စတွေနဲ့ပဲ ကျောင်းထွက်သွားတဲ့ ကလေးတွေ ဒီစစ်ရှောင်စခန်းမှာ အများကြီးရှိတယ်။” လို့ ဒေါ်လုဂျာက ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကေအိုင်အေ တို့အကြား ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် အနှံ့အပြားမှ စစ်ပွဲတွေကြောင့် ထွက်ပြေတိမ်းရှောင်ခဲ့ရတဲ့ စစ်ပြေး ဒုက္ခသည်တွေ မြောက်များစွာ ရှိလာခဲ့ပါတယ်။
ယခုလက်ရှိမှာတော့ အစိုးရထိန်းချုပ် နယ်မြေမှာ စစ်ရှောင်စခန်းတွေရှိသလို ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်ရှောင်စခန်းတွေ အများအပြား ရှိလာပါတယ်။ အဲ့ဒီ စစ်ပွဲတွေကြောင့် ပညာသင်ကြားနေတဲ့ ကလေးငယ်မြောက်များစွာ ပညာသင်ကြားခွင့် ကြီးမားစွာထိခိုက်ခဲ့ရပါတယ်။
အလားတူပဲ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သလို ၁၉၉၄ – ၉၅ ခုနှစ်မှာ တပ်မတော်နဲ့ ကေအဲပီပီ တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့်လည်း ကရင်နီပြည်နယ်မှ လူထုပေါင်းမြောက်များစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ ထိုင်း-မြန်မာ နယ်စပ်မှာ စစ်ဘေးဒုက္ခသည်အဖြစ် နေထိုင်နေကြရဆဲဖြစ်ပါတယ်။
ကရင်နီ ဒုက္ခသည်စခန်းထဲမှ ကလေးတွေဟာ အစိုးရကျောင်းကို တက်ခွင့်ရဖို့ ခက်ခဲနေသလို ကလေးတွေရဲ့ ပညာရေးကိုလည်း နိုင်ငံတော်အစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပါဘူး။
ကရင်နီ ဒုက္ခသည်ပညာရေးဟာ မိခင်ဘာသာစကားကို အခြေပြုတဲ့ သင်ရိုးညွန်းတမ်းကို သင်ကြားပြီး တိုင်းရင်းသားများ ငြိမ်းချမ်းရေးရရှိဖို့နဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် ကိုယ်ပိုင်တွေးခေါ်စဉ်းစားတတ်တဲ့ ကလေးများ ဖြစ်လာစေရန် ရည်ရွယ်ပြီး ၎င်းသင်ရိုးညွန်းတမ်းကို သင်ကြားပေးခြင်းဖြစ်တယ်လို့ ကရင်နီ ပညာရေးဌာနမှ ဒုညွန်ကြားရေးမှူး ဆရာမ မော်မိမာက ဆိုပါတယ်။
ကရင်နီ ဒုက္ခသည်စခန်းများထဲမှ စစ်ရှောင်ကလေးတွေရဲ့ ပညာရေးကို အစိုးရမှ အသိအမှတ်ပြုပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့လည်း တစ်စုံတစ်ရာ ထူးခြားပြောင်းလဲလာခြင်း မရှိသေးကြောင်းကို မော်မိမာက ” အစိုးရနဲ့ ညှိနှိုင်းတာတွေရှိပေမဲ့ အစိုးရဘက်က ဒုက္ခသည်နဲ့ ပါတ်သက်ပြီး ရှင်းလင်းတဲ့မူဝါဒ လုပ်ငန်းစဉ်တွေရေးဆွဲချမှတ်ထားတာမရှိတာတွေ့ရပါတယ် အစိုးရဘက်က ဒုက္ခသည်ကို ပြန်လည်လက်ခံဖို့ကြိုတင်ပြင်ဆင်ထားတာတွေ မရှိသေးဘူးလို့ပဲပြောရပါမယ်”လို့ ပြောပါတယ်။
ကရင်နီ ဒုက္ခသည်မှာ ပညာသင်ကြားခဲ့တဲ့ ခူရီးရယ်က မြန်မာအစိုးရတွေရဲ့ အသိအမှတ်ပြုမှု မရှိခြင်းအပေါ် သူ့ရဲ့ အခက်အခဲကို အခုလို ပြောပြသွားပါတယ်။
“မြန်မာအစိုးရက အသိအမှတ်မပြုတာကြောင့် ဘာအခက်အခဲဖြစ်စေတာလဲဆိုတော နိုင်ငံရပ်ခြားကို ဆက်လက်ပြီး ပညာတော်သင် သင်ယူချင်ပါက မြန်မာပြည်က တက္ကသိုလ် တစ်ခုခု အောင်မြင်ပြီးလက်မှတ်ရရှိမှတို ့ ဆယ်တန်းအောင်လက်မှတ်ရှိမှ ဆိုတဲ့ အရာတွေက ကျနော်တို့အတွက် အဟန့်အတားကြီးဖြစ်စေပါတယ်”လို့ သူကဆိုပါတယ်။
စစ်ရှောင် ကလေးများရဲ့ ပညာရေးဟာ ယနေ့အချိန်ထိ အခက်အခဲများနဲ့ ရှေ့ဆက်နေရဆဲ ဖြစ်နေတာကိုတော့ အများပြည်သူများကလည်း သုံးသပ်မိကြမှာပါ။ ယခုအချိန်မှာတော့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားစစ်ရှောင်စခန်းမှ ကလေးတွေဟာ စခန်းအနီးရှိ အစိုးရ ပညာသင်ကျောင်းတွေမှာ သင်ကြားခွင့်ရပေမဲ့ သာမန်ကျောင်းသူ၊ကျောင်းသားတွေလို ကျုရှင်မယူနိုင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေ များစွာ ရှိနေတယ်လို့ သိရပါတယ်။
မိဘတွေ အဆင်မပြေလို့ ဆယ်တန်းကို အပြင်ဖြေသာ လုပ်နေရတဲ့ မိုင်းနားစစ်ရှောင်စခန်းမှ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်ဒွဲလာက “ကျတော် အပြင်ဖြေပဲ လုပ်တယ် ကျုရှင်လည်း မယူဘူး ပိုက်ဆံမတတ်နိုင်ဘူးလေ ” လို့ ပြောပါတယ်။
စစ်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတာ ဖြစ်တဲ့အတွက် ကလေးတွေရဲ့ ပညာရေးလည်း များစွာထိခိုက်ခဲ့ရသလို စစ်ပြေး ဒုက္ခသည်သာ မဟုတ်ခဲ့ရင် သား၊သမီးတွေက ပညာကို ဆက်လက်သင်ကြားနိုင်မဲ့ အခွင့်အရေးတွေ ပိုရနိုင်မယ်လို့ ကျောင်းသားမိဘတွေက ဆိုကြပါတယ်။
“ရွာမှာနေပြီးတော့မှ ကျောင်းတက်မယ်ဆိုရင် ကျမတို့ မိဘတွေကလည်း သူတို့အတွက် ပိုလုပ်ပေးနိုင်မယ်လို့ ထင်တာပဲ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ပိုက်ဆံမရှိရင်လည်း လယ်တွေယာတွေ လုပ်ပြီဆိုရင် စပါးတွေထွက်လာမယ်လေ ဆိုတော့ သူတို့လိုတဲ့နေရာထဲမှာ မိဘတွေက ပိုထောက်ပေးနိုင်မယ်လေ” လို့ ဇီးအုန်စစ်ရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဒေါ်လုဂျာက ဆိုပါတယ်။
အပြင်ကျူရှင်ကို မထားနိုင်တာကြောင့် ၂၀၁၆-၁ရ ပညာသင်နှစ်မှာ ဇီးအုန်စစ်ရှောင်စခန်းမှ ဆယ်တန်းကျောင်းသူ၊ကျောင်းသားပေါင်း ( ၃၇) ဦး ဖြေကြားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ စခန်းတာဝန်ခံက ပြောပါတယ်။
စစ်ဘေးရှောင် ပြည်သူလူထုတွေဟာ မိမိနေရပ်ကို ပြန်လိုတဲ့ ဆန္ဒရှိပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ်မတော်တို့အကြားထားရှိတဲ့ ဆက်ဆံရေးကို အယုံအကြည်မရှိတဲ့အပြင် နိုင်ငံတော် အစိုးရမှလည်း စစ်ဘေးရှောင် ပြည်သူတွေအတွက် ပြန်လည်နေရာချထားရေးတွေကို ကြိုတင်ပြင်ဆင်ထားတာတွေ မရှိသေးဘူးလို့ ကရင်နီ ဒုက္ခသည်စခန်း ပညာရေးဌာမှ ဒုညွန်ကြားရေးမှူး ဆရာမ မော်မိမာက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဒုက္ခသည်စခန်းပေါင်း ရာဂဏန်းဝန်းကျင်ခန့်ရှိပြီး ကျောင်းသူကျောင်းသားဦးရေပေါင်း (၃) သောင်းခန့် ရှိတယ်လို့ ထွယ်ဂျန်ဒါအဖွဲ့အစည်းရဲ့ ၂၀၁ရ ခုနှစ်မှာ ပြုစုထားတဲ့ မှတ်တမ်းအရ သိရပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်ဒေသက ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်တဲ့နေရာမှာတော့ ဒုက္ခသည်စခန်း ၂ခုရှိပြီး စာသင်ကျောင်း (၂၀) ရှိကာ ကျောင်းသူ၊ကျောင်းသားပေါင်း ( လေးထောင်) ကျော်ရှိတယ်လို့ ကရင်နီဒုက္ခသည်စခန်းရဲ့ ပညာရေးဌာနမှ သိရပါတယ်။
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ( NCA) ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ အတည်ပြုခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြပေမယ့် ကချင်လွှတ်မြောက်ရေးအဖွဲ့ ( KIA ) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ( KNPP ) တို့က လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။