၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် မေလ ၂၁ရက်နေ့ကနေစတင်ပြီး ဒီးမော့ဆိုမြို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် လူနေအိမ်၊ အဆောက်အအုံ ပျက်စီးမှုတွေရှိသလို စစ်ကောင်စီဖက် လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်း ပစ်ခတ်မှုတွေကြောင့်လည်း နေအိမ် ပျက်စီးတာတွေ ရှိပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာဆိုရင် အဆောက်အဦး ပျက်စီးမှု ၃၉၇ လုံး ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ရဲ့ ဇူလိုင်လ ၂၁ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်က ဒေသခံနှစ်သိန်းနီးပါးဟာလည်း တိုက်ပွဲတွေကြားထဲက အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်နေရပြီး ဒီးမော့ဆိုမြို့နယ်တစ်ခုထဲ ဒေသခံ ၇သောင်း ၈ထောင်ကျော် စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်တွေဟာ တစ်နှစ်ကျော်တဲ့အထိ နီးစပ်ရာကျေးရွာ ဆွေမျိုးတွေ၊ စစ်ရှောင်စခန်းတွေ၊ တခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။
စစ်ရှောင်စခန်းမှာ ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့အတွက် စစ်ရှောင်တွေဟာ အလှူရှင်တွေကိုပဲ အဓိက မှီခိုနေရပါတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင် ဘယ်နဒယ်တာက သူ့ရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“ဒီမှာက ဘားမှ တောင်ယာလည်းမရှိ၊ လယ်ယာလည်းမရှိဆိုတော့ ဘားမှ လုပ်ကိုင်စားသောက်စရာနေရာလည်း မရှိဘူးပေါ့နော။ ခြံသေးသေးလေး နည်းနည်းတစ်ခြံတော့ လုပ်စားတယ်။ ဒါပေမယ့် ပဲသီး အဲ့ဒီလောက်ပဲ။ စပါးတွေခါကျတော့ လုပ်စားလို့ မရဘူး။”
သူ့ရဲ့နေရပ်ဖြစ်တဲ့ ဒီးမော့ဆိုမြို့ စံပြ၆မိုင်ကျေးရွာမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
နေ့စဉ်နီးပါးနှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေရှိသလို စစ်ကောင်စီတပ်စခန်းကိုလည်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေရှိနေပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့နေရာမှာ အပြင်းထန်ဆုံးနဲ့ အင်အားအများဆုံးက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ဒေသတွေမှာရှိတဲ့ လူငယ်တွေကနေ စုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။
သူတို့ရဲ့ နေရပ်တွေဟာလည်း အခုဆိုရင် စစ်မြေပြင်တွေဖြစ်နေတဲ့အတွက် ပြန်လည်နေထိုင်နိုင်ခြင်း မရှိပါဘူး။ အဲ့ဒီအထဲမှာ KNDF B-01 တပ်ခွဲ( ၁ ) တပ်စု ၂မှာ ရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ ရဲဘော် မက်ခါသီး ဟာဆိုရင်လည်း ဒီးမော့ဆိုမြို့ ဒေသခံ တစ်ဦး ဖြစ်ပါတယ်။ တော်လှန်ရေးကာလပြီးရင်တော့ အိမ်ပြန်ချင်တယ်လို့ မက်ခါသီးက ဆိုပါတယ်။
“ ဒီတော်လှန်ရေးပြီးလို့ရှိရင် ကျနော် မိသားစုနဲ့ ပြန်နေချင်ပါတယ်။ ကိုယ့်ရဲ့ ဘဝ တစ်ခုကို ပြန်ပြီးတော့ တည်ဆောက်မယ်ပေါ့။ ပြီးတော့ ရပ်ရွာ အကျိုးပဲ ဖြစ်ဖြစ် ပြန်ပြီးတော့ သယ်ပိုးမယ်လို့ တွေးထားပါတယ်။“
နေရပ်ပြန်နိုင်မယ့်နေ့ဟာ အရေးတော်ပုံအောင်မယ့်နေ့ဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဆက်လက်အားတင်းထားကြဖို့ ရဲဘော် မက်ခါသီးက ဆက်ပြောပါတယ်။
“ဆက်ပြီးတော့ အားတင်းထားကြမယ်။ ကျနော်တို့ တော်လှန်ရေးလုပ်လာတာ တစ်နှစ်ကျော်ရှိပြီ တချို့ကျတော့ စိတ်ပျက်ကြမယ်။ စိတ်ဓာတ်ကျကြမယ်။ ဒါပေမယ့် ဘယ်လိုမျိုး အားပြန်တင်းထားရမလဲဆိုရင် ကျနော်တို့ဆီမှာ ပေးဆပ်သွားတဲ့လူတွေရှိတယ်။ အသက်ကော ခန္ဓာကော အချိန်ကော အဲ့လိုမျိုး ပေးဆပ်သွားတဲ့လူတွေလည်းရှိတယ်။ ရာထူး၊ ရာခံပေါ့နော။ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကိုစွန့်ပြီးတော့ တော်လှန်ရေးထဲကို ဝင်လာတာ ဖြစ်တယ်။ ဒါဆို ကျနော်တို့က ဘာပဲပေးနိုင်လဲဆိုရင်တော့ လုပ်အားရယ်။ ကျနော်တို့ရဲ့ လူအင်အားပေါ့နော။ အဲ့ဒါတွေဖြစ်နိုင်တဲ့အတွက် ကျနော်တို့တော်လှန်ရေးကို ပြီးတဲ့အထိ အတူတူသွားကြမယ်။ ပြီးတော့ အခုအချိန်မှာ ကျနော်တို့ မဟာမိတ်အဖွဲ့တွေ ဖွဲ့ထားတာရှိတယ်။ အဲ့ဒီမဟာမိတ်အဖွဲ့နဲ့ သွားပြီးတော့ ပူးပေါင်းတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ အဲ့ဒီအဖွဲ့ကို ကျနော်တို့ သတိရနေမယ်။ သူတို့ပြန်လာတဲ့အထိ ကျနော်တို့ စောင့်နေမယ်။ ကျနော်တို့ တော်လှန်ရေးပြီးတဲ့အထိ သူတို့နဲ့ ဖြတ်သန်းသွားမယ်လို့ ကျနော်တို့ အဲ့ဒီလိုတွေးပြီးတော့ ကျနော်တို့ အားတင်းထားကြမယ်။ အားယူထားကြမယ်နော။”
တော်လှန်ရေးကာလမှာ ဒီးမော့ဆိုမြို့က စစ်ဇုန်ဖြစ်နေတာပါ။ တိုက်ပွဲတွေမရှိတော့တဲ့တနေ့၊ ကိုယ့်ရပ်ကိုယ့်ရွာမှာပြန်လည်နေထိုင်ရမယ့် တနေ့နေ့ကို အထူးသဖြင့် စစ်ရှောင်တွေက မျှော်လင့်စောင့်စားနေကြရဆဲပါပဲ။
“ ဒီးမော့ဆိုက ရွာသားတွေတော့ အိမ်မပြန်နိုင်သေးပါဘူး။ သူတို့ အိမ်ပြန်နိုင်ဖို့ ဆိုတာ အရေးတော်ပုံအောင်မှ အိမ်ပြန်နိုင်မှာ ဖြစ်တယ်။ အခုလောလောဆယ်တော့ အိမ်တွေကို ဒီအတိုင်းစွန့်ခွာသွားကြတဲ့ သူတွေပါ။”