ကျော်စိုးသူ(လွှတ်တော်)Economic Development ရေးသားသည်။
အစိုးရသစ်သက်တမ်း ၂ နှစ်ခွဲ ကာလ ကြာလွန်လာပြီ ဖြစ်သော်လည်း နယ်ပယ်တိုင်းတွင် ပြုပြင်ပြောင်းလဲရေးများ ပျောက်ဆုံးနေသောအစိုးရစနစ်ကို တွေ့ရပေသည်။ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်တွင်သာ စုပြုံနေကြပြီး ကျန်ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာနေသည်ကို သတိချပ်မိပါသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး မဏ္ဍိုင်များအကြား ပွတ်တိုက်မှုများ သိသိသာသာ လျော့ကျလာသည်ကိုလည်း တွေ့ရသည်။
နိုင်ငံရေးကို စိတ်ဝင်စားသော နိုင်ငံသားတစ်ယောက်အနေဖြင့် အထက်ပါအခြေအနေများကို တွေ့မြင်ရသည်မှာ နိုင်ငံတော်နှင့် ပြည်သူအတွက် စိုးရိမ်မိပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဦးစွာ ပေါ်ပေါက်လာခဲ့သော ဦးသိန်းစိန်အစိုးရလက်တက်တွင်လည်း ပြုပြင်ပြောင်းလဲရေးများကို ပထမလှိုင်း၊ ဒုတိယလှိုုင်းနှင့် တတိယလှိုင်းဟူ၍ သတ်မှတ်ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့တာတွေ့ရပေသည်။ အထိုက်အလျောက်အောင်မြင်မှုများ ရရှိခဲ့ပေမယ့် တတိယလှိုုင်းတွေတော့ ဗျူရိုကရေစီနှင့် ထိပ်တိုက်တွေ့ကာ နောက်ပြန်လန်ခဲ့ရပေသည်။
ထို့ကြောင့်အစိုးရစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ အပြောလွယ်သလောက်အလုပ်ခက်သော ကိစ္စများပင် ဖြစ်ပေသည်။ ပါဝင်ပတ်သက်နေကြသော လူအသီးသီး၏ အတွေးအခေါ်၊ အမူအကျင့်နှင့် ခံယူချက်များကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်မှသာ အောင်မြင်မည့် လုပ်ငန်းစဉ်ဖြစ်ပေလိမ့်မည်။
ပြုပြင်ပြောင်းလဲများ ဆောင်ရွက်ရာတွင် အထူးသတိထားရမည့်အချက်မှာ အပြောင်းအလဲများ ဟန်ချက်ညီရေးပင်ဖြစ်ပေသည်။ ပြုပြင်ပြောင်းလဲရေး၏ အဓိက အစိတ်အပိုင်းများဖြစ်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတစ်ခုနဲ့ တစ်ခုဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲနိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပေသည်။
မြန်မာနိုင်ငံလို စစ်အုပ်ချုပ်ရေးစနစ် အရှည်ကြာခဲ့သောနိုင်ငံမျိုးတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်စေရန် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုကအဓိက အခရာအကျဆုံး ဖြစ်ပေလိမ့်မည်။ စာရေးသူအမြင်ဖြင့် ပြောရလျှင် ဦးသိ်န်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သော အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲခြင်းမအောင်မြင်ရခြင်းသည် ပြုပြင်ပြောင်းလဲရေးများကို ရပ်တန့်စေသည့်အထိ ဖြစ်ခဲ့ရပေသည်။
ဒီမိုကရေစီအစိုးရစနစ်နှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးစနစ်တို့ ထိပ်တိုက်တွေ့ကြခြင်းဖြစ်ပြီး အားကောင်းသော ဗျူရိုကရေစီကိုတော့ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ခဲ့ကြတော့ပေ။ ထိုအချက်ကပင်လျှင် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို မှေးမှိန်သွားခဲ့ပေသည်။
ဒါကြောင့် အစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရှေ့အစိုးရ၏ အတွေ့အကြုံများကို သင်ခန်းစာယူရန်နှင့် ဗျုရိုကရေစီကို စနစ်တကျ ချည်းကပ်လေ့လာ အဖြေရှာဖို့လိုပါလိမ့်မည်။ သို့မဟုတ်ပါက ရှေ့အစိုးရကဲ့သို့ပင် အပြောင်းအလဲဟန်ချက်မညီခြင်းနှင့် ပြည်သူ၏ ယုံကြည်မှုလျော့ကျခြင်း များကို ခံရပေလိမ့်မည်။
စာရေးသူအနေဖြင့် ထောက်ပြလိုသည်မှာ ပြင်ရခက်၊ လုပ်ရခက်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း မဟုတ်ဘဲ ပေးထားချက်အောင်အတွင်းက လုပ်နိုင်၊ ပြင်နိုင်သော ကိစ္စများကို ဆောင်ရွက်စေလိုခြင်းပင် ဖြစ်ပေသည်။ ဖယ်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော အုပ်ချုပ်မှုစနစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သင့်ပေသည်။
“ပထမဦးစွာ ဝေဖန်အကြံပြု လိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ပြည်ထောင်စုလွှတ်တော် အတည်ပြုပြဋ္ဌာန်းသော ဥပဒေများအတိုင်း လက်တွေ့လိုက်နာကျင့်သုံး မှုအားနည်းသော အုပ်ချုပ်မှုစနစ်ကို ပြုပြင်ရပေမည်။ ဥပဒေအဖြစ် အလုပ်မလုပ်တတ်ပဲ ညွန်ကြားချက်ဖြင့်သာ အလုပ်လုပ်တတ်သော အမူအကျင့်များကို ဖျောက်ရလိမ့်မည်။ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဖြစ် သောကြောင့် ပြည်ထောင်စုအစိုးရစနစ်တွင် သာမက ဒေသအစိုးများ ထိပါဥပဒေ ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများဖြင့် အလုပ်လုပ်တတ်သော အဖွဲ့အစည်းများဖြစ်အောင် ကြိုးစားကြရပေလိမ့်မည်။ အမိန့်နှင့်ညွန်ကြားချက်ဖြင့်လောက်သာ အလုပ်လုပ်တတ်သော ခေါက်ရိုးကျိုးအမှုအကျင့်များကို ပြုပြင်ပြောင်းလဲကြရပေလိမ့်မည်။”
ပြည်ထောင်စုအစိုးရစနစ်တွင်လည်း အသစ်ပြင်ဆင်ဖွဲ့စည်းထားသည် ဝန်ကြီးဌာနများအောက်မှ ဦးစီးဌာနများအောက်မှ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများကို လိုအပ်သလို ပြန်လည်စီစစ်ဖွဲ့စည်းသင်ပေးသည်။ တတ်နိုင်သမျှအစိုးရစနစ်အရွယ်အစား ကို လျော့ချဖို့နှင့် ဝန်ထမ်းဖွဲ့စည်ပုံများကို စန်စတကျ ကိုင်တွယ်ထိန်းသိမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် အရွယ်အစားကြီး စားလွန်းသော ဗျုရိုကရေစီကို ပြုပြင်ပြောင်းလဲဖို့ လွန်စွာခက်ပေလိမ့်မည်။
ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်မှာဖြစ်သည်နှင့်အညီ ပြည်ထောင်စုအစိုးရမှ လည်း ဗဟိုချုပ်ကိုင်မှုက်ို လျော့ချ သင့်ပြီး လုပ်ပိုင်ခွင့်များအဆင့်ဆင့် ခွဲဝေပေးဖို့ ဇယား(၂) နှင့် ဇယား (၅) ပါပြဌာန်းချက်များနဲ့ အညီဦးစီးဌာနများ ကိုဒေသအစိုးရများသို့ ခွဲဝေပေးအပ်ဆောင်ရွက်သင့်ပေသည်။ ဇယား(၅)ပါ အခွန်များ ပြည့်ပြည့်ဝဝ ကောက်ခံရရှိရေးအတွက်လည်း ဒေသအစိုးရများ၏ စွမ်းဆောင်ရည်မြင့်တင်ခြင်း အပိုင်းများကို လုပ်ဆောင်ပေးရပါလိမ့်မည်။ ဗဟိုချုပ်ကိုင်မှု၏ ဆိုးကျိုးများကို သိနားလည်ပြီး အာဏာခွဲဝေလုပ်ဆောင်ရမှာ ဖြစ်သလို ဖယ်ဒရယ်၏ အားနည်းချက်များကိုလည်း သတိချပ်ထားရပေမည်။ ရှေ့အစိုးရအဆက်ဆက်၏ အားနည်းချက် အားသာချက် များအပေါ်တွင် သင်ခန်းစာယူကာ ပြုပြင်တည်ဆောက်သွား ကြရမည်ဖြစ်ပါသည်။
အထူးသဖြင့် ဖယ်ဒရယ်စနစ်ဖြစ်သောကြောင့် ဒေသအစိုးရစနစ်များကို ပို၍ သတိထားပြုပြင်ပြောင်းလဲကြရမည်ဖြစ်ပါသည်။
ဖယ်ဒရယ်ဒီမိုကရေစီစနှစ်နှင့် ကိုက်ညီသော အစိုးရအုပ်ချုပ်မှုစနစ်များဖြစ်ထွန်း ပေါ်ပေါက်လာအောင် ပြုပြင်ဆောင်ရွက်ကြရပေလိမ့်မည်ဖြစ်ပါသည်။ ဥပဒေ နည်းဥပဒေနှင့် စည်းစည်းတည်ဆောက်မှု ပုံသဏာန်များသို့ ပြုပြင်ပြောင်းလဲကြရမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အစိုးရစနစ်ပြုပြင်ပြောင်းလဲရေးလုင်ငန်းစဉ်မှာ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီအရေးတို့အတွက် အဓိကကျသော အချက်ပင် ဖြစ်ပင်သည်။ အားလုံးပြိုင်သူ ဆောင်ရွက်သင့်ပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီခိုနေသည့်အချက်များပင်ဖြစ်ပေသည်။ အစိုးရအနေဖြင့်လည်း သတိချသင့်သသည်မှာ ပြည်သူတို့၏ မျော်လင့်ချက်ကြီးမြင့်နေခြင်းနှင့် အစိုးရဘက်တမ်းကာလ လက်ကျန်ချိန် နည်းပါးခြင်းတို့ပင်ဖြစ်ပေသည်။
မြန်မာနိုင်ငံလို လွှတ်လပ်ရေးရကတည်းက မငြိမ်းချမ်းခဲ့ဘဲ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သော နိုင်ငံမျိုးအတွက် ငြိမ်းချမ်းရေးရရှိရေးမှာ အရေးကြီးသကဲ့သို့ ထိုငြိမ်းချမ်းရေးအတွက် အဓိကကျသော အစိုးရစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာလည်း တစ်ပြိုင်တည်းလုပ်ဆောင်သွားကြရမည်ညလုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း မီးမောင်းထိုးရေးသားတင်ပြလိုက်ရပေသည်။