spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

“အရပ်သားပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကြားက အသက်လွတ်အောင် ပြေးခဲ့ရတဲ့ မိုင်းဖြတ်ဒေသခံများ”

Author

Date

Category

စောအယ်ကညော/ကန္တာရဝတီတိုင်း(မ်)

“စက်လှေသမားကလာပြီးတော့ ကူညီတာ စက်လှေသမားတစ်ယောက်ထိသွားတယ်။ သေသွားတယ်၊ ပြည်သူကျတော့ ၂ယောက်၃ယောက်လို့ ကြားရတယ်”

ဒီအကြောင်းကို ပြန်ပြောပြနေချိန်မှာ ဒေါ်စုလေးတစ်ယောက် တိုက်ပွဲဖြစ်နေတဲ့ ရွာကနေ ဘေးကင်းလုံခြုံတယ်လို့ ဆိုရမယ့် နေရာတစ်ခုမှာ ရောက်ရှိနေပါပြီ။ ဒေါ်စုလေးတို့ ရွာသူရွာသားတွေဟာ ရှမ်းပြည်တောင်းပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုင်းဖြတ်ကျေးရွာမှာနေထိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း စတဲ့သီးနှံ စိုက်ပျိုးရေးအလုပ်တွေလုပ်ရင်း အသက်မွေးကြရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နေရာဒေသအနှံ့တိုက်ပွဲတွေဖြစ်နေသလို ဒေါ်စုလေးတို့နေထိုင်တဲ့ မိုင်းဖြတ်ရွာအပါအဝင် ဖယ်ခုံမြို့တစ်ဝိုက်က နမ့််ဖာမူ၊ သဲတောင်၊ လင်ခါနဲ့ ဆောင်လန် စတဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒါကြောင့် မိုင်းဖြတ်ရွာအပါအဝင် အနီးအနားက တိုက်ပွဲဖြစ်နေတဲ့ရွာက ဒေသခံတွေဟာ ဘေးကင်းလုံခြုံရာကို အလျင်အမြန် ပြောင်းရွှေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်မှာတော့ မိုင်းဖြတ်ရွာနဲ့ မလှမ်းမကမ်းနီးစပ်တဲ့ ဆောင်လန်(တောင်)ရွာမှာ စစ်တပ်ကလေကြောင်းနဲ့ လာတိုက်ခိုက်လို့ နေအိမ်အချို့ပျက်စီးသွားခဲ့ပါတယ်။ ဘေးလွတ်ရာ ဖယ်ခုံအင်းရဲ့ တဖက်ကမ်းကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ လှေဆိပ်ကို လေယာဉ်နဲ့ လာကြဲခဲ့တာကြောင့် ပြည်သူ တွေထိခိုက်သေဆုံးတာရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ဒေါ်စုလေးက ပြောပြပါတယ်။

“၁၂နာရီကျော်လောက်က လာကြဲသွားတယ်။ အိမ်က၁လုံးပြိုသွားတယ်။ ၂လုံးက တော်တော်လေး ပျက်စီးသွားတယ်။ အဲ့ဒီဆောင်လန်(‌‌‌‌တောင်)က၊ ပြီတော့ ၅နာရီခွဲအချိန်မှာ ဟိုဝိုး လှေဆိပ်ကို လေယာဉ်နဲ့တစ်ခါ ပြန်လာကြဲတယ်။ ဒရုန်းနဲ့လည်း ချသေးတယ်၊ နောက်လေယာဉ်နဲ့ တစ်ခါပြန်လာကြဲတော့ လူ၃ယောက် ထိသွားတယ်။ အဲ့ဒါကပြည်သူတွေ စစ်ရှောင်ထွက်မယ့်လှေဆိပ်၊ အဲ့မှာ စက်‌‌လှေသမားကလာပြီး ကူညီတာ ကူညီတဲ့အတွက် စက်လှေသမားတစ်‌ယောက် ထိသွားတယ်။ သေသွားတယ်။” လို့ဒေါ်စုလေးက ပြောပြပါတယ်။

ယခင်တုန်းကတော့ အနီးအနားကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေပေမဲ့ မိုင်းဖြတ်ရွာကဒေသခံတွေဟာ နေလို့ရတဲ့ အလယ်ရွာနဲ့ အောက်ရွာတွေမှာ‌ ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဘေးရွာတွေပါ ဆက်နေလို့မလုံခြုံတော့တဲ့ အခြေအနေမှာ ဒေသခံပြည်သူတွေအားလုံးဟာ နေရပ်စွန့်ခွာပြီး ဘေးကင်းရာကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာကနေ ဘေးကင်းလုံခြုံတဲ့ နေရာရောက်ဖို့ ပြည်သူတွေဟာ လှေနဲ့ ဖယ်ခုံအင်းရဲ့ အခြားတစ်ဖက်ကမ်းကို လက်နက်ကြီးပစ်ခတ်မှုတွေကြားက ခက်ခက်ခဲခဲ အရောက်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၀ ရက်နေ့ မှာ ပဲ ပြည်သူတွေအသုံးပြုနေတဲ့ ဟိုဝိုး လှေဆိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သလို ၊ မိုးဖြတ်ဘက်က လှေဆိပ် ၂ခု ကိုလည်း စစ်ကောင်စီရဲ့ ခမရ ၃၃၆ တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပတ်ခတ်နေတယ်လို့ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦး မချစ်စုက ခုလိုပြောပါတယ်။

“လေယာဉ်နဲ့ပစ်တာတော့ ဟိုဝိုးဖက်မှာပေါ့နော်၊ ပြီးတော့ မိုင်းဖြတ်မှာဆို လက်နက်ကြီးနဲ့ပစ်တယ်။ လှေဆိပ်က၂ခုရှိတယ်။ တောင်ဖက်ရယ် မြောက်ဖက်ရယ်ပေါ့။ နောက်သူတို့ချိန်ထားပြီတော့ သူတို့ပစ်တာရှိတယ်” လို့ပြောပါတယ်။

အခုလိုဆိုးရွားတဲ့ အခြေအနေကြားမှာ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချန်ထားခဲ့ရပြီး ထွက်ပြေးခဲ့ရတဲ့အတွက် အရေးကြီးတဲ့ ပစ္စည်းနည်းနည်းသာ ယူလာခဲ့ရလို့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက်လည်း ခက်ခဲနေတယ်လို့ မချစ်စုက တုန်ရီနေတဲ့အသံနဲ့ ပြောပါတယ်။ အခုအချိန်ဟာ ရာသီ သီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်တဲ့အလျောက် သီးနှံစပါးခင်းတွေကို ချန်ပြီး ဘေးကင်းရာကို တိမ်းရှောင်လာကြရတာ ဖြစ်ပါတယ်။

မိုင်းဖြတ်ရွာမှာ အိမ်ခြေ ၁၀၀နီးပါးနဲ့ ခန့်မှန်းခြေလူဦးရေ ၇၀၀ခန့်ရှိပြီး အပေါ်၊ အလယ်၊ အောက်ရွာ က လူဦးရေပေါင်း ၂၀၀၀ နီးပါးရှိတယ်လို့ ‌‌ဒေသခံတွေဆီကနေ သိရပါတယ်။

ရွာကနေ ထွက်ခွါလာတာ မကြာသေးတာကြောင့် မိုင်းဖြတ်ရွာက ပြည်သူတွေဟာ ဖယ်ခုံအင်း တစ်ဖက်ကမ်းက နီးစပ်ရာဆွေမျိုး၊ အသိမိတ်ဆွေတွေရဲ့ ရွာကနေအိမ်တွေမှာ လိုက်ပြီးနေထိုင်ကြရပါတယ်။ အခုလက်ရှိမှာ‌‌‌‌‌‌‌တော့ သူတို့ကို လက်ခံပေးထားတဲ့ ရွာကရွာခံတွေက ထောက်ပံ့ပေးထားတဲ့ ဆန်နဲ့ ရိက္ခာ အချို့ကိုသာ မှီခိုစားသောက်ရင်း လတ်တလောလိုအပ်ချက်ကို ဖြေရှင်းနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts