spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

အမေရိကန်အစိုးရ မူဝါဒပြောင်းလဲလာနိုင်တဲ့အပေါ် တတိယနိုင်ငံခိုလှုံခွင့်ကို နယ်စပ်ဒုက္ခသည်တွေ စိုးရိမ်မှုရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်အစိုးရသစ်ကို ရွေးကောက်ပွဲပြုလုပ်ကာ ‌ရွေးချယ်ခဲ့ကြပြီး တက်လာမယ့် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲကြောင့် ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီအစဉ်အရ တတိယနိုင်ငံခိုလှုံခွင့်လျှောက်ထားတဲ့ ထိုင်း-ကရင်နီနယ်စပ်က ဒုက္ခသည်တွေ စိုးရိမ်မှုရှိနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ကြိမ်မြောက်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ပလီကန်ပါတီ ကိုယ်စားလှယ် ‌ဒေါ်နယ်ထရမ့်က အနိုင်ရရှိခဲ့တာကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်တွေ တတိယနိုင်ငံခိုလှုံခွင့် ပယ်ချခံရနိုင်ချေရှိတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် The Nation မီဒီယာ က ပြောထားပါတယ်။

နယ်စပ်က ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းနိုင်ဖို့ ဒုက္ခသည် ၆၀၀၀၀ ခန့်ကို တတိယနိုင်ငံ ခိုလှုံခွင့်ပေးမယ့်အစီအစဥ်ကို ထိုင်းအစိုးရနဲ့ ဒီမိုကရက်ပါတီဦးဆောင်တဲ့ အမေရိကန် အစိုးရတို့က သဘောတူထားခဲ့တယ်လို့လည်း The Nation သတင်းက ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်က ဒုက္ခသည်ခေါ်ယူမယ့်စာရင်းကို ထိုင်း-ကရင်နယ်စပ်က ဒုက္ခသည်စခန်းတွေကနေ စတင်သဘောထား ကောက်ယူခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ကရင်နီဒုက္ခသည်စခန်းကို ရောက်ရှိလာမယ်လို့ ယူဆရပေမယ့် တက်လာမယ့် သမ္မတအပြောင်းအလဲကြောင့် အစီအစဥ်တွေလည်း ပြောင်းလဲလာနိုင်တယ်လို့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရဲ့ စခန်း ကော်မတီတစ်ဦးက ပြောပါတယ်။

“ကျနော်တို့တော့ အမြဲတမ်းအတိုက်အခံလုပ်တယ်။ တစ်နှစ်မှာ ဘယ်နှဦးလောက်သွားခွင့်ရှိတယ်ဆိုတာ စခန်း ၉ ခုစလုံး ညီညီမျှမျှပြန်ခွဲပေးပါ အမြဲတမ်းပြောတယ်။ အဲ့ဒါလည်း ကျနော်တို့ဆီကို ပြန်ရောက်လာတာမရှိသေးဘူး။ မရှိတဲ့အပြင် အခုက တက်လာမယ့် ခေါင်းဆောင်က ဒါကြီးကို မဖြစ်တော့ဘူးလို့‌ ပြောသံကြားတယ်ပေါ့။ အဲ့ဒါကြောင့် ကျနော်တို့လည်း အတိအကျ ဘာတစ်ခုမှ ပြောလို့မရသေးဘူး။ လူထုကိုလည်း ကျနော်တို့ ဘယ်လိုမှ တိကျတဲ့အဖြေဘာမှ ကျနော်တို့ပေးလို့မရသေးဘူး” လို့ သူက ပြောပါတယ်။

အမေရိကန်အစိုးရအပြောင်းအလဲကြောင့် ဒုက္ခသည်ပြန်လည်ချထားရေး မူဝါဒပြောင်းလဲမယ်ဆိုရင် တခြားသောနိုင်ငံကို ကူးပြောင်းခိုလှုံလိုတယ်လို့ ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တစ်ခုကြာ နေထိုင်လာခဲ့တဲ့ ကရင်နီဒေသခံတစ်ဦး ဦးအောင်နိုင်ဝင်း ကပြောပါတယ်။

“တစ်ကယ်လို့ ဒုက္ခသည်ပြန်လည်နေရာချထားရေးအတွက် အမေရိကန်က မခေါ်ဘူးဆိုလို့ရှိရင်လည်း ရတဲ့ နိုင်ငံကို ကျနော်တို့ လျှောက်ချင်တယ်ပေါ့နော။ ဘာကြောင့်လဲဆိုတော့ ဒီဒုက္ခသည်ရဲ့ အနေအထားက ထိုင်းမှာနေတော့လည်း လွတ်လပ်မှုလည်းမရှိဘူး။ နောက်ပြီးတော့ ထိုင်းရဲ့ နိုင်ငံရေးအခြေနေ သဘောထားကိုလည်း ကျနော်တို့မသိဘူး။ မသိတဲ့ခါကျတော့ ဒီမှာပေး ဒီမှာကျွေးတဲ့ဟာပဲ ကျနော်တို့စားနေရတော့ ကျနော်တို့ အခက်အခဲတွေ အများကြီးတွေ့ရတယ်ပေါ့နော”လို့ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ကရင်နယ်စပ်က မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)၊ (၂) အပါအဝင် ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး ခိုလှုံလျက်ရှိတယ်လို့ သိရပါတယ်။

နယ်စပ်တကြောမှာ ကရင်နီ ၊ ကရင် ပြည်နယ်က ဒုက္ခသည်တွေ အများဆုံးနေထိုင်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့‌နောက်မှာတော့ မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း နယ်စပ်ဒေသမှာ လာရောက်ခိုလှုံမှုတွေ ပိုမိုများပြားလာပါတယ်။

spot_img
spot_img
spot_img

Recent posts