ဘလက်ဇင်း/ ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်က ပြည်သူတွေ စစ်ဘေးကို တိမ်းရှောင်နေတာ ၄နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။
ကရင်နီရဲ့ လူဦးရေ ၃ပုံ ၂ပုံ က စစ်ဘေးရှောင်တွေ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ ကရင်နီလူထုတွေရဲ့ စားနပ်ရိက္ခာအကြပ်အတည်းက ပိုမိုခက်ခဲလာပါတယ်။
လူသားချင်း စာနာမှုထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ပတ်သက်ပြီး အထောက်အပံ့တွေရရှိမှု အင်မတန် နည်းတဲ့ ဒေသတစ်ခုဖြစ်သလို လက်ရှိ စစ်ရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူတွေ အများအပြားဟာ တောတောင်တွေထဲမှာ နေထိုင်နေကြဆဲ ဖြစ်ပါတယ်။
စားနပ်ရိက္ခာအကြပ်အတည်းလို့ ပြောတဲ့နေရာမှာ အဓိကလိုအပ်နေတာကတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ဆီ၊ဆားတွေ လိုအပ်နေတာပါ။
၂၀၂၅ ခုနှစ် နှစ်သစ်ကစလို့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်း ၁၅ ခုထက်မနည်း ဆန် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကူညီသူတွေက ပြောပါတယ်။ ဒါကတော့ ကန္တာရဝတီတိုင်း(မ်) က လက်လှမ်းမီမေးမြန်ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး စစ်ဘေးရှောင်တွေအများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်တစ်ခုထဲပဲ ရှိပါသေးတယ်။ မြေပြင်မှာတော့ ဒီထက်များနိုင်ပါတယ်။
ကရင်နီပြည်ဟာ ဆန်စပါးကို အဓိကစိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုပါ။ ယခင်နိုင်ငံရေးအခြေအနေ တည်ငြိမ်နေစဉ်တုန်းကတောင်မှ ပြည်နယ်လူဦးရေ နဲ့ ထွက်ရှိတဲ့ ဆန်စပါးတွေက မလုံလောက်ပဲ တခြားသော ပြည်နယ်နဲ့ တိုင်းတွေကနေ ဆန်တွေတင်သွင်းရတာပါ။ အခုတော့ ဒေသတွင်းတိုက်ပွဲတွေ ကို တိမ်းရှောင်ရင်း စိုက်ပျိုးရေးလုပ်ငန်းတွေကို ချန်လှပ်ထားခဲ့ကြရတာကြောင့် ပြည်နယ်အတွင်းမှာ ဆန်စပါး လိုအပ်မှု ပိုများလာတာပါ။
လက်ရှိစစ်ရှောင်နေကြသူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လို့မရတာကြောင့် ရှိနေတဲ့ ဝင်ငွေနဲ့မျှတဲ့ ရိက္ခာကိုဝယ်ပြီး ချွေတာစားသုံးရတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ အဒေါ်တို့က စစ်ရှောင်တာ ကြာပြီ။ စိုက်ပျိုးမြေမရှိသလို အလှူမရတာလည်း များပါတယ်။ သားသမီးနဲ့ တူတူနေတယ်။ သမီးက အခု အလုပ်လုပ်တယ်။ ပုံမှန် လစာ တစ်သိန်းကျော်လောက်ရပေမယ့် ဆန်တစ်အိတ်၊ ဆီ ၊ ဆား လောက်ပဲရတယ်ပေါ့နော။ အဒေါ်တို့လည်း ပုံမှန်အလုပ်မရှိတော့ စားသောက်ဖို့က ပိုခက်တာပေါ့။”လို့ သူက ပြောပါတယ်။
အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုတွေရပ်ဆိုင်လိုက်ပြီးနောက် စစ်ရှောင်တွေအပေါ်သက်ရောက်မှု
၂၀၂၅ ခုနှစ်ကစလို့ အမေရိကန်အစိုးရရဲ့ အထောက်အပံ့ဖြစ်တဲ့ USAID ရဲ့ အကူအညီကို ရယူထားတဲ့ အရပ်ဖက်အဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့တွေ တော်တော်များများကလည်း ဇန်နဝါရီလကစလို့ ရပ်ဆိုင်းခံလိုက်ရတာကြောင့် စစ်ဘေးရှောင်တွေရဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်မှုက စိန်ခေါ်ချက်ဖြစ်လာပါတယ်။

အမေရိကန်သမ္မတ ဒေါ်နမ်ထရမ့် အစိုးရဖြစ်လာပြီး ရက်ပိုင်းအတွင်းမှာ နိုင်ငံတကာကို ပေးတဲ့ လူသားချင်း စာနာထောက်ထားမှု အသုံးစရိတ်တွေကို ရပ်ဆိုင်းလိုက်ပြီးနောက် ကရင်နီပြည်က စစ်ရှောင်ဦးရေ ၅သောင်းကျော်က စားနပ်ရိက္ခာ မရရှိတော့ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဌာန၊ ဌာနမှူးကြီး ခွံမာတီးယာက က ပြောပါတယ်။
စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ တခြားသော အခြေခံ အသုံးအဆောင်ပစ္စည်းတွေလည်း ပြတ်လပ်သွားတယ်လို့ IEC က ပြောပါတယ်။
IEC ကို တိုက်ရိုက်ပေးတဲ့ အကူအညီမဟုတ်ပေမယ့် လူသားချင်းစာနာမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့တွေကိုပေးတဲ့ ဘတ်ဂျက်(လျာထားငွေ)တွေ မရှိတော့တာပါ။ အထူးသဖြင့် စစ်ဘေးရှောင်အများဆုံးရှိနေတဲ့ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် နဲ့ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင်တွေ ပိုမိုအခက်ကြုံမယ်လို့ ဆိုထားပါတယ်။
အကူအညီတွေ မရရှိတော့တာဟာ ကရင်နီစစ်ရှောင်တွေအပေါ် များစွာသက်ရောက်မှုရှိနေတာပါ။ အကူအညီတွေ ရပ်ဆိုင်သွားပြီးနောက်မှာတော့ စားနပ်ရိက္ခာ အကူအညီတောင်းလာတဲ့ စစ်ရှောင်စခန်း အရေအတွက်တွေ ပိုများလာတယ်လို ကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့ လူမှုအသင်းအဖွဲ့ တွေဟာ အလှူရှင်ကနေ ထောက်ပံ့တဲ့ ငွေကြေးတွေကို စစ်ဘေးရှောင်တွေထံ တဆင့် မျှဝေပေးနေတာဖြစ်တာကြောင့် အလှူရှင်မရှိရင် စစ်ဘေးရှောင်တွေလည်း ဆန်ရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်အရေးနဲ့ပတ်သက်ပြီးတော့ အားနည်းချက်တွေပိုများလာတယ်။ မြေပြင်မှာကတော့ ဘယ် Camp (စခန်း) မဆို ရိက္ခာကတော့ မလိုတဲ့ Camp တွေဆိုတာ မရှိပါဘူး။”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
ကရင်နီစစ်ဘေးရှောင်တွေရဲ့ အကြီးမားဆုံး စိန်ခေါ်ချက်
ပြီးခဲ့တဲ့ သီးတင်းပတ်မှာပဲ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကို ရောက်ရှိခဲ့တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းသမားတွေရဲ့ မေးမြန်းချက်တွေအရ စစ်ဘေးရှောင်စခန်းအများစုဟာ စားနပ်ရိက္ခာမရရှိတာက အနည်းဆုံး ၅ လ ၊ ၁ နှစ်နီးပါး ရှိနေပြီလို့ ပြောကြပါတယ်။
“အရင်တစ်နှစ်ကတော့ အလှူရှင်တော့ရှိပါတယ်။ ဒီတစ်နှစ်တော့မရှိသေးဘူးပေါ့။”လို့ လွိုင်ကော်မြို့နယ်အတွင်းက ခိုလီဆို စစ်ဘေးရှောင်စခန်း အမှတ် ( ၂ ) ရဲ့ တာဝန်ရှိသူ ဦးငါးရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
အဲ့ဒီစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေအပြင် ကျေးရွာခံတွေလည်း စုပေါင်းနေထိုင်ကြတာဖြစ်ပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိပါတယ်။ စစ်ဘေးရှောင်တွေကတော့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဒေသခံတွေရဲ့ တောင်ယာမြေမှာ ငှားရမ်းစိုက်ပျိုးတာ၊ နေ့စား အငှားလိုက်တာတွေ လုပ်ကြပါတယ်။
သက်ကြီးရွယ်အို၊ မသန်စွမ်း ၊ ကလေးငယ်တွေအတွက် အရေးပေါ်ဆန်ကို ယခင်က ထားရှိပေမယ့် အခုတော့ အလှူရှင်မရှိတော့တာကြောင့် အရေးပေါ် ဆန်လည်း မထားပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
“ သူတို့ဆန်အရေးပေါ်လိုတယ်ပေါ့နော။ ကျနော်တို့ ဆန်အရေးပေါ်ထားတာလည်း ကုန်သွားတယ်ပေါ့နော။ တအားခက်ခဲတဲ့အိမ်ရှိတယ် ၁၀ အိမ်လောက်ရှိတယ် ဆန်ပေးဖို့။ ကယားလီဖုအဖွဲ့နဲ့တော့ချိတ်ထားတယ်။ အခုတော့ မရောက်လာသေးဘူးပေါ့နော။ တဆင့်တဆင့် ချိတ်ထားတာပေါ့။”လို့ စစ်ရှောင်စခန်း တာဝန်ရှိသူ ဦးငါးရယ်က ဆက်ပြောပါတယ်။
ကြားကာလအစိုးရရဲ့ စီမံဆောင်ရွက်ထားရှိမှု အခြေအနေ
လက်ရှိကရင်နီပြည်မှာ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာအကြပ်အတည်းကို ကြားကာလအစိုးရ လည်းဖြစ်တဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က တတ်နိုင်သလောက်ဖြေရှင်းဖို့ ကြိုစားဆောင်ရွက်နေတယ်လို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဌာန၊ ဌာနမှူးကြီး ခွံမာတီးယာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
IEC ကတော့ ပြည်နယ်တွင်း အဓိက ထုတ်ကုန်ဖြစ်တဲ့ ဆန် ၊ စပါးကို တခြားပြည်နယ်ပြင်ပကို ရောင်းချတာထက် ၊ ဆန်စပါးကို စျေးနှုန်းသတ်မှတ်ပြီး ဝယ်ယူစုဆောင်းတဲ့ အစီအမံကို ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် ကရင်နီပြည်က စိုက်ပျိုးနိုင်မယ့် မြေတွေကို IEC ရဲ့ စိုက်ပျိုးရေးဌာနကနေ စနစ်တကျ ပြန်လည် စာရင်းကောက်ယူနေတာ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က သီးနှံတွေ ပျက်စီးဆုံးရှုံးမှုကြောင့် ရိက္ခာပြတ်လပ်မှုရှိနေတဲ့ တောင်သူတွေအတွက် မြို့နယ်၊ ဒေသအသီးသီးမှာ ဝယ်ယူစုဆောင်းထားတဲ့ ဆန်စပါးတွေကို ကြိတ်ပြီး ကူညီဆောင်ရွက်နေတာရှိတယ်လို့ IEC လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဌာန၊ ဌာနမှူးကြီး ခွံမာတီးယာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောဆိုထားတာ ရှိပါတယ်။
ဒါတွေတင် မကပါဘူး။ စိုက်ပျိုးရေးရာသီ ရောက်ရှိလာတော့မှာဖြစ်တာကြောင့် စိုက်ပျိုးတောင်သူတွေကို ပြီးခဲ့တဲ့နှစ်ထက် စိုက်ပျိုးရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်နိုင်ဖို့ အစီအမံတွေ ဆောင်ရွက်နေသလို တိုက်တွန်းမှုတွေကိုလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“ရေရှည်မှာ ဆက်လက်တောင့်ခံနိုင်ဖို့အတွက်က အရပ်ဖက်အဖွဲ့အစည်းတွေကော အုပ်ချုပ်ရေးမှာတာဝန်ရှိတဲ့ မြို့နယ်အုပ်ချုပ်ရေး ၊ လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံတယ်။ ဒီအစီအမံတွေကို ပြန်ပြီးဖြေရှင်းနိုင်ဖို့အတွက် နံပါတ်တစ်က လူထုတွေက ဒီဟာတွေကို စုဆောင်းနိုင်ဖို့အတွက်က စိုက်ပျိုးနိုင်တဲ့ မြေရှိတဲ့နေရာကို ဒီနှစ်မှာပိုစိုက်ပျိုးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ ဝိုင်းဝန်းဆောင်ရွက်ရတဲ့ဟာတွေရှိတယ်။”လို့ ခွံမာတီးယာက ပြောပါတယ်။

စိုက်ပျိုးမြေအခက်အခဲ နဲ့ စစ်ဘေးရှောင်တွေရဲ့ စိန်ခေါ်ချက်
အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအဖို့ စိုက်ပျိုးလုပ်ကိုင်ဖို့ ဆိုတဲ့နေရာမှာ စိုက်ပျိုးမြေမရှိတာက အဓိက စိန်ခေါ်ချက်တစ်ခုပါ။ တချို့ဒေသတွေမှာတော့ ဒေသခံတွေရဲ့ မြေယာ၊ လယ်ယာတွေကို ငှားရမ်းစိုက်ပျိုးကြတာ ရှိပါတယ်။
အဓိက ရိက္ခာလိုအပ်ချက်ကိုဖြည့်တင်းဖို့ စပါးကို ဦးစားပေးစိုက်ကြပါတယ်။ တချို့နေရာမှာတော့ စပါးစိုက်လို့ အဆင်မပြေကြတာကြောင့် ပြောင်း၊ မြေပဲ စတာတွေကိုလည်း စိုက်ကြပါတယ်။
တစ်ဖက်မှာလည်း ဒီလိုစိုက်ပျိုးလုပ်ကိုင်တဲ့နေရာမှာ မျိုးစေ့မျိုးဆံ ရရှိဖို့အတွက် အခက်အခဲရှိနေကြတယ်လို့ လည်း ပြောပါတယ်။
လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာတော့ စစ်ရှောင်တွေရဲ့ ရေရှည်ဝမ်းရေးအတွက် ဆန် ပြတ်လပ်မှုမရှိအောင် စိုက်ပျိုးမြေခွဲဝေထားပေးသလို စပါးကို ပိုစိုက်ပျိုးထုတ်လုပ်ဖို့ စစ်ရှောင်ကော်မတီတွေက တိုက်တွန်းထားတာ ရှိပါတယ်။
“စပါးတွေ များများလုပ်ပေးဖို့ပေါ့။ အနည်းဆုံး အိမ်တိုင်းကို တစ်အိတ်နှုန်းပေါ့။ စပါးမျိုးစေ့ တစ်အိတ်နှုန်း စိုက်ဖို့ အဲ့လိုတော့ ပြောထားတယ်။ အရင်နှစ်ကတော့ မရှိဘူး မျိုးစေ့ကော ငွေကြေးကော။ ဒီနှစ်ကျတော့ ဥပမာ – စစ်ရှောင်တွေအတွက်တော့ ဒီမှာရှိတဲ့ ရွာခံတွေပိုင်တဲ့မြေမှာ သူတို့ကို ခွဲပေးဖို့တော့ရှိတယ်။ နေရာလုပ်ပေးဖို့ပေါ့ စိုက်ပျိုးမြေလုပ်ပေးဖို့ရှိတယ်။”လို့ လွိုင်ကော်မြို့နယ်က ခိုလီဆို စစ်ရှောင်စခန်းအမှတ် ( ၁ ) ရဲ့ တာဝန်ရှိသူ ဦးစိုးရယ်က ပြောပါတယ်။
စိုက်ပျိုးရာသီရောက်ရင်တော့ လိုအပ်တဲ့ မျိုးစေ့ဖြစ်စေ၊ မြေဩဇာဖြစ်စေ စစ်ဘေးရှောင်တွေအတွက် ကြားကာလအစိုးရကို တောင်းခံသွားမယ်လို့ ဦးစိုးရယ်က ပြောပါတယ်။
တစ်ဖက်တစ်လှမ်းက စိုက်ပျိုးရေးလုပ်ကိုင်ဖို့ လျာထားကြပေမယ့်လည်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု ၊ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း စိုးရိမ်မှုရှိကြပါတယ်။
“လူထုတွေက ရပ်ရွာမှာပြန်မနေရဘူး အိုးအိမ်ပျက်စီးဆုံးရှုံးနေတယ်။ အသက်မွေးဝမ်းကြောင်း လုပ်ချင်ရင်တောင်မှ အကန့်အသတ်နဲ့ သာလုပ်ရတယ်။ တိုက်ပွဲတွေဖြစ်တာများတယ် လေကြောင်းအန္တရာယ် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်။”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည် ဘောလခဲမြို့နယ်အပြင် ရှမ်း-ကရင်နီ နယ်စပ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရှောင်လူထု ၃ သိန်း ဝန်းကျင်ဟာ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
တစ်ဖက်မှာလည်း စစ်ရေးအသုံးစရိတ်တွေကို အသုံးပြုနေရတာကြောင့် စစ်ရှောင်တွေထံ စီးဆင်းမှု ငွေကြေးလည်း စစ်ရေးမှာ ဦးစားပေးအသုံးပြရတာရှိတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောဆိုထားတာ ရှိပါတယ်။
ဒါကြောင့် လက်ရှိ ကရင်နီလူထုတွေကြုံတွေ့နေရတဲ့ ရိက္ခာအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် ပဋိပက္ခတွေကို အမြန်ဆုံးအဆုံးသတ်ရမှာဖြစ်တယ်လို့ ခွံမာတီးယာက ပြောပါတယ်။
“နံပါတ် ၁ စစ်ကို အမြန်ဆုံးအဆုံးသတ်ဖို့လိုတယ်၊ နံပါတ် ၂ ကတော့ လူထုကတော့ကိုယ့်စိတ်ကို တတ်နိုင်သမျှတည်ငြိမ်အောင်ထိန်းချုပ်။ ကိုယ်ရှိတဲ့နေရာကနေ ကိုယ်တတ်နိုင်သမျှ စိုက်ပျိုးမှုတွေလုပ်မယ်။ ကိုယ့်ရဲ့လူထုခေါင်းဆောင်းတွေ၊ အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သမျှ အကြံပြုတင်ပြတာတွေ အကူအညီတောင်းတာတွေကို စနစ်တကျလုပ်ဆောင်ဖို့လိုသလို နိုင်ငံတကာရဲ့ အကူအညီတွေကလဲ ဒီထက်တိုးမှ ကျနော်တို့ဖြေရှင်းနိုင်မဲ့ဟာ ဖြစ်တာပေါ့နော်။” လို့ ခွံမာတီးယာက ပြောပါတယ်။