လဲသျို့ ( ကန္တာရဝတီတိုင်း(မ်) )
ကရင်နီပြည်ထဲကို အရပ်သားပုံစံနဲ့ ဖြတ်သန်းနေတဲ့ သူစိမ်းအမျိုးသား သုံးဦးကို KNDF B-03 တာဝန်ကျရဲဘော်တွေက မင်္သကာလို့ စစ်ဆေးရာမှ စစ်ကောင်စီတပ်သားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးထားတယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာ KNDF B-03 ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖယ်ခုံမြို့နယ်ထဲကို ဝါရီဆူးပလိုင်ကျေးရွာကနေ ဖြတ်သန်းသွားလာရာမှ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူသုံးဦးမှာ စစ်ကောင်စီတပ်မှ တပ်မ ( ၆၆ ) က တပ်သားတွေဖြစ်ပြီး အခုလက်ရှိမှာတော့ KSP ကို အပ်နှံထားတယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ကျနော်တို့ကတော့ အဓိကကတော့ KSP လက်ထဲကို အပ်လိုက်တယ်ပေါ့နော။ KSP လက်ထဲအပ်ပြီးတော့ သူတို့ဟာသူတို့ စစ်ဆေးခိုင်းတယ်ပေါ့နော။ သူတို့ဟာသူတို့ KSPကပဲ တာဝန်ယူပေးတာပေါ့နော။ ဖမ်းဆီးတဲ့လူတွေကို KSP လက်ထဲအပ်တယ်ခင်ဗျ။ “ လို့ ၎င်းက ပြောပါတယ်။
KNDF B-03 ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေးနေတာဖြစ်ပြီး အခုလိုစစ်ဆေးတာ ဒီကနေ့ ( မေလ ၉ရက်နေ့ ) အထိ ၄ ရက်မြောက်သွားပြီလို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ကျနော်တို့ ဒီဘက်ပိုင်းစစ်တာကတော့ မနေ့ညကပဲ စစစ်တာ စစ်တော့ ဘီယာတွေကို ကျနော်တို့ တစ်ခါတည်း ပြန်ဖျက်ခိုင်းတယ်ပေါ့နော။ ဘီယာဖာတွေကို တစ်ခါတည်း ကားနဲ့ ပြန်ကြိတ်လိုက်တယ်ပေါ့နော။ သူတို့ မောင်းလာတဲ့ ကားနဲ့ အဲ့လိုမျိုးပဲ တစ်ခါတည်းပေါ့နော။ မနေ့ညနဲ့ သန်မြန်နေ့ညကပဲ ကျနော်တို့ စစစ်တယ်ပေါ့နော။ ကျန်တဲ့အပိုင်း အရင် တစ်ရက်နှစ်ရက်က ကျနော်တို့ စစ်တာကတော့ အဲ့လောက်အထိ မများသေးဘူးပေါ့နော။ “ လို့ ၎င်းက ဆက်ပြောပါတယ်။
ဖယ်ခုံမြို့နယ်အတွင်းရှိ ဖယ်ခုံမြို့၊ မိုးဗြဲမြို့ ၊ အရှေ့ဘက်ကမ်းအုပ်စု၊ ခေါင်းအိအုပ်စု၊ ရီနွဲ့အုပ်စု၊ ရီလုံရီကန်အုပ်စု၊ ပင်လောင်းအုပ်စု၊ ပေါင်းလောင်းအုပ်စု အတွင်းမှာနေထိုင်တဲ့ လူထုတွေအနေနဲ့ စစ်တပ်ထုတ်ကုန်နဲ့ တရုတ်ပစ္စည်းတွေကို အသုံးမပြုကြပဲ Boycott ပြုလုပ်ကြဖို့ KNDF B-03 က ပြီးခဲ့တဲ့ ဧပြီလကတည်းက အသိပေး ကြေညာစာတွေနဲ့ ကြေညာခဲ့ပါတယ်။