spot_imgspot_imgspot_imgspot_img
Wednesday, December 4, 2024
spot_imgspot_imgspot_imgspot_img

အမှိုက် (သို့မဟုတ်) စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုစနစ်တကျ စွန့်ပစ်ရမလဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အမှိုက်ကို မိမိနေထိုင်ရာ အနီးဝန်းကျင်တွေမှာပဲ မီးပုံရှို့ တာတွေကို ပိုများလာပါတယ်။ ဒီလို အမှိုက်တွေကို မီးပုံရှို့တာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

လက်လွတ်စပယ် စွန့်ပစ်တဲ့ အမှိုက်တွေကလည်း ပတ်ဝန်းကျင်က ရေ၊လေ၊ မြေ စတာတွေကို ညစ်ညမ်းစေပြီ လူနဲ့ သတ္တဝါတွေကို တန်ပြန်ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် အမှိုက်တွေကို ဘယ်လိုစနစ်တကျစီမံပြီး စွန့်ပစ်သင့်သလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

အမှိုက် (သို့မဟုတ်) စွန့်ပစ်ပစ္စည်းဆိုတာဘာကို ဆိုလိုတာလဲ

စွန့်ပစ်ပစ္စည်းဆိုတာ လူနဲ့ တိရစ္ဆာန်တွေရဲ့ လုပ်ဆောင်ချက်တွေကနေ မလိုအပ်တဲ့ (ဒါမှမဟုတ်) မလိုချင်တဲ့ စွန့်ပစ်ဖယ်ထုတ်လိုက်တဲ့အရာတွေကို ဆိုလိုတာဖြစ်ပါတယ်။

အမှိုက်တွေထဲမှာ အစားအသောက်တွေကို ထုတ်ပိုးတဲ့ပစ္စည်းတွေ၊ အချိုရည်နဲ့ ရေသန့်ဘူးခွံတွေ၊ ပလတ်စတစ် အိတ်တွေ ၊ ဆေးလိပ်အတိုအတွာတွေနဲ့ ဘူးခွံအမျိုးမျိုးတွေကို အများဆုံးတွေ့ရပါတယ်။ အဲဒီ စွန့်ပစ်ပစ္စည်း အမှိုက်တွေဟာ ပတ်ဝန်းကျင်ကို အကျည်းတန်စေသလို အန္တရာယ်လည်း များစေပါတယ်။

ဒါတွေအပြင် အမှိုက်မှာ ပါဝင်တဲ့အဆိပ်အတောက်တွေနဲ့ ဓာတုညစ်ညမ်းပစ္စည်းတွေဟာ ပတ်ဝန်းကျင်ကို ပျက်စီးစေပြီး တိရစ္ဆာန်နဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဘေးကင်းလုံခြုံရေးဆိုင်ရာပြဿနာ ကိုလည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။

ဥပမာအနေနဲ့ စွန့်ပစ်ထားတဲ့ ဖန်ကွဲစတွေနဲ့ သတ္တုတွေဟာ လူတွေနဲ့ တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေ နိုင်ပါတယ်။ စက္ကူနဲ့ ပလတ်စတစ်တွေကတော့ ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေတတ်သလို၊ ရေနေသတ္တဝါတွေက အစာလို့ ထင်ယောင်ထင်မှားကာ စားသုံးမိတဲ့အတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။

အဲဒီအမှိုက် (သို့မဟုတ်) စွန့်ပစ်ပစ္စည်းတွေရဲ့ သက်ရောက်မှုက ဘာတွေဖြစ်လာနိုင်သလဲ

စွန့်ပစ်ပစ္စည်း (သို့မဟုတ်) အမှိုက်တွေဟာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေအနေနဲ့ မြေထုညစ်ညမ်းတာ၊ လေထုညစ်ညမ်းတာနဲ့ ရေထုညစ်ညမ်းတာကို ဖြစ်စေတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။

အမှိုက်စုပုံတဲ့နေရာ (သို့မဟုတ်) စွန့်ပစ်ဖို့နေရာ စနစ်တကျမထားဘဲ ကြုံရာစွန့်ပစ်မယ်ဆိုရင် အဲဒီအမှိုက် တွေဟာ မြေကြီးတွေကို ညစ်ညမ်းစေပြီး ကမ္ဘာကြီးကို ပူနွေးစေပါတယ်။ ဒါတွေအပြင် ကျက်စားတဲ့ တိရစ္ဆာန်တွေဟာလည်း ပလတ်စတစ်လို စွန့်ပစ်ပစ္စည်းတွေစားသုံးမိနိုင်တဲ့အတွက် အဆိပ်သင့်တာကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေတင်မကပါဘူး စွန့်ပစ်ပစ္စည်းတွေကို မီးရှို့လောင်ကျွမ်းစေတဲ့အခါ အခိုးအငွေ့တွေ၊ အက်ဆစ်မိုးတွေနဲ့ မှန်လုံအိမ်ဓာတ်ငွေ့ ကို ဖြစ်စေပါတယ်။ အဲဒီဓာတ်ငွေ့တွေဟာ လေထုတွေကို ညစ်ညမ်းစေပြီး ကမ္ဘာမြေကြီးရဲ့ အိုဇုန်းလွှာတွေ ကို ပျက်စီးစေသလို ရာသီဥတုပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

အမှိုက်စုပုံတဲ့နေရာ (သို့မဟုတ်) စွန့်ပစ်ဖို့နေရာ စနစ်တကျမထားဘဲ ကြုံရာစွန့်ပစ်မယ်ဆိုရင် အဲဒီအမှိုက် တွေဟာ မြေထုတခုတည်းမဟုတ်ဘဲ မြေအောက်ရေထုညစ်ညမ်းမှုကို ဖြစ်စေတာပါ။ ရေဟာ ဓာတုပစ္စည်းနဲ့ ဓာတ်ငွေ့တွေကို ပျော်ဝင်စေတဲ့အတွက် မြစ်ရေ၊ ချောင်းရေတွေကို ညစ်ညမ်းစေပါတယ်။ ဒါတွေအပြင် မိလ္လာကျင်းက အညစ်အကြေးတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို မြစ်ရေ၊ ချောင်းရေထဲ စွန့်ပစ်တာဟာ ငါးနဲ့ တခြားသော ရေနေသတ္တဝါအားလုံးကို ထိခိုက်စေပါတယ်။

ဓာတုပစ္စည်းနဲ့ အဆိပ်အတောက်တွေဟာ လေထု၊ မြေထုနဲ့ ရေထုတွေမှာ ရွှေ့လျားနိုင်ပါတယ်။ အဲဒီအရာတွေဟာ လူတွေရဲ့ အသက်ရှုဖို့ လေနဲ့ သောက်သုံးရေ အပါအဝင် အစားအစာကနေတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် အရေပြားယားယံတာ၊ သွေးနဲ့ ပတ်သက်တဲ့ရောဂါ၊ ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ တခြားနာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါဆို အမှိုက်ကို စနစ်တကျ ဘယ်လိုစီမံခန့်ခွဲမလဲ

လူ့ပတ်ဝန်းကျင်မှာ အမှိုက် (သို့မဟုတ်) စွန့်ပစ်ပစ္စည်းတွေကို လျှော့ချနိုင်ဖို့ တဦးချင်းစီမှာ တာဝန်ရှိပါတယ်။ ရပ်ရွာအတွင်း ပူးပေါင်းလုပ်ဆောင်ရွက်ရင်တော့ ပိုထိရောက်ပါတယ်။ အရင်ဆုံးမိသားစုတစု ဒါမှမဟုတ် တဦးစီရဲ့ အရာဝတ္ထုပစ္စည်းတွေ အသုံးပြုပုံနဲ့ စွန့်ပစ်ပုံကို ပြောင်းလဲရပါမယ်။

ပလတ်စတစ်နဲ့ မီးဖိုချောင်ထွက်စွန့်ပစ်ပစ္စည်းတွေဟာ ညစ်ညမ်းစေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် အချိုရည်ဘူး၊ ရေသန့်ဘူးတွေလို ပလပ်စတစ်ဘူးတွေကို တစု၊ သတင်းစာနဲ့ အသုံးပြုပြီးသား စက္ကူဟောင်းတွေကိုလည်း တစု၊ မီးဖိုချောင်ထွက်အမှိုက်နဲ့ စားကြွင်းစားကျန်တွေကိုတစု၊ အသုံးပြုပြီးသား အီလက်ထရောနစ်ပစ္စည်းဟောင်းတွေကိုလည်း တစု စသဖြင့် ခွဲခြမ်းစွန့်ပစ်ရမှာ ဖြစ်ပါတယ်။

ဘူးခွံနဲ့ ပလပ်စတစ်တွေကိုတော့ လက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုနိုင်ပြီး သစ်ရွက် ခြောက်နဲ့ တခြားအော်ဂဲန်းနစ် စွန့်ပစ်ပစ္စည်းတွေကို မီးရှို့မယ့်အစား အဲဒီအမှိုက်တွေကို မြေဆွေး၊ မြေဩဇာ ပြုလုပ်နိုင်ပါတယ်။

သုံးလို့မရတော့တဲ့ မီးသီးတွေ၊ ဘတ်ထရီအဟောင်းတွေနဲ့ ဓာတုပစ္စည်းလို အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်း တွေကို သီးသန့်သိမ်းဆည်းပြီး စနစ်တကျ စွန့်ပစ်ဖို့လိုပါတယ်။ စက္ကူ၊ ပလတ်စတစ်၊ သံထည် နဲ့ ဖန်ပုလင်း စတဲ့ ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်နဲ့ ပစ္စည်းတွေကိုတော့ ခွဲခြားသိမ်းထားပြီး ပမာဏများလာတဲ့အခါ စက်ရုံ (ဒါမှမဟုတ်) ပြန်လည်ဝယ်ယူတဲ့ နေရာတွေမှာ ရောင်းချလို့ရပါတယ်။

ဒီလိုအမှိုက်တွေကို ခွဲခြားစွန့်ပစ်ဖို့က မခက်ခဲပါဘူး။ ဒါပေမဲ့ ခွဲခြားစွန့်ပစ်ဖို့အတွက်တော့ ဘယ်စွန့်ပစ် အမှိုက်တွေက ပြန်အသုံးပြုလို့ရ၊ မရဆိုတာကိုလည်း သိဖို့လိုပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို ထိထိရောက်ရောက် ခွဲခြားစွန့်ပစ်ပေးတာက အမှိုက်ပုံတွေမှာ အမှိုက်တွေစုပုံလာတာ၊ အမှိုက်တွေကို လျှော့ချနိုင်ရုံသာမက လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ အမှိုက်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေကို လျော့ကြစေနိုင်မှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts