လေးမြာ
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ ကရင်နီပြည်က စစ်ရှောင်ပြည်သူ အများစုဟာ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုဒဏ်တွေကို ခံစားနေရတာ နှစ်ရှည်လများ ကြာနေပြီ ဖြစ်ပါတယ်။
ဒီလိုကာလမှာ အနာဂတ်မျှော်လင့်ချက်တွေ၊ ဘဝရှေ့ရေး မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် လူတိုင်းလိုလို စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အနည်းအများ ခံစားရမှာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် စိတ်ဒဏ်ရာတွေဆိုတာ ဘယ်လိုမျိုးလဲ။ အခက်အခဲတွေကြားက ကျနော်ကျမတို့တွေဟာ စိတ်ဒဏ်ရာ မရရအောင် မိမိကိုယ်ကိုယ် ဘယ်လိုကြင်နာ ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
စိတ်ဒဏ်ရာကို ဘယ်လိုကုစားလို့ရလဲ။
ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ၊ သံသယဝင်လာတာ၊ အဆိုးမြင်လာတာ၊ အပြစ်ရှိသလို ခံစားလာတာ၊ စိတ်ဆိုးဒေါသ ထွက်လွယ် လာတာ၊ ပူပင်သောကများလာတာတွေကလည်း စိတ်ဖိစီးမှုရဲ့ ဝေဒနာ လက္ခာဏာတွေဖြစ်ပါတယ်။
အဲဒီလက္ခဏာတွေ ခံစားရပြီဆိုရင် ဘယ်အရာတွေက စိတ်ဖိစီးမှု ဖြစ်လာစေဖို့ တွန်းအားပေးနေတာလဲ ဆိုတာကို ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှု များပြားလာတာနဲ့အမျှ စိတ်ဒဏ်ရာ ရနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
စိတ်ဒဏ်ရာတွေကို ကုစားတဲ့ နေရာမှာ စိတ်ပညာရှင်တွေက အကြမ်းဖျင်းအားဖြင့် အဆင့် ၃ ဆင့်နဲ့ သတ်မှတ်ထားကြပါတယ်။
အဆင့် ၁ – လုံခြုံမှု နဲ့ စိတ်တည်ငြိမ်မှုကို ဆိုပါတယ်။ စိတ်ဒဏ်ရာရစရာ ကြုံပြီးခါစ သူတွေဟာ မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီး (ဒါမှမဟုတ်) အခြားသူတွေနဲ့ဆက်ဆံပြောဆိုတဲ့အခါမှာ စိတ်မလုံခြုံတာမျိုးတွေ ခံစားရတဲ့အတွက် လုံခြုံမှုရအောင်၊ စိတ်တည်ငြိမ်မှုရအောင် ကြိုးစားယူရတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
အဆင့် ၂ – ဝမ်းနည်းကြေကွဲနေတဲ့ အချိန်ကို (Mourning) ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီအဆင့်ကတော့ ကိုယ်ကြုံခဲ့ရတဲ့ ဒဏ်ရာတွေကို လက်ခံပြီး ကိုယ့်ခံစားချက်တွေကို အသိအမှတ်ပြု ကိုင်တွယ်ရမယ့် အဆင့်ဖြစ်ပါတယ်။
အဆင့် ၃ – ဆက်သွယ်ခြင်း နဲ့ ပေါင်းစည်းခြင်း (Reconnection and Integration) ပါ။ အဲဒီအဆင့်မှာတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကသူတွေနဲ့ ပြန်ဆက်သွယ်ပြီး ပြန်လည်ရှင်သန်ဖို့ကြိုးစားတာပဲ ဖြစ်ပါတယ်။
စိတ်ဒဏ်ရာဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ
လူတစ်ဦးတစ်ယောက်မှာ စိတ်ဖိစီးမှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှုတွေ အချိန်အတိုင်းအတာ ကြာရှည်လာတာနဲ့အမျှ စိတ်ဒဏ်ရာ ဖြစ်လာစေနိုင်ပါတယ်။
သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်၊ ဆိုးရွားသောအတွေ့အကြုံ၊ ကိုင်တွယ်ရန် ခက်ခဲတဲ့အခြေအနေနဲ့ ခံနိုင်ရည်စွမ်းအား ထက်ကျော်လွန်သွားတဲ့ အခြေအနေတွေမှာလည်း စိတ်ဒဏ်ရာ လို့ခေါ်တဲ့ အတွင်း ဒဏ်ရာ ဖြစ်ပေါ်လာတတ်ပါတယ်။
မိမိကိုယ်ကိုယ် ဘယ်လိုကြင်နာမလဲ။
မိမိကိုယ်မိမိ ကြင်နာတယ်လို့ ပြောတဲ့အခါမှာ မိမိကိုယ်ကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။ ဥပမာအနေနဲ့ ကောင်းကောင်းအနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာ နဲ့ ကိုယ်ပိုင်အချိန်တွေကို သီးသန့်ထားတာတို့ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ အလေ့အကျင့်တွေကိုလည်း မွေးမြူရမှာဖြစ်ပါတယ်။ ကိုယ့်နေရာမှာသာ အခြားသူငယ်ချင်းတယောက်ဆိုရင် သူ့ကိုဘယ်လိုအားပေးမလဲ ဆိုတဲ့စိတ်နဲ့ မိမိကိုယ်ကိုယ် အားပေးလို့ရပါတယ်။
ကိုယ်ယုံကြည်ရာ ဘာသာရေးမှာ ဘုရားတရားလုပ်တာလည်း မိမိကိုယ်ကိုယ် ကြင်နာတာပါပဲ။ ဘုရားဝတ်ပြုသူတွေဟာ စိတ်နှလုံးအေးချမ်းပြီး အပူကိုငြိမ်းစေနိုင်ပါတယ်။
စိတ်ဒဏ်ရာသူတွေအတွက် မိမိကိုယ်ကို ကြင်နာတာဟာ စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ လေ့လာချက်အရ အကျိုးရှိတဲ့ အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ပြောဆိုထားပါတယ်။
ကျနော်ကျမတို့ဟာ ပြဿနာနဲ့ ကြုံရတိုင်း “ကိုယ့်ကိုယ်ကိုယ် အားမရဘူး၊ ငါအသုံးမကျတာ၊ ငါကိုကမှားတာပါ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ အတွေးတွေနဲ့ အသားကျ နေမိတတ် ကြပါတယ်။ အဲဒီလိုအတွေးတွေဟာ စိတ်ဓါတ်ကျတာ၊ စိုးရိမ်ပူပန်မှုလွန်ကဲတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
ပြဿနာပုံစံတူ ခံစားနေရတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က မိမိကိုယ်ကိုယ် ကြင်နာပြီး စိတ်ထားနိုင်တဲ့ သူဟာ စိတ်ခံစားချက်တွေကို မထိန်းညှိနိုင်သူထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာ လက္ခာဏာ တွေ မပြင်းထန်ဘူးလို့ စိတ်ပညာရှင်တွေ ဆိုပါတယ်။
ဆိုလိုတာက မိမိကိုယ်ကို ကြင်နာတာဟာ စိတ်ခံစားချက်တွေကို မထိန်းညှိနိုင်ခြင်းမှ လျှော့ချနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ အနည်းနဲ့အများခံစားရနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ကြင်နာတတ်ဖို့ အခုမျှဝေပေးလိုက်တဲ့ အချက်တွေ လိုက်နာကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်…..
ကိုးကား – Healing Burma page