စိုင်းလင်းလင်းဦး
နှစ် ၆ဝ ကျော်ခန့်က ကန္ဒရဝတီစောဖျာ လှူဒါန်ထားသည့် သသနာ့ဝတ္တက မြေနေရာများအား အများပိုင် သာသနာ့နယ်မြေအဖြစ် ပိုင်းခြားသတ်မှတ်ရန်နှင့် ထပ်မံကျူးကျော်ခြင်းများမရှိစေရန် တူးမြောင်းဖေါ်ကာ ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ အမှတ်အသားပြုလုပ်ခြင်းကို အာဏာပိုင်တာဝန်ရှိသူများမှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်တိုင်းတာသတ်မှတ်ရာတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ထားသောမြေ ၁၃၅.၇၆ဧက၊ ကျောင်းမရှိသော သာသနာ့မြေ ၁၃၉.၇၈ ဧကနှင့် လမ်းမြေ ၄.၈၅ ဧက စုစုပေါင်း ၂၈၀.၃၉ ဧက ပါဝင်စေလျှက် တိုင်းတာ သတ်မှတ်လိုက်ပြီဖြစ်သည်။
ထိုနေရာများအနက် အခွန်လွတ်သာသနာ့မြေအဖြစ် မသတ်မှတ်ရသေးသော သာသနာမြေဟု ဆိုသည့်နေရာများကို မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ဖြင့် ဇူလိုင်လ ၈ ရက်နေ့က ရေးဆွဲခဲ့ကာ ယခုအခါ အခွန်လွတ် သာသနာမြေဂရမ်ရရှိရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လက်ရှိ အများပိုင်သာသနာမြေဟုဆိုကာ တိုင်းတာသတ်မှတ်ထားသော နေရာအတွင်း၌ အိမ်ခြေ (၁၀၈) လုံး ကျော် ဆောက်လုပ်ထားသည်ကို ဒီဇင်ဘာလ ၁ဝ ရက်နေ့၌ ကန္တာရဝတီတိုင်း(မ်)မှ တွေ့ရှိရသည်။
နေအိမ်အများစုက လူနေထိုင်လျှက်ရှိပြီး ၇၅ ရာခိုင်နှုန်းမှာ အခိုင်အမာ ဆောာက်လုပ်ထားသည့် လူနေအိမ်များဖြစ်ပြီး ကျန်အိမ်များမှာ ဆောက်လုပ်နေဆဲနှင့် ယာယီအိမ်ဆောက်ပစ္စည်းများဖြင့် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။
၁၉၉၅ ခုနှစ်၌ ကန္ဒရဝတီစောဖျာမှ ကယားပြည်နယ်လုံးဆိုင်ရာ ဗုဒ္ဓသာသနာ့အဖွဲ့ချုပ်နှင့် သံဃာ့အဖွဲ့ချုပ်၊ ကျောင်းဦးဘုရားတကာများထံသို့ ကန္ဒရဝတီစောဖျာဒူရုံးတော်၏ စာအမှတ် (၃၉၇/၃)ပါ မြေပုံစာအရ လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်(တောင်ကွဲ) ပတ်ဝန်းကျင် ခန့်မှန်းခြေ ဧက(၄၀၀)ကျော်အား ပေးအပ်လှူဒါန်းခဲ့ကြောင့် ကန္ဒရဝတီစောဖျာလှူဒါန်ထားသည့် သာသနာ့မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုထားသည်။
ကန္ဒရဝတီ စောဖျာလှူဒါန်ထားသည့် သာသနာ့မြေများကို အရှိတိုင်းသာ သတ်မှတ်မည်ဆိုပါက လွိုင်ကော်မြို့၏ ထက်ဝက်ခန့်ပါရှိနေကြောင်း နှစ်ပေါင်း၂ဝ နှင့်အထက် ယင်းမြေနေရာများ၌ သီးနှံများ စိုက်ပျိုးရေး လုပ်ကိုင်နေသူများက ပြောဆိုနေကြသည်။
သာသနာမြေ အဖြစ်သတ်မှတ်ထားသော နေရာအတွင်းရှိ နေရာများမှာ ယခင် နှစ်ပေါင်း ၄ဝ ကတည်းက မိဘတို့၏ စိုက်ပျိုးရေးလုပ်ကိုင်ရာနေရာဖြစ်ကာ မိသားစုခွဲပြီး ယင်းနေရာသို့ ၂၀၀၅ ခုနှစ်ကတည်းက နေအိမ်ဆောက်လုပ် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း နော်ဂျဲနီစေးက ပြောသည်။
၂၀၁၃ ခုနှစ်အရောက်တွင် သာသနာမြေအဖြစ် သတ်မှတ်ကြောင်း မိမိအား လာရောက်ပြောဆို သတိပေးခဲ့ခြင်းများရှိခဲ့သော်လည်း အခြားနေစရာနေရာ မရှိသည့်အတွက် ရပ်ကျေးဥက္ကဌ (ယခုအခေါ်အဝေါ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး)နှင့် ညှိနှိုင်းပြောဆိုကာ ဆက်လက်နေထိုင်ခဲ့သည်ဟု နော်ဂျဲနီစေးက ဆိုသည်။
“နေစရာမှ မရှိတာ။ ဘာမှမရှိတာ။ အိမ်အစုတ်ပလုပ်တုတ် တစ်လုံးနဲ့ပဲ နေရတာ။ နောက် အဲ့လို လာသိမ်းတယ်ဆို ကျမတို့ ဘယ်လိုနေရမှာလဲ အဲ့ဒါ။ ဘယ်လိုလုပ်ရမှာလဲ။ နေစရာမရှိတော့ဘူး။ နေစရာမရှိလို့ အမေတို့က လာနေခိုင်းထားတာ။”
ယင်းသာသနာမြေများအား ယခင်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ခဲ့ပြီး မြေများ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ခြင်းကြောင့် ယခင်အစိုးရလက်ထက် ၂၀၁၃ ဧပြီလ၌ ကန္ဒရဝတီစောဖျာ လှူဒါန်းထားသည့် သာသနာ့မြေများ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ခဲ့သည်။
သို့သော်လည်း ယင်းပြဿနာများအား ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘဲ ယခုအစိုးရလက်ထက် ဇူလိုင်လအတွင် ကယားပြည်နယ် ဝန်ကြီးချုပ်ပါဝင်သော ကန္ဒရဝတီစောဖျာလှူဒါန်ထားသည့် သာသနာ့မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး ကျုးကျော်ပြဿနာအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲခဲ့သည်။
ယခင်နေထိုင်သူများမှ သာသနာ့နယ်မြေအဖြင့် မသိရှိခဲ့ခြင်း၊ ခေတ်အဆက်ဆက် တစ်ဦးမှတစ်ဦး အဆင့်ဆင့်ရောင်းချနေထိုင်ခဲ့ခြင်း၊ လက်ရှိနေထိုင်သူများမှ အခငွေကြေးပေးချေ၍ အဆိုပါမြေကွက်များပေါ်နေအိမ်များ ဆောက်လုပ်နေထိုင်လာခြင်းအစရှိသည့် ကိစ္စရပ်များကြောင့် တဖြည်းဖြည်း လူနေအိမ်များတိုးချဲ့ဆောက်လုပ်လာခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က ရေးဆွဲထားသည့် ကန္ဒရဝတီစောဖျာလှူဒါန်ထားသည့် သာသနာ့မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစီမံချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။
အဆင့်ဆင့်ရောင်းချသူထံမှ ပြန်လည်ဝယ်ယူထားခြင်းဖြစ်ပြီး သက်သာသော ဈေးနှုန်း အတိုင်းအတာတစ်ခုကြောင့်သာ ယခု အများပိုင် သာသနာမြေအဖြစ်သတ်မှတ်ထားသော နေရာကို သာသနာမြေမှန်းမသိရှိခဲ့၍ ဝယ်ယူမိဟု လက်ရှိယင်းမြေကွက်၌ နေအိမ်ဆောက်လုပ်နေထိုင်သူ ဒေါ်ကြည်ဌေးက ပြောသည်။
“လွိုင်ကော်မှာ ၁၃ ရပ်ကွက်ရှိကတည်းကိုက အဒေါ်အိမ်းငှားနေခဲ့ရတဲ့ ဘဝ။ ပိုက်ဆံ ချွေးနည်းစာ စုပြီးတော့ ဒီဥစ္စာလေးကို ဝယ်ခဲ့တာ။ အဒေါ့်မှာ ဆယ်တန်းကျောင်းသား နှစ်ယောက်ရှိတယ်။ လုပ်အား အိမ်မှာ သူ့အဖေတစ်ယောက်တည်းပဲရှိတယ်။ အဲ့ဒီဥစ္စာကို သိမ်းမယ်ဆိုရင် အဒေါ်တို့ရင်ထဲမှာ ဘယ်လိုခံစားရမှာလဲဆိုတာ လူကြီးမင်းများအားလုံးကို သိစေချင်တယ်။”ဟု သာသနာနယ်မြေ ကျူးအမှတ် ၆ အဖြစ် သတ်မှတ်ထားသောနေရာ၌ နေအိမ်ဆောက်လုပ်နေထိုင်သူ နမ့်ဘော်ဝမ် (က)ရပ်ကွက်နေ ဒေါ်ကြည်ဌေးက ပြောသည်။
မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ရေးဆွဲထားသော ပုံစံအရ သာသနာမြေအဖြင့်တိုင်းတာ ပိုင်းခြားရန် မြောင်းတူးဖေါ်နေသည့် တစ်လျှောက်၌ နေအိမ်ဝန်းခြံများအား ဖြတ်သန်း တူးဖေါ်နေခြင်းများသည် ပြည်နယ်ရှိသာသနာပိုင်ဘုန်းကြီးများနှင့် သံဃအဖွဲ့အစည်းများ၏ တောင်းဆိုမှုကြောင့် ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ကော်မတီတာဝန်ရှိသူများမှ နယ်နမိတ် ပိုင်းခြားသတ်မှတ်ရန်သာ ဖြစ်ကြောင်း ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။
“လက်ရှိနေနေတဲ့ သူတွေကို ဘာမှလုပ်တာလည်းမဟုတ်ဘဲနဲ့ ကျန်တဲ့ သာသနာ့မြေ အဝန်းအဝိုင်း ဆုံးရှုံးသွားမှာစိုးလို့ သာသနာမြေမှန်းသိအောင် အကောင်အထည်ဖေါ်နေတာ။ တကယ်တစ်ချို့က ဆင်းရဲတယ်။ နေစရာမရှိလို့ တချို့တွေက နေတယ်။ သူတို့ကို အစားထိုးပြီး ဘယ်နေရာသွားပို့မှာလဲ။ စဉ်းစားကြည့်လေ”ဟု ဝန်ကြီး ဦးမော်မော်က ကန္တာရဝတီတိုင်း(မ်)သို့ ဒီဇင်ဘာ ၈ ရက်နေ့က ပြည်နယ်အစိုးရရှိ ၎င်း၏ ရုံးခန်းတွင် ပြောကြားသည်။
ငွေကြေးရယူရန်အလို့ငှာ မသမာနည်းဖြင့် အဆင့်ဆင့်ရောင်းချနေသူများကိုလည်း အရေးယူရန် အပြန်အလှန်ညှိနှိုင်းစိစစ်ပြီး အဖြေရှာမည်ဟု ဝန်ကြီးဆက်ပြောသည်။
“အေ လောဘနဲ့ လုပ်တဲ့သူတွေခါကျတော့ တစ်မျိုး။ သူတို့နဲ့ ပတ်သက်ပြီး သေချာစိစစ်ပြီးတော့မှ ဆောင်ရွက်ရမှာပေါ့နော်။ ဒါပေမယ့် သူတို့တွေလည်း အခိုင်အမာလုပ်ထားတယ်ဆိုတော့ သူတို့နဲ့ ပတ်သက်တဲ့ ဘုန်းကြီးကျောင်း အဝန်းအဝိုင်းတွေနဲ့ ပြန်ညှိနှိုင်းရမယ်။”ဟု ဝန်ကြီး ဦးမော်မော်က ပြောကြားသည်။
ယင်းမြေနေရာများ၌ နေထိုင်သူအချို့က ၎င်းတို့ ယခင်ကတည်း စိုက်ပျိုးရေး လုပ်ဆောင်ခဲ့သော နေရာဖြစ်ပြီး နေအိမ်များ ဆောက်လုပ်နေထိုင်ကြသူများ ဖြစ်ကြကြောင်းဆိုသည်။ အချို့မှာမူ ယာမြေလုပ်ကိုင်ခဲ့သူထံမှ တဆင့်ပြန်လည်ဝယ်ယူကာ နေအိမ်ဆောက်လုပ်နေထိုင်ကြပြီး မိမိထံတို့၌ ၎င်းမြေ၏ အထောက်အထားအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာနှင့် အရောင်းအဝယ် စာချုပ်သာရှိကြောင်း ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားကြသည်။
အများပိုင်သာသနာမြေအဖြစ် သတ်မှတ်ထားသော မြေနေရာအချို့ပါဝင်လျှက်ရှိသော မြေနေရာများကို ဂေါပကအဖွဲ့ကိုယ်တိုင် အခကြေးငွေ ပြန်လည်ရောင်းချခြင်းများ ရှိခဲ့ကြောင်း အဆင့်ဆင့် ပြန်လည်ရောင်းချသူထံမှ ဝယ်ယူထားသူများက ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောကြားကြသည်။
ကန္တာရဝတီတိုင်း(မ်)၏ စုံစမ်းမေးမြန်းချက်အရ မြကလပ်တောင်အနီးရှိမြေကွက် ယခု အများပိုင် သာသနာမြေအဖြစ်သတ်မှတ်ထားသော ကျူး အမှတ် ၆ အကွက်ပတ်ဝန်းကျင်၌ စတုရန်းပေ ၄ဝ × ၆ဝ အကွက်ပေါင်း ၂ဝ ကွက်ခန့်အား ဂေါပကမှ ကျပ်ငွေ သိန်း ၄၀ဝ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချခဲ့သည့် မြေနေရာအချို့မှာ ယခုသာသနာမြေအဖြစ်သတ်မှတ်ရာတွင် ပြန်လည်ပါဝင်သွားခြင်းများရှိနေသည်ဟု ဂေါပကထံမှ ယင်းမြေကွက်အား ဝယ်ယူထားသော အမည်အဖေါ်လိုသူတစ်ဦးက ပြောသည်။
“သူတို့ကိုယ်တိုင်ရောင်းခဲ့တယ်။ သူတို့ဆီမှာလည်း ပြေစာရှိတယ်။ သိန်း ၄၀ဝ ရောင်းထားတယ်။ မှန်တယ်။”ဟု ၎င်းက ပြောကြားသည်။
သာသနာ့ဝတ္တက မြေနေရာအချို့အား အများပိုင်သာသနာ့ဝတ္တကနယ်မြေအဖြစ် ပြန်လည် တိုင်းတာသတ်မှတ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ နိုဝင်ဘာ ၂၈ ရက်နေ့တွင် လူ ၆ဝ ကျော် ဆန္ဒဖေါ်ထုတ်ခဲ့သော်လည်း ယင်းနေ့ရက် နိုဝင်ဘာလ ၂၈ ရက်စွဲဖြင့် အများပိုင်သာသနာ့မြေနှင့် ဘုန်းကြီးကျောင်းမြေအဖြစ်သတ်မှတ်ထားသော နေရာများ၌ ခွင့်ပြုချက်မရှိဘဲ နေအိမ်များ ဆောက်လုပ်ခြင်း၊ ဝန်းခြံကာရံခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်းများ မပြုလုပ်ရန် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ကြေညာစာတစ်ရပ်အား ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၈ ရက်နေ့တွင် လူနေထိုင်းလျှက်ရှိသော နေရာများကို သာသနာမြေအဖြစ် ပယ်ဖျက်ပေးရန် လူဦးရေ ၆ဝ ကျော်က ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ပြီး အထက်အရာရှိတာဝန်ရှိသူများမှ အမိန့်ကြေညာစာအားထုတ်ပြန်ရန် ညွှန်ကြားလာသဖြင့် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမိန့်ကြေညာစာ၏ ဖေါ်ပြပါ နေရာများအား စည်းကမ်းလိုက်နာမှုမရှိဘဲ ထပ်မံကျုးကျော်လာသူများအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရသော်လည်းကောင်း တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း အရေးယူသွားမည်ဟု ဆိုသည်။
သက္ကရာဇ် ၂၅၀ဝ ကျောင်းတိုက်အနောက်၊ ရတနာသီရိတောင်အနောက်၊ ရွေလက်ဝါးတောင်တော်အနောက် နေစက်လစက်ဘုရားအနောက်နှင့် မြကလပ်စေတီအနီး အစရှိသော မြေနေရာများပါဝင်လျှက် ထိုသို့ ပြန်လည်တိုင်းတာသတ်မှတ်ရာတွင် မြေဧက စုစုပေါင်း ၂၈၀.၃၉ ဧက၌ ကျူးကျော်နေထိုင်သူများအား အမှတ်စဉ်အလိုက်ပိုင်းခြားထားရာ ကျူး အမှတ် ၁ တွင် အိမ်ခြေ ၄ လုံး၊ ကျူး အမှတ် ၂ တွင် အိမ်ခြေ ၂၃ လုံ၊ ကျူး အမှတ် ၃ တွင် အိမ်ခြေ ၁၆ လုံး၊ ကျူး အမှတ် ၄ ရှိအိမ်ခြေများအား ရှောင်ကွင်းပေးခဲ့၊ ကျူး အမှတ် ၅ တွင် အိမ်ခြေ ၃၁ လုံး နှင့် ကျူးအမှတ် ၆ တွင် အိမ်ခြေ ၃၄ လုံး စသည်ဖြင့် တည်ရှိနေကြသည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကယားပြည်နယ် ဝန်ကြီးချုပ်မှ ယင်းနေရာများသို့ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ယခင်အုပ်ချုပ်ရေးစနစ်ကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်လာကြောင်း၊ လက်ရှိအိမ်ယာဆောက်လုပ်နေထိုင်သူများ၏ နေရာများအား သာသနာ့နယ်မြေအဖြစ်မှ ရှောင်ကွင်းနိုင်ရန် ပြောကြားခဲ့ပြီး နောက်မှ ထပ်မံလာရောက် ဆောက်လုပ်နေသူများရှိပါက ၎င်းတို့၏ တာဝန်သာဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ပြောကြားထားသည်။