spot_imgspot_imgspot_imgspot_img
Friday, February 21, 2025
spot_imgspot_imgspot_imgspot_img

အဖြစ်များသော အရေပြားယားယံမှုများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီးနောက် တောတောင်ထဲကို တိမ်းရှောင်ပြီး မှီခိုနေထိုင်ရတဲ့ ကရင်နီစစ်ရှောင်တွေဟာ ဆယ့်နှစ်လရာသီနီးပါးလုံး ယားယံတဲ့ ဝေဒနာကို ခံစားနေကြရပါတယ်။ ကလေး၊ လူကြီး၊ လူငယ် အသက်အရွယ်မရွေး ယားယံမှု ဖြစ်ပွားနေကြပြီး တချို့သူတွေမှာ ၆ လနှင့်အထက် မပျောက်ကင်းဘဲ ခံစားနေကြရပါတယ်။

ဒါကြောင့် ယားယံမှုကိုဖြစ်စေတဲ့ အခြေခံအကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။


ခြင်၊ မှက်၊ ဖြုတ် စတဲ့အင်းဆက်တွေရဲ့ အကိုက်ခံရတာကြောင့် ယားယံမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီ အင်းဆက်တွေ ကိုက်ခံရမယ်ဆိုရင် တချို့အတွက် ဘာမှမခံစားရပေမယ့် တချို့သောသူတွေအတွက် အရေပြားတွေမှာ အနီဖု၊ အရည်ကြည်ဖုများ ဖြစ်ပေါ်တတ်ပြီး မခံမရပ်နိုင်အောင် ယားယံတတ်ပါတယ်။

ယားယံလွန်းလို့ ကုတ်ဖဲ့မိတဲ့အခါ အရည်ကြည်ဖုများပေါက်ပြဲကာ အနာဖြစ်လာပြီး၊ ကုတ်ဖဲ့လေလေ အနာတွေပိုကြီးလာသလို ဒဏ်ရာပိုရလာပြီး ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပြည်တည်တာ၊ ဖျားနာတာတွေအထိ ခံစားရနိုင်ပါတယ်။ အင်းဆက်ပိုးကိုက်တာကြောင့် ယားယံလွန်ပြီး အနာဖြစ်တဲ့အခါမှာ ရေအေးအေးနဲ့ အနာကို ကပ်ပေးရ ပါမယ်။

အနာကို ဆပ်ပြာအပြင်းစားသုံးပြီးဆေးတာတွေ၊ အရက်ပြန်၊ ဘီတာဒိုင်းစတာတွေနဲ့လိမ်းတာမျိုးတွေကို မလုပ်သင့်ပါဘူး။ ယားတဲ့နေရာတွေကို Calamine လိမ်းဆေး (ယားယံအတွက် ပေါင်ဒါဆေးမှုန့်) မကြာမကြာ လိမ်းပေးနိုင်ပါတယ်။ အနာမှာ ပိုးဝင်ပြီး ရောင်ရမ်းခဲ့ရင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းနဲ့ ပြသရမှာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်လို အရွယ်မှာ ပွေးရောဂါတွေကြောင့်လည်း ယားယံမှုတွေ အဖြစ်များပါတယ်။ ပွေးတွေ ဟာ ချိုင်းကြား၊ ပေါင်ကြား၊ ရင်ဘတ်ကြား၊ ချက်တဝိုက်၊ လည်ပင်း၊ ကျောကုန်း စတဲ့ ဘယ်နေရာမှာမဆို ယားယံမှုကို ဖြစ်စေပါတယ်။

ပွေးရဲ့ လက္ခဏာကတော့ အနီပြင်အဝိုင်းပုံ (သို့မဟုတ်) ဂငယ်ပုံ စတဲ့ အချပ်လိုက်၊ အကွင်းလိုက် မြင်နိုင်ပါတယ်။ ဖြစ်ခါစမှာ အရွယ်အစားသေးငယ်ပြီး တဖြည်းဖြည်း အကွင်းမှာ ကြီးလာကာ ဘေးသို့ ပြန့်လာမှာ ဖြစ်ပါတယ်။

ပူနွေးစိုစွတ်တဲ့အရပ်ဒေသမှာနေထိုင်ပြီး ချွေးအထွက်များသူ၊ အဝတ်အစား လဲရန်/လျှော်ဖွတ်ရန် အဆင်မပြေတဲ့ အခြေအနေနဲ့ နေထိုင်ရသူ၊ ရေချိုးရန် အဆင်မပြေတဲ့သူ၊ ဆီးချိုရောဂါ ခံစားရသူတွေနဲ့ အဝလွန်သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ပွေးကြောင့် ယားယံတာ သက်သာတွေဖို့အတွက် ရေပုံမှန်ချိုးရပါမယ်။ အဝတ်ကို သေချာလျှော်ဖွတ်ပြီး နေပူပူနဲ့ လှန်းကာ ခြောက်သွေ့မှ ဝတ်ဆင်ရပါမယ်။ Clotrimazole cream ကို တနေ့ (၂) ကြိမ် ထူထူ လိမ်းပေးနိုင်ပါတယ်။

ဝဲစို၊ ဝဲခြောက်တွေကလည်း အဖြစ်များတဲ့ အရေပြားယားယံတဲ့ ရောဂါတမျိုးပါ။ ဝဲပိုးကြောင့် လက်ချောင်း ကြား၊ လက်ကောက်ဝတ်တဝိုက်နဲ့ ချက်ပတ်လည်နေရာတွေ၊ ဆီးခုံနဲ့တင်ပါးတဝိုက်လို နေရာမျိုးတွေမှာ အလွန်ယားယံတဲ့ အရေပြားအနာတွေ ဖြစ်ပေါ်တတ်လာပါတယ်။ ညပိုင်းအချိန်မှာ ပိုယားယံတတ်ပြီး အတူနေတဲ့ အိမ်သားတွေကို ကူးစက်တတ်ပါတယ်။

ယားတဲ့အနာတွေကို ကုတ်ဖဲ့ရာကနေတဆင့် ပိုးဝင်တာ၊ ပြည်တည်တာတွေ ဖြစ်စေနိုင်ပါသေးတယ်။ ကုသမှုခံယူတဲ့အခါမှာလည်း အတူနေထိုင်တဲ့ မိသားစုဝင်တွေကိုပါ ကုသမှသာ အမြစ်ပြတ် ပျောက်ကင်း နိုင်မှာဖြစ်ပါတယ်။

ဝဲကြောင့် ယားယံတာတွေ သက်သာစေဖို့ Permethrin 5% ပါတဲ့ cream (လိမ်းဆေး)လိုမျိုးကို ညပိုင်းမှာ တကိုယ်လုံး လိမ်းထားပြီး မနက်ပိုင်းမှာ ရေချိုးပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်အစား၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ခြင်ထောင်၊ စောင် စတာတွေကို မကြာခဏ လျှော်ဖွတ်ပြီး နေပူပူမှာ လှန်းထားရပါမယ်။

အင်ပြင်ထတယ်လို့ အပြောများတဲ့ အရေပြားရောဂါကတော့ ခန္ဓာကိုယ်နေရာအနှံ့မှာ အနီရောင် အကွက်တွေ၊ အပိန့်တွေ ကိုယ်ခန္ဓာအနှံ့ ပေါ်လာပြီး ယားယံခြင်းတမျိုးပါ။ မိုးရွာပြီး အအေးပိုတဲ့အခါ (သို့မဟုတ်) ဆောင်းရာသီလိုမျိုး အအေးဓာတ် လွန်ကဲတဲ့အချိန်မျိုးမှာ ဓာတ်မတည့်မှုကြောင့် ဖြစ်တတ်ပါတယ်။

တချို့သူတွေက အစားအသောက်ကြောင့်ဖြစ်စေ၊ ဆေးဝါးကြောင့်ဖြစ်စေ ဓာတ်မတည့်တာတွေကြောင့် အင်ပြင်ထတာကို ဖြစ်ပေါ်တတ်ပါတယ်။ အင်ပြင်ထတဲ့အခါ Calamine လိုမျိုး လိမ်းဆေးကို တနေ့ (၃) ကြိမ်လိမ်းနိုင်သလို Cetrizine ဆေးပြားကိုလည်း သောက်နိုင်ပါတယ်။ ဘာမီတွန်ကိုလည်း ထိုးနိုင်၊ သောက်နိုင်ပါတယ်။

အင်ပြင်ထတာ ပြင်းထန်ပြီး နှုတ်ခမ်း၊ မျက်နှာ ရောင်ရမ်းတာ (သို့မဟုတ်) အသက်ရှူကြပ်တာနဲ့ အင်ပြင် ရောဂါ တွဲဖြစ်မယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသရပါမယ်။ အထူးသတိပြု ရမှာက မိမိနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေကို မှတ်သားရှောင်ရှားဖို့ အလွန်အရေးကြီးပါတယ်။

နောက်ထပ် အရေပြားယားယံမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆပ်ပြာမှုန့်၊ ဆပ်ပြာဆီ ထိတွေ့တာ တွေကြောင့်လည်း အရေပြားရောင်ရမ်းနာကျင်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဆပ်ပြာမှုန့်၊ ဆပ်ပြာဆီတွေမှာ အက်စစ်ဓာတ်ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး လက်ချောင်းတွေကို နီရဲစေတာ၊ စပ်တာ၊ ယားယံသော အရေပြားနာတွေ ဖြစ်တတ်ပါတယ်။

ဒီလိုယားယံမှု မကြာမကြာ ဖြစ်တဲ့သူတွေဟာ မှိုပိုးစွဲကပ်လာပြီး လက်သည်းတွေပါ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ဆပ်ပြာအပြင်းစားတွေကို တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။ ဆပ်ပြာကို မသုံးမဖြစ် သုံးရမယ် ဆိုရင် ရေစင်အောင်ဆေးကြောပြီး အုန်းဆီ (သို့မဟုတ်) သံလွင်ဆီကို လိမ်းပေးနိုင်ပါတယ်။ သတိထားရမှာက အရက်ပြန်၊ ဘီတာဒိုင်းလိုမျိုး အရည်တွေကို မလိမ်းရပါဘူး။

အခုမျှဝေပေးတဲ့ ယားယံမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ အခြေခံကျတဲ့အကြောင်းရင်းတွေ ဖြစ်ပြီး တခြားသော အကြောင်းကြောင့် ဖြစ်နိုင်တဲ့ ယားယံမှုတွေလည်း များစွာရှိနိုင်ပါတယ်။ မိမိမှာ ယားယံမှုဖြစ်ခဲ့ ရင် အခုပြောပြတဲ့ အကြောင်းရင်းတွေကြောင့်လား (သို့မဟုတ်) တခြားအကြောင်းကြောင့်လားဆိုတာ ခွဲခြားစိတ်ဖြာပြီး အမြန်ဆုံး လိုက်နာကုသဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား – NUG MOH website

spot_img
spot_img
spot_img

Recent posts