CJ ( ကန္တာရဝတီတိုင်း(မ်) )
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ အချိန်ခါမဟုတ်ပဲ မိုးနှစ်ရက်ဆက်ရွာသွန်းခဲ့တာကြောင့် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသအတွင်း လွှတ်ကျောင်းထားတဲ့ နွားတွေ သေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“နွားတွေ အများကြီး သေသွားတယ်၊ လွတ်ကျောင်းထားတဲ့နွားတွေ၊ သေသွားတဲ့နွားတွေ ဒီရက် တစ်ကောင် နှစ်ကောင်လောက်တွေ့နေတယ်၊ ရွာနားမှာပဲ သေကုန်တာ၊ နှစ်ကောင်တွေ့နေတာ ဒါပေမယ့် စားလို့မရတော့ဘူး၊ ပုတ်လို့ အနံထွက်လို့ တွေ့ရတာ၊ ပြီးခဲ့တဲ့ မိုးရွာတုန်းက သေသွားတာ၊ ဒီဘက်တကျော့မှာတော့ ဒီနွေမှာ နွားကလေးတွေ အများကြီးသေတယ်၊ နွားတွေ ရေသောက်ရလား မသောက်ရလား မသိဘူး၊ မိုးကြီးရွာလို့ အက်ညမှာပဲ နွားတွေ အအေးဒဏ်မခံနိုင်လို့ သေတာ”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်း ရေရှားတဲ့ ပြသနာဟာ နှစ်စဥ်ကြုံတွေ့နေရပြီး သောက်သုံးရေအတွက် အခက်အခဲရှိသလို တိရစ္တာန်အတွက်ပါ အခက်ခဲရှိနေပြီး ယခုလို ရုတ်တရက် မိုးရွာသွန်းမှုကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
တိုက်ပွဲကြောင့် တစ်နှစ်ကျော်နေရပ်မပြန်နိုင်တဲ့ ဖရူဆိုမြိုနယ်အတွင်းရှိ ကျေးရွာအချို့ဟာ နွားတွေကိုလွတ်ကျောင်းထားတာ ၂ နှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။
ဒေသခံတချို့က နွားတွေကို အမှတ်အသား ပြုလုပ်ထားကြပေမယ့် နွားတွေဟာ အသက်ကြီးလာတာနဲ့အမျှ အရောင်ပြောင်းတာတွေ ဖြစ်တဲ့အတွက်ပိုင်ရှင်တွေက မမှတ်မိတော့တာမျိုးတွေ ဖြစ်လို့ အခက်အခဲတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“စစ်မရှောင်ခင်ကတော့ ကျနော့် နွားက ၁၄ ကောင်ရှိတယ်၊ အခုဆိုရင် တိုးလာလား၊ လျော့လာလား မသိဘူး၊ တစ်ခါမှလည်း မတွေ့ရတော့ဘူး”ဟု စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။
ယခုလဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာလည်း နွေအပူရှိန်မြင့်လာလို့ နွားကြီးအချို့သေဆုံးမှုရှိသလို ရေမသောက်ရတဲ့ မွေးကင်းစတွေဟာလည်း သေဆုံးမှုများတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာကြောင့် လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ ဒီထက်မက နွားသေဆုံးမှုတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာ ဆယ်ရွာကျော်သော လူထုတွေဟာ ဒေသအတွင်းတိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။