ခွန်းကလိုင်းဖရီး
အသက် ၂၆ နှစ် အရွယ် ဇော်မျိုးလွင်တစ်ယောက် သူ့ရဲ့ လူငယ်ဘဝထဲက အချိန် ၇ နှစ်နဲ့ ၄ လ အကျဉ်းထောင် သံဇာကာထဲမှာ ကုန်ဆုံးခဲ့ရတယ်။ ၁၉ နှစ်သားအရွယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လမ်းကို ရွေးခဲ့မိလို့ ထောင်နန်းစံခဲ့ရတာပါ။ မမှားသင့်တဲ့ အရာတစ်ခုကို ကျူးလွန်မိရင် ပေးဆပ်လိုက်ရတဲ့ အချိန်တွေက နည်းနည်းနှောနှော မဟုတ်ဘူးလို့ သူက ဆိုတယ်။
မိသားစုနဲ့ နှစ်တွေအကြာကြီး ဝေးခဲ့ရလို့ အတော်လေး ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့်လို့ သူရလိုက်တဲ့ နှောင်တဟာ အချိန်နှောင်းမှ ရလိုက်တဲ့ နှောင်တမျိုးဖြစ်တယ်လို့ သူက ပြောတယ်။ အမောင်ဖုံးနေ့ရက်ရှည်တွေကို ဖြတ်သန်းအပြီးမှာ သူဟာ အခုတော့ မိသားစုထမင်းဝိုင်းမှာ ပြန်ပြီး ပါဝင်နိုင်ခဲ့ပါပြီ။
“မိသားစုနဲ့အတူ အခုလို နွေးနွေးထွေးထွေး ပြန်လည်နေနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။”
မူးယစ်ဆေးဝါးနဲ့ ပတ်သက်မိတာ အချစ်ကြောင့်လို့ သူက အခိုင်အမာ ဆိုပါတယ်။ ဆယ်တန်းဖြေပြီးလို့ ပိုက်ဆံရှာဖို့ ကားစပါယ်ယာအလုပ်လုပ်ခဲ့ရတဲ့သူအဖြစ်၊ ချစ်သူကောင်မလေးရဲ့ အဒေါ်က ခါးခါးသီးသီးငြင်း ပယ်ခံရသူအဖြစ်။ “မင်းဒီပုံစံနဲ့ ငါ့တူမနဲ့ သဘောမတူနိုင်ဘူး။ ပြီးတော့ မင်းက ဆယ်တန်းလည်း မအောင်ဘူး။” ဒါဟာ ဇော်မျိုးလွင်ရဲ့ နုနယ်တဲ့ ရင်ဘတ်ကို ထိုးစိုက်လိုက်တဲ့ အပြင်းထန်ဆုံး အဆိပ်လူးမြှားတစ်စင်း ဖြစ်စေခဲ့ပါတယ်။
ငွေရှိမှ လူဝင်ဆံ့တယ်ဆိုတဲ့ အတွေးဟာ သူ့ခေါင်းထဲက ထုတ်လို့မရတော့ပါဘူး။ ငွေအမြောက်အမြား ရှာနိုင်ဖို့ ကြံမိကြံရာ ငွေကို ဖြတ်လမ်းနည်းနဲ့ အလွယ်ကူဆုံးရနိုင်တဲ့ မူးယစ်ဆေးဝါးလောကကို အရသာတွေ့ပါ တော့တယ်။
အမြဲတမ်းတော့ ကံမကောင်းနိုင်ပါဘူး။ ရာမ (ခေါ်) WY ဆေးပြား အရောင်းအဝယ်ကိစ္စနဲ့ နေပြည်တော် ဖက်ကို ခရီးဆန့်တဲ့အချိန်မှာ သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်။ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုအပြင် ဆိုင်ကယ်ဝိသောက်မှုနဲ့ပါ ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံခဲ့ရတာပါ။ ဒါတွေက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ရပ်ပါ။
“ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားလို့ပဲ ထင်ခဲ့တာပေါ့။ တကယ်တမ်းကျတော့ ဖြစ်လာခဲ့တဲ့ အဖြစ်အပျက်နဲ့ ကိုယ်ကြုံရတဲ့ အနေအထားက ဘယ်လိုမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ အနေအထားမှာ ရှိခဲ့တာပေါ့။”
ကံကောင်းထောက်မစွာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစ်ကြိမ်၊ NLD အစိုးရလက်ထက်မှာ တစ်ကြိမ် လေးပုံတစ်ပုံ လွတ်ငြိမ်းခွင့် ရလို့ ခုလို အိမ်စောစောပြန်နိုင်ခဲ့တယ်။
ဇော်မျိုးလွင်နေထိုင်တဲ့ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာတော့ မူးယစ်ဆေးဝါးကိစ္စရပ်တွေမှာ ကယန်းပြည်သစ်ပါတီ ပြည်သူ့အုပ်ချုုပ်ရေးအဖွဲ့က ကိုင်တွယ်အရေးယူတာတွေ ရှိတယ်လို့ ဆိုတယ်။
“ဖမ်းဆီးရမိတဲ့ လူတွေက ရောင်းဝယ်ဖောက်ကားတာလည်းပါ၊ သုံးစွဲတာလည်းပါတယ်ဆိုရင် ကျနော်တို့ အချုပ်ထဲမှာ တစ်ပတ်ထားပါတယ်။”လို့ ကယန်းပြည်သစ်ပါတီ အမှတ်(၂) မြို့နယ် အတွင်းရေးမှူး ဗိုလ်ကောင်းက ပြောပါတယ်။
ကယန်းပြည်သစ်ပါတီအနေနဲ့ မူးယစ်ဆေးဝါးဖြတ်တဲ့ တောင်ပေါ်စခန်းကိုလည်း ဖွင့်လှစ်ထားပါတယ်။ ဆေးစွဲနေသူတွေကို ပြုပြင်ထိန်းသိန်းပေးတဲ့ စခန်းပါ။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ၂၀၂၀ က အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဇော်မျိုးလွင်ကတော့ ဟုမ်းကွာရန်တင်းကို သူ့မိသားစုအိမ်မှာ (၂၁) ရက်နေ့ခဲ့ရပါတယ်။ ထောင်ထဲမှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ရှိခဲ့တယ်လို့ သူကဆိုတယ်။
ထောင်ထဲမှာ ရှိနေစဉ်က အပြင်လောက ပြန်ရောက်ရင် သူလုပ်ချင်တဲ့ လုပ်ငန်းတွေကို စာရင်းချကြည့်ပါတယ်။ ၁) ကားအရောင်းအဝယ်၊ ၂) ကားမောင်းနဲ့ ၃) ဟင်းသည်အဖြစ် ဘဝကို ရပ်တည်ဖို့။ တစ်ခုခုကို ရွေးရတော့မှာပါ။ ထောင်က ပြန်လွတ်လာသူ တစ်ယောက်အနေနဲ့ အရင်းအနှီးများများစားစားမရှိနိုင်သလို ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှု အပြည့်အဝမရနိုင်ဘူးလို့ သူက ခံစားနေရပါတယ်။
“ဆိုင်ကယ်တစ်စီးနဲ့ အရင်းအနှီးလေး တစ်သိန်း၊ နှစ်သိန်းရှိရင်တောင်စလို့ရပြီ။ ကိုယ်ပိုင်လည်းဖြစ်တယ်။”
ကုန်စိမ်းရောင်းဝယ်တဲ့ ဟင်းသည် လုပ်ငန်းကို သူရွေးခဲ့တယ်။ ထောင်ကပြန်တော့ ICRC (ကြက်ခြေနီ အသင်း)က ပေးတဲ့ လမ်းစရိတ် ထောက်ပံ့ကြေးငွေ ၅၀၀၀၀ ကျပ်အပြင် အိမ်က ထောင်ဝင်စာလာတွေ့တုန်းက လက်ကျန်ငွေနဲ့ ပေါင်းပြီး လုပ်ငန်းကို စလိုက်တယ်။ “အမေ့ဆီကလည်း နည်းနည်းထပ်ချေးရတာပေါ့။”
“သူအရင်က မှားခဲ့တဲ့ အပြစ်တွေကို နောင်တရပြီးတော့ ဥပဒေနဲ့ ကင်းလွတ်တဲ့ လုပ်ငန်းကို ပြန်လုပ်တော့ သူ့ကိုယ်စား ကျနော်အင်မတန်မှ ပီတိဖြစ်တယ်။” လို့ တစ်ရွာတည်းနေ ပန်းချီဆရာ ဦးဒိုက မှတ်ချက်ပြုတယ်။
ဒါ့အပြင် ကယန်းဒေသတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ သုံးစွဲသူတွေရှိနေတဲ့အတွက် သမာအာဇီဝ လုပ်ငန်းနဲ့ ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ သူက အကြံပြုတယ်။
ဆိုင်ကယ်တစ်စီးနဲ့ ကုန်းစိမ်းအရောင်အဝယ်လုပ်နေတဲ့ ဇော်မျိုးလွင်ကတော့ အနာဂတ်မှာ ကားလေးတစ်စီးနဲ့ သွားနိုင်လာအောင် လုပ်မယ်လို့ သံန္နဌာန်ချထားတယ်။ ပြီးတော့ ကိုယ်ပိုင် ကုန်စုံဆိုင်တစ်ခု ထူထောင်နိုင် အောင် လုပ်ချင်နေတယ်။ မရှိသေးတဲ့ ကျေးရွာစာကြည့်တိုက်ကိုလည်း အကောင်အထည်ပေါ်လာအောင် ကူညီဖို့ စိတ်အားထက်သန်နေတယ်။
“ဘေးပတ်ပတ်လည်မှာ အုတ်တံတိုင်းတွေ အထပ်ထပ် ကာရံထားတယ်။ ဆူးကြိုးတွေ ကာရံထားတယ်။ လက်နက်ကိုင်ထားတဲ့ အစောင့်တွေ ကိုယ့်ကို စောင့်ထားတယ်။ သံတိုင် သံတံခါးတွေ ကြားမှာ နေရတယ်။”
အချစ်အတွက် မခံချင်စိတ်နဲ့ ငွေကို ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်းကို လုပ်ခဲ့မိတဲ့ လူငယ်တစ်ယောက်ရဲ့ အမှားကို အမေလည်းကယ်လို့မရသလို ဘုရားလည်း ကယ်လိုမရဘူးလို့ သူက ပြောတယ်။
ဝယ်ယူလို့မရတဲ့ လွတ်လပ်မှုကို ဆုံးရှုံးရတယ်။ မိသားစုရဲ့ နွေးထွေးမှုကို ဆုံးရှုံးရတယ်။ လူငယ်တစ်ယောက်ရဲ့ အခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။